5 Minutes To Read

စစ်အာဏာသိမ်းမှုနှင့် ကပ်ဘေးအန္တရာယ်ဆိုးစသည့် ပဋိပက္ခနှစ်ရပ်အား ကြံ့ကြံ့ခံနိုင်မှု

5 Minutes To Read
  • English
  • ငွေမင်းတာရာ (ကလောင်အမည်) အနေဖြင့် မြန်မာပြည်သူလူထု၏ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုတို့အား ရင်ဆိုင်ကျော်လွှားရာတွင် မြန်မာပြည်တွင်းရှိ အသိုက်အဝန်းများ၏ ကူညီထောက်ပံ့မှုများနှင့် ပတ်သက်၍ ၎င်း၏ အမြင်ကို ဖော်ထုတ်ရေးသားထားပါသည်။

    ဖေဖော်ဝါရီတစ်ရက်နေ့ စစ်အာဏာသိမ်းမှု

    မြန်မာစစ်တပ်အနေဖြင့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတစ်ရက်နေ့တွင် မည်သူမျှ ထင်မှတ်တွက်ဆထားခြင်း မရှိသည့် စစ်အာဏာသိမ်းမှုကို ကြေငြာခဲ့ပြီး ၎င်းဖြစ်ရပ်ကြောင့် နိုင်ငံနှင့်အဝှမ်း စီးပွားရေးလုပ်ငန်းများအား ကြီးစွာသည့် ရိုက်ခတ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ စစ်အာဏာသိမ်းမှုစတင်သည့် ပထမနေ့တွင်ပင် ပြည်သူများအနေဖြင့် ဘဏ်များတွင် တန်းစီစောင့်ဆိုင်းကာ ၎င်းတို့၏ စုငွေများကို ထုတ်ယူခဲ့ကြသည်။ စျေးများတွင်လည်း ပြည်သူများအနေဖြင့် စားသောက်ကုန်များအား ကြောက်လန့်တကြားများပြားစွာ ဝယ်ယူခဲ့ခြင်းများရှိခဲ့ကြသည်။ အခြေခံလူသုံးကုန်၊စားသောက်ကုန်များ သိသာစွာစျေးနှုန်းမြင့်တက်ခြင်းများ မရှိခဲ့သော်လည်း ဆိုင်များတွင် တန်းစီစောင့်နေသော လူအများရှိခဲ့ကြသည်။ ရက်သတ္တပတ် အနည်းငယ် ကြာမြင့်ပြီးချိန်တွင်မူ ပြည်သူများအနေဖြင့် အစိုးရနှင့် ဘဏ်များအပေါ် ယုံကြည်မှုကင်းမဲ့လာကြသည့်အတွက် ငွေသားပြတ်လပ်မှုများနှင့် ကြုံတွေ့လာရသည်။ သို့ရာတွင်လည်း မြန်မာနိုင်ငံရှိ AYA, CB နှင့် KBZ အစရှိသည့် ဘဏ်များ၏ မိုဘိုင်းလ်ဘဏ်စနစ်များနှင့် Wave Money နှင့် KBZ အစရှိသည့် ဖုန်းမှတဆင့် ငွေလွှဲဝန်ဆောင်မှုများ ကောင်းမွန်စွာလည်ပတ်နေသေးသည့်အတွက် အများပြည်သူများအနေဖြင့် ယုံကြည်မှုတစုံတရာ ရှိခဲ့ကြသည်။ စစ်အာဏာသိမ်းမှုသည် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအား လည်မျိုကိုညှစ်ကာ ဝါးမြိုခဲ့သည်။ ၎င်းကြောင့် ပြည်တွင်းရှိလုပ်ငန်းများ တိုးတက်မှုအရှိန်လျော့ခဲ့ရသည်။ နိုင်ငံတကာလုပ်ငန်းများအနေဖြင့် မြန်မာပြည်တွင်းမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြသည်။ အထည်ချုပ်လုပ်ငန်းများ ပိတ်သိမ်းမှုများနှင့်လည်း ကြုံတွေ့ခဲ့ရပြီး ဘဏ်များအနေဖြင့်လည်း ကောင်းစွာလည်ပတ်နိုင်ခြင်း မရှိခဲ့ပေ။ မှောင်ခိုစျေးကွက်များလည်း တကျော့ပြန်အသက်ဝင်လာခဲ့သည်။ စစ်အာဏာသိမ်းမှုစတင်ပြီး အချိန်တိုအတွင်းမှာပင် နိုင်ငံနှင့်အဝှမ်းရှိ သန်းနဲ့ချီသည့်ပြည်သူအများသည် ကိုဗစ်ကပ်ရောဂါအား ကာကွယ်ရန် တားမြစ်ထားသည့် ပိတ်ပင်ကန့်သတ်မှုများကြားကပင် လမ်းပေါ်ထွက်ဆန္ဒပြခြင်းများ ပြုခဲ့ကြသည်။  ကိုဗစ်-၁၉ ကပ်ရောဂါအကြား လူစုလူဝေးဖြင့် ဆန္ဒပြခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများထက် စစ်အာဏာသိမ်းမှုသည်သာ ၎င်းတို့၏ အနာဂတ်အား ရိုက်ချိုးဖျက်ဆီးပစ်နိုင်သည့် နိုင်ငံတော် ခြိမ်းခြောက်မှုဟု သိရှိနားလည်ခဲ့ကြသည်။ ပြည်သူအများအနေဖြင့် အစပိုင်းတွင်မူ စစ်အာဏာသိမ်းမှုသည် နိုင်ငံရေးအာဏာရှိသူများ၊ နိုင်ငံရေး ရေပေါ်ဆီများအကြား ခေတ္တခဏသာပေါ်ပေါက်သည့် နိုင်ငံရေးပဋိပက္ခဟု ယုံကြည်ခြင်းများရှိခဲ့ကြသည်။ သို့ရာတွင်လည်း ကာလကြာမြင့်လာသည်နှင့် တပြိုင်နက် ၎င်းအာဏာလွန်ဆွဲမှုများသည် လျင်မြန်စွာဖြေရှင်းနိုင်လိမ့်မည် မဟုတ်ဟု သိရှိလာခဲ့ကြသည်။.  ထို့ကြောင့် စစ်အာဏာသိမ်းမှုအား နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သည်။ ၎င်းလှုပ်ရှားမှုများအနက်တွင် အကြမ်းမဖက်အာဏာဖီဆန်သည့် လှုပ်ရှားမှုလည်း သည် ထင်ရှားသည့် လှုပ်ရှားမှုဖြစ်ပြီး ၎င်းလှုပ်ရှားမှုတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဘဏ်များရှိ အလုပ်လုပ်ကိုင်ကြသူများ၊ အင်ဂျင်နီယာများ၊ ဆရာ၊ဆရာမများ၊ ရှေ့နေများနှင့် အခြားပြည်သူများလည်း ပါဝင်ပြီး နိုင်ငံနှင့်အဝှမ်း အတိုင်းအတာဖြင့် လုပ်သားပြည်သူ သပိတ်များတွင် ပါဝင်ခဲ့ကြသည်။ ယနေ့အချိန်အထိမူ CDM သည် စစ်အာဏာသိမ်းမှုအားဖီဆန်ရာတွင် အခရာကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေဆဲဖြစ်သည်။ ထိုကဲ့သို့ သပိတ်မှောက်သည့် လုပ်ရပ်ကြောင့် စစ်အုပ်စုအနေဖြင့် နိုင်ငံတော်အား ပုံမှန်လည်ပတ်ရန် ကြိုးပမ်းမှုများကို ကြီးစွာသည့် အဟန့်အတားဖြစ်စေခဲ့သည်။ ရှစ်လကြာ ကြာမြင့်ပြီးချိန်တွင်မူ ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ပြည်သူအများသည် စိတ်ထောင်းကိုယ်ကြေခံစားလာခဲ့ကြရသည်။ အလုပ်အကိုင်ရှားပါးမှုနှုန်းများ တဟုန်ထိုးမြင့်တက်လာခဲ့ပြီး ဘဏ်များအနေဖြင့်လည်း ငွေသားရှားပါးပြတ်လပ်ခြင်းနှင့် ကြုံတွေ့လာခဲ့ရသည်။ မြန်မာကျပ်ငွေတန်ဖိုး သိသာစွာပင် ကျဆင်းသွားခဲ့ပြီး စီးပွားရေးလုပ်ငန်းလည်ပတ်မှုများလည်း အရှိန်နှေးကွေးသွားခဲ့သည်။ လောင်စာဆီစျေးနှုန်းများ အဆမတန်မြင့်တက်လာခဲ့ပြီး ပြည်တွင်းကုန်ပစ္စည်းများအား သယ်ယူပို့ဆောင်ရာတွင် အဟန့်အတားများ ဖြစ်လာခဲ့သည်။ ၎င်းအပြင် ကိုဗစ်-၁၉ ကပ်ရောဂါ၏ Delta မျိုးကွဲသည် ၂၀၂၁ ဇွန်လမှစတင်၍ နိုင်ငံနှင့်အဝှမ်းအား ပျံနှံ့သွားခဲ့သည်။ လူ့အသက်အန္တရာယ်အား ခြိမ်းခြောက်သည့် ၎င်းမျိုးကွဲနှင့် စစ်အာဏာသိမ်းမှု၏ ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်များ စုပေါင်းလိုက်သည့်အခါ မြန်မာနိုင်ငံရှိဖြစ်ရပ်များအား “Coupvid” ဟုပင် ခေါ်တွင်ကာ ပြည်သူများအနေဖြင့်လည်း ပြင်းထန်သည့် စိန်ခေါ်မှုကို ခံစားခဲ့ကြရသည်။ ၎င်းဖြစ်ရပ်များကြောင့် မြန်မာပြည်သူလူထု၏ ကြံ့ကြံ့ခံနိုင်စွမ်းသည်လည်း စမ်းသပ်ခံခဲ့ရသည်။ ကြံ့ကြံ့ခံနိုင်မှုဆိုသည့် စကားရပ်အား အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ကာလံဒေသံပေါ်မူတည်၍ ဖွင့်ဆိုရမည်ဖြစ်သည်။ Patrick Sakdapolrak နှင့် Markus Keck  တို့က လူမှုရေး  ကြံ့ကြံ့ခံနိုင်မှုဆိုသည့် စကားလုံးအား အဓိပ္ပာယ်ဖွင့်ဆိုရာတွင် “လူမှုအသိုင်းအဝိုင်းအနေဖြင့် ကြုံတွေ့လာရသည့် ခြိမ်းခြောက်မှုများအား သည်းခံနိုင်စွမ်း၊ လက်ခံနိုင်စွမ်း၊ လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်စွမ်းနှင့် ပြောင်းလဲနေထိုင်စွမ်းဖြစ်သည်” ဟု ဖွင့်ဆိုထားခဲသည်။[1] ဘေးအန္တရာယ်အများစုမှာ ဆိုင်ကလုန်းမုန်တိုင်းနှင့် ရေကြီးရေလျှံခြင်း အစရှိသည့် သဘာဝဘေးအန္တရာယ်များဖြစ်ကြသည်။ သို့သော်လည်း လူကြောင့်ဖြစ်သော ကပ်ဘေးများဖြစ်သည့် ပြည်တွင်းစစ်များ၊ အာဏာရှင်ဆန်သည့် အကြမ်းဖက်မှုများ၊ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ဖိနှိပ်ထားသည့် မူဝါဒများအား ရင်ဆိုင်ရာတွင်လည်း လူမှုရေးဆိုင်ရာ  ကြံ့ကြံ့ခံနိုင်မှုခံနိုင်မှုများသည် အရေးပါလှသည်။[2] မြန်မာနိုင်ငံ၏ဖြစ်ရပ်အား ကြည့်မည်ဆိုပါက ကြံ့ကြံ့ခံနိုင်မှု၊ ကြံ့ကြံ့ခံရပ်တည်နိုင်မှုဆိုသည်မှာ လူကြောင့်ဖြစ်သည့် မလိုလားအပ်သော ကပ်ဘေးအန္တရာယ်များအား ရင်ဆိုင်ရခြင်းဖြစ်သည်။ စစ်အာဏာသိမ်းမှုသည် အောင်မြင်မှုမရှိသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် ကမ္ဘာ့နိုင်ငံများနှင့်အဝှမ်း လူခြောက်သန်းခန့် သေဆုံးခဲ့ကြောင်း  တရားဝင်ထုတ်ပြန်ထားမှုများအရ သိရှိနိုင်ပါသည်။ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက်မှုများအား ရပ်တန့်ရန်နှင့် ပဋိပက္ခတွင် ပါ၀င်ပတ်သက်နေသည့် အဖွဲ့အစည်းအချင်းချင်းအကြား စကားပြောဆိုဆွေးနွေးရန် တိုက်တွန်းနေသည့်ကြားမှပင် ပြည်သူအများ၏ ဒုက္ခဆင်းရဲများမှာ ပိုမိုမြင့်တက်လာခဲ့ရသည်။ ယိုယွင်းပျက်စီးနေသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် တအိအိပြိုကျလာသည့် စီးပွားရေးများအကြား ပြည်သူများအနေဖြင့် လူမှုရေးပဋိပက္ခများအား ကြံကြံခံနိုင်ရန် နည်းလမ်းများရှာဖွေရမည်ဖြစ်သည်။ ယခုဆောင်းပါးသည် မြန်မာပြည်သူများအနေဖြင့် စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင် နိုင်ငံရေးနှင့် ကပ်ရောဂါဘေး၏ အကြမ်းဖက်မှုများအား ကြုံတွေ့ရခြင်းအပေါ် ပြည်သူများအနေဖြင့် မည်သို့မည်ပုံကြံကြံခံခြင်းကို ဖော်ထုတ်ရေးသားထားခြင်းဖြစ်ပါသည်။ ယခုဆောင်းပါးရေးသားရန် သုတေသနပြုခြင်းများသည် စာရေးသူ၏ ကိုယ်တွေ့အတွေ့အကြုံများကို အခြေခံထားသော်လည်း စစ်အုပ်စုအား ဖီဆန်သည့် အပြောအဆို၊ အရေးအသားများပြုလုပ်ခြင်းအတွက် ပေါ်ပေါက်လာနိုင်သည့် အန္တရာယ်များအတွက် အခြားသော အသေးစိတ်အချက်အလက်များ စုဆောင်းခြင်းအပေါ် အမည်နာမများ ဖော်ထုတ်ထားခြင်းမရှိပါ။ ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ထောက်ပံ့ကူညီမှုများအတွက် မီဒီယာအရင်းအမြစ်များ ထည့်သွင်းရေးသားနိုင်သည့် နေရာများတွင် ထည့်သွင်းရေးသားသွားမည်ဖြစ်သည်။

    ကိုဗစ်-၁၉ တတိယလှိုင်း ကပ်ဘေးအား ရန်ကုန်မြို့တွင် ရင်ဆိုင်ကျော်လွှားရခြင်း

    နိုင်ငံနှင့်အဝှမ်း ဆန္ဒပြမှုများ မြင့်တက်လာခြင်းကြောင့် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် အကြမ်းဖက်ဖြိုခွင်းမှုများလည်း မြင့်တက်လာခဲ့သည်။ အကြမ်းမဖက်သည့် ဆန္ဒပြပြည်သူများအပေါ် စစ်တပ်၏ ညှင်းပန်းသတ်ဖြတ်မှုများကြောင့် မြို့ကြီးပြကြီးတွင် သပိတ်များတိုးလျှိုးပျောက်ကွယ်သွားခဲ့ကြပြီး သပိတ်မှောက်သူအနည်းငယ်မျှသာ လျှပ်တပြက်ဆန္ဒပြခြင်းများ ပြုခဲ့ကြသည်။ ကျန်းမားရေးဝန်ထမ်များ ပြတ်လပ်မှုကြောင့် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးနှင့် ထိန်းချုပ်ရေးအစီအမံများလည်း ကောင်းစွာလည်ပတ်နိုင်ခြင်းမရှိပေ။ အများပြည်သူအနေဖြင့် နေ့စဥ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုများအား သိရှိနိုင်ခြင်း မရှိတော့သည့်အတွက် ရောဂါပိုးများသည်လည်း ထိန်းချုပ်ကန့်သတ်ခြင်းကင်းမဲ့စွာပင် ကူးစက်ပြန့်ပွားခဲ့သည်။ စစ်တပ်မှထိန်းချုပ်ထားသည့် သတင်းမီဒီယာများတွင်ပါရှိသော သတင်းများအား ပြည်သူလူထုမှ အတုအယောင် သတင်များဟုသာ သတ်မှတ်ခဲ့ကြသည်။

    ၂၀၂၁ခုနှစ် ဇွန်လအကုန်တွင် ကိုဗစ် တတိယလှိုင်းသည် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် စစ်ကိုင်းတိုင်းရှိ ကလေးမြို့တွင် စတင်ခဲ့သည်။ စစ်တပ်၏ ကျန်းမာရေးဌာနအနေဖြင့် ခရီးသွားလာခွင့်ကန့်သတ်ခြင်းများနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလမ်းစဥ်များဖြစ်ကြသည့် အနေအထိုင် စောင့်ကြည့်ကန့်သတ်ခြင်းနှင့် ရောဂါစစ်ဆေးခြင်းများကိုလည်း မပြုလုပ်ခဲ့ပါ။ မကြာမီတွင်ပင် ထိုဒေသအနီးတဝိုက်ရှိ ကျေးလက်များနှင့် မြို့များပါ ရောဂါကူးစက်ခံခဲ့ကြရသည်။ လေ့လာသုံးသပ်သူများ၏ အဆိုအရ စစ်တပ်အနေဖြင့် ဆန္ဒပြမှုများကို ထိန်းချုပ်နိုင်စွမ်းမရှိသည့်အတွက် ကိုဗစ်-၁၉ ရောဂါပိုးအား စစ်တပ်မှ ရည်ရွယ်ချက်ရှိရှိ ပျံ့နှံစေခဲ့သည်ဟု ယုံကြည်ခဲ့ကြသည်။ ကျန်းမားရေးဌာနရှိ မည်သည့် အာဏာပိုင်ကမျှ ကိုဗစ် ၁၉ တတိယလှိုင်းနှင့် ပတ်သက်၍ သတိပေးမှုများကို ပြုလုပ်ခဲ့ခြင်းမရှိခဲ့သော်လည်း ပြည်သူများ၏ ကိုဗစ်-၁၉ ကပ်ရောဂါအား ကြုံတွေ့ခဲ့ရဖူးသည့် ယခင်အတွေ့အကြုံများအရ ၎င်းကူးစက်ရောဂါပိုးသည် အိန္ဒိယနိုင်ငံမှ ဝင်ရောက်လာသည့် မျိုးကွဲဟု ပြည်သူလူထုမှ သိရှိကာ သတိထားပြင်ဆင်နိုင်ခဲ့ကြသည်။

    နိုင်ငံတော်၏ စီးပွားရေးအချက်အခြာဖြစ်သော ရန်ကုန်မြို့တွင်လည်း ဇူလိုင်လမှ စတင်၍ အသက်သေဆုံးမှုနှုန်းများ မြင့်တက်လာခဲ့သည်။ မီးသဂြိုလ်စက်များနှင် သင်္ချိုင်းများတွင် အလောင်းများတောင်ပုံရာပုံဖြစ်လာခဲ့သည်။ အများအကျိုးဆောင် ပရဟိတအဖွဲ့အစည်းများမှ ကောက်ယူရရှိသည့် သတင်းအချက်အလက်များနှင့် အရေးပေါ်လူနာတင်ကား မောင်းနှင်ကြသည့် ယာဥ်မောင်းများ၏ ပြောစကားများအရ လူသေဆုံးမှုနှုန်းများမှာ စစ်တပ်မှ တရားဝင်ထုတ်ပြန်သည့် ကိန်းဂဏန်းများထက် များပြားပြီး အဆိုးရွားဆုံးဖြစ်သည့် ဇူလိုင်လတွင်မူ နေ့စဥ် လူသေဆုံးမှု ၁၅၀၀ မှ ၂၀၀၀ အတွင်းရှိခဲ့ကြောင်း သိရှိရပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် သေဆုံးခဲ့ကြသည့် လူဦးရေမှာ လွန်စွာသိသာထင်ရှားသော်လည်း စစ်တပ်၏ သတင်းပြန်ကြားရေးဌာနများအနေဖြင့် ကိုဗစ်-၁၉ ကြောင့် လူသေဆုံးမှုနှုန်းအားလျှော့၍ထုတ်ပြန်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါပိုးအား ထိန်းချုပ်နိုင်သယောင် ထုတ်ပြန်ခဲ့ကြသည်။ ဥပမာအနေဖြင့် ဇူလိုင်လ ၂၈ ရက်နေ့တွင် စစ်တပ်၏ သတင်းထုတ်ပြန်မှုအရ ရန်ကုန်တိုင်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသည့်လူဦးရေ ၇၈ ဦးရှိသည်ဟု ပြောဆိုခဲ့သော်လည်း ပိုမိုတိကျသည့် သတင်းရင်းမြစ်များအရ ထိုနေ့တွင် မြေမြှုပ်သဂြိုလ်ခဲ့ကြသည့် အလောင်းများ ၁,၄၀၄ လောင်း ရှိခဲ့သည်ဟု သိရှိရပါသည်။

    ပြည်သူများအနေဖြင့် ယုံကြည်အားထားနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ မရှိသည့်အတွက် မိသားစုဝင်များအနေဖြင့် ၎င်းတို့၏ အိမ်များတွင် အောက်ဆီဂျင်များ ဝယ်ယူထားခဲ့ကြရသည်။ မိသားစုဝင်များ၏ သူငယ်ချင်းများ၊ မိသားစု ဆရာဝန်များနှင့် အကြမ်းမဖက် အာဏာဖီဆန်သည့် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဖုန်းများမှတဆင့် ကျန်းမာရေးအကြံပြုချက်များ ပေးအပ်ခဲ့ကြသည်။ စစ်ဆေးရုံများ၊ အခြားသောဆေးရုံများနှင့် ကိုဗစ်-၁၉ ကုသရေးစင်တာများ ဖွင့်လှစ်ထားခဲ့သော်လည်း ၎င်းနေရာများအနေဖြင့် လူနာများအား ကောင်းစွာလက်ခံနိုင်ခဲ့ခြင်းမရှိပေ။ အချို့သော လူနာများမှာ ၎င်းနေရာများတွင် ကုသမှုခံယူရန်ကိုပင် ငြင်းဆန်ခံခဲ့ကြရပြီး စစ်တပ်အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုအပေါ် အမြတ်ထုတ်နေသည်ဟုပင် ပြည်သူအများမှ သံသယများဖြစ်လာခဲ့ကြသည်။

    စစ်အာဏာသိမ်းမှုကြောင့် ပုန်းအောင်းနေရသည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် စင်ပြိုင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့်လည်း ပြည်သူအများအနေဖြင့် ကိုဗစ်-၁၉ ကုသရေးနှင့်ပတ်သက်သည့် အကြံပြုချက်များရယူနိုင်ရန်အတွက်လည်း ဆရာ၀န်များနှင့် ချိတ်ဆက်ပေးနိုင်သည့် တယ်လီဆေးခန်းများ ဖွင့်လှစ်ပေးခဲ့သည်။ သို့ရာတွင်လည်း ၎င်းဝန်ဆောင်မှုများသည် အရေးပေါ်အခြေအနေနှင့် ကြုံတွေ့နေရသော လူနာများအတွက်မူ လက်လှမ်းမှီနိုင်မှုမရှိပေ။ ထိုပြည်သူများသည် အကြမ်းမဖက်အာဏာဖီဆန်ခြင်းတွင် ပါဝင်ခဲ့သည့် ဆရာ၀န်များမှ ၀န်ဆောင်မှုပေးနေသာ ပုန်းလျှိုးကွယ်လျှိုးဖွင့်လှစ်ထားရသည့် ဆေးခန်းများသို့ သွားရောက်ကုသမှုခံယူခြင်းများ ပြုလုပ်ကြရသည်။ အချို့သော ဆရာ၀န်များမှာ လူနာများအား ဆေးကုသမှုပေးရန် ကြိုးပမ်းသည့်အတွက် စစ်တပ်မှ ထောင်ချောက်ဆင်ကာ ဖမ်းဆီးခြင်းများကိုလည်း ကြုံတွေ့ခံစားခဲ့ကြရသည်။ အခြားသော သေးငယ်သည့်မြို့များတွင်မူ အထွေထွေရောဂါကု ဆရာ၀န်များမှ ဆေးခန်းများဖွင့်လှစ်ကာ တုပ်ကွေးဖြစ်ရာတွင် ကုသပေးသည့် ဆေးဝါးများဖြင့် လူနာများအား ကုသပေးလျက်ရှိသော်လည်း စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင်  တည်ရှိနေသည့် ရန်ကုန်မြို့ရှိ အများပြည်သူအား ဝန်ဆောင်မှုပေးသည့် ဆေးခန်းများမှာ ကိုဗစ်-၁၉ လူနာများအားလက်ခံရန်ပင် ငြင်းဆန်ခဲ့ကြသည်။

    နောက်ဆုံးတွင်မူ “Doctor on Call” ဆိုသည့် စနစ်အား အကောင်အထည်ဖော်နိုင်ခဲ့ပြီး ၎င်းစနစ်သည် တဆင့်စကား တဆင့်နားဖြင့် ပျံ့နှံ့ခဲ့သည်။ သူနာပြုများအနေဖြင့် လူနာရှင်များ၏ တောင်းဆိုမှုများကြောင့် ၎င်းလူနာများ၏ အိမ်များသို့ ဆေးဝါးများယူဆောင်လာခဲ့ကြပြီး လျှိူ့ဝှက်စွာဝင်ရောက်ခဲ့ကြသည်။ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်၍ တကမ္ဘာလုံးတွင် လက်ခံထားသည့်၊ အမှန်တကယ် ထိရောက်စွာ ပျောက်ကင်းနိုင်သည့် ဆေးဝါးနှင့်ကုသမှုများ မရှိသေးသည့်အတွက် ဆရာ၀န်များအနေဖြင့် ၎င်းတို့၏ ကျွမ်းကျင်မှုကိုသာ အားထားကုသခဲ့ကြရသည်။ လူသေဆုံးမှုများ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် နှစ်ပတ်တာကာလနောက်တွင်မူ အလားအလာရှိသည့် ကုသမှုနည်းလမ်းအချို့အား ဆရာဝန်များမှ မှန်းဆနားလည်နိုင်ခဲ့ကြသည်။ ဆရာဝန်အများစုအနေဖြင့် အကြမ်းမဖက်အာဏာဖီဆန်မှုတွင် ပါဝင်နေကြသည့်အတွက် လူနာရှင်များ၏ အိမ်များသို့ လိုက်လံကုသပေးခြင်းများကို တိတ်တဆိတ်လျှို့ဝှက်စွာ ပြုလုပ်ခဲ့ကြရသည်။​ ဆေးဝါးများပြတ်လပ်ခြင်းကြောင့် သူငယ်ချင်းမိတ်ဆွေများ၏ အချိတ်အဆက်များနှင့် ပြည်သူလူထုအချင်းချင်းအကြား Remdisivir, Enoxaparin sodium နှင့် အခြားသော ဆေးရုံသုံးဆေးဝါးများ လိုက်လံရှာဖွေစုဆောင်းခဲ့ကြရသည်။ အကျိုးဆက်အနေဖြင့် ဆေးဝါးစျေးနှုန်းများ အဆမတန်မြင့်တက်ခဲ့သည်

    Image courtesy of NLA.

    အာဏာသိမ်းစစ်ခေါင်းဆောင်အနေဖြင့် အောက်ဆီဂျင်စက်ရုံများနှင့် ဆေးဝါးဂိုထောင်များအား ထိန်းချုပ်ပစ်ရန် ၎င်း၏ တပ်ဖွဲ့ဝင်များအား အမိန့်ပေးစေခိုင်းခြင်းကြောင့် ဆေးဆိုင်အနည်းငယ်များသာ ဖွင့်လှစ်ခဲ့ကြပြီး ဆေးဆိုင်များရှေ့တွင် လူအများတန်းစီစောင့်ဆိုင်းရခြင်းနှင့် ကြုံတွေ့ခဲ့ရပြီး ထိုလုပ်ရပ်သည် စစ်အာဏာရှင်များ၏ အုပ်ချုပ်မှုအာဏာကို အခြေခံလူတန်းစားလက်ခံလာစေရန် အကြင်နာမဲ့စွာပြုလုပ်သည့် လုပ်ရပ်ဖြစ်သည်။ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့အစည်းများအနေဖြင့်လည်း ဝင်ရောက်ကူညီခွင့်မရရှိခဲ့ပေ။

    သြဂုတ်လ ၂၀၂၁ခုနှစ် နှစ်လည်တွင်မူ ကိုဗစ်-၁၉ ရောဂါ မြန်ဆန်စွာကူးစက်လာခြင်းကြောင့် ရန်ကုန်မြို့နေပြည်သူလူထုအနေဖြင့် မိမိတို့ကိုယ်တိုင်ပင် အသွားအလာများ ထိန်းချုပ်ကန့်သတ်ပစ်ရကာ လူမှုမီဒီယာများပေါ်မှတဆင့် အကူအညီများရယူခဲ့ရသည်။ မိတ်ဆွေအချင်းချင်းအနေဖြင့် ၎င်းတို့ ကိုဗစ်-၁၉ ရောဂါ မည်သို့ကူးစက်ခံခဲ့ရပြီး ပျောက်ကင်းခဲ့သည်ကို မျှဝေခဲ့ကြသည်။ ပြည်သူများအနေဖြင့် ယခုစိန်ခေါ်မှုအား ရင်ဆိုင်နိုင်ရန် နည်းလမ်းများရရှိလာခဲ့ကြသော်လည်း ၎င်းတို့၏ ချစ်သူ၊ခင်သူများအား ဆုံးရှုံးလိုက်ရသည့်အပေါ်တွင်မူ ကြေကွဲခံစားကြရသည်။ လူမှုကွန်ယက်များနှင့် ဖုန်းခေါ်ဆိုမှုများတဆင့် မိတ်ဆွေသူငယ်ချင်းများအချင်းချင်း ကိုဗစ်-၁၉ တတိယလှိုင်းအား ကျော်ဖြတ်ခဲ့ကြသည့် အတွေ့အကြုံများနှင့် ဆေးဝါးများနှင့် ဆရာဝန်များရရှိနိုင်သည့် အရင်းအမြစ်များကိုလည်း မျှဝေခြင်းများရှိခဲ့ကြသည်။  ပြည်သူများအနေဖြင့် အောက်ဆီဂျင်အတွက် တန်းစီစောင့်ဆိုင်းရန် မလိုအပ်တော့ပဲ ၂၄ နာရီ အောက်ဆီဂျင်ထုတ်လုပ်ပေးနိုင်သော အောက်စီဂျင်စက်များကိုသာ ဝယ်ယူလာကြသည်။ အဖွဲ့အစည်းများနှင့် သဒ္ဒါတရား ရက်ရောကြသည့် ပြည်သူလူထုများအနေဖြင့်လည်း လိုအပ်နေသူများထံသို့ အောက်ဆီဂျင်စက်များ အရောက်ပို့ပေးခဲ့ကြသည်။

    သြဂုတ်လတတိယအပတ်သည် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါအပြင်းထန်ဆုံးကာလဟု ပြောနိုင်ပါသည်။ သင့်တင့်လျောက်ပတ်သည့် ကုသရေးများ ပေးနိုင်ခြင်းမရှိပါက မြန်မာ့လူဦးရေ၏ ထပ်ဝက်ခန့်သည် ကိုဗစ်ရောဂါကူးစက်ခံရနိုင်ဖွယ်ရှိကြောင်းလည်း ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှသံအမတ်မှ သတိပေးခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီ၏ ဒုဥက္ကဌဟောင်းဖြစ်သူ ဒေါက်တာဇော်ဝေစိုးအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါအား ထိန်းချုပ်ကာကွယ်နိုင်ခြင်းမရှိပါက အသက်ပေါင်း ၄၀၀,၀၀၀ ခန့် ဆုံးရှုံးနိုင်မည်ဟု ခန့်မှန်းခဲ့သည်။ လူငယ်များအနေဖြင့် အောက်ဆီဂျင်နှင့် ဆေးဝါးများဝယ်ယူနိုင်ရေးအတွက် လိုအပ်နေသူများအား ကူညီခဲ့သည်။ အချို့သော အခြေအနေများတွင် မိသားစုတစုလုံး ရောဂါကူးစက်ခံရသည့်အတွက် မည်သူကမျှ အစားအသောက်နှင့်ဆေးဝါးများ သွားရောက်ဝယ်ယူနိုင်ခြင်းမရှိပေ။ ထိုအခြေအနေတွင် အိမ်နီးချင်းများနှင့် လူငယ်များမှ ကူညီမှုများပေးအပ်ခဲ့ကြသည်။ ပြည်သူများအနေဖြင့် အကူအညီလိုအပ်ပါက ၎င်းတို့၏ နေအိမ်တွင် အလံဖြူများ ထောင်ထားနိုင်ပြီး ၎င်းတို့အား ကျန်းမာရေးအကူအညီများပေးရန် တောင်းခံနိုင်ပါသည်။ သို့ရာတွင် စစ်တပ်၏ တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ ဤကဲ့သို့မလုပ်နိုင်ရန် ခြိမ်းခြောက်ခြင်းနှင့် တားမြစ်ပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

    စစ်အစိုးရ၏ သတင်းအမှောင်ချမှုများကြောင့် အမှန်တကယ်သေဆုံးခဲ့ရသည့် အရေအတွက်အား သိရှိနိုင်ခြင်းမရှိခဲ့ပါ။ စစ်အစိုးရလက်အောက်ရှိ ကျန်းမာရေးဌာနကမူ နေအိမ်တွင် သေဆုံးကြသည့် ပြည်သူများသည် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးခဲ့ခြင်းမဟုတ်ဟုပင် ငြင်းဆိုခဲ့ကြသည်။ စစ်အစိုးရအာဏာပိုင်များအနေဖြင့် ဆေးရုံတွင် မှတ်တမ်းတင်နိုင်သည့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးရသည့် သေဆုံးမှုများကိုသာ အတည်ပြုခဲ့ပြီး လူနာအများစုမှာမူ ၎င်းဆေးရုံများတွင် တက်ရောက်ကုသခွင့်ပင် မရရှိခဲ့ကြပေ။ စာရေးသူ၏ မွေးရပ်မြို့တွင်ပင် သြဂုတ်လတွင် သေဆုံးသူပေါင်း ၃၀ဦး ရှိခဲ့ပြီး မည်သူတဦးတစ်ယောက်ကမှ စာရင်းသွင်းခြင်း မခံခဲ့ရပေ။ ရန်ကုန်မြို့နေ ပြည်သူများအနေဖြင့် အိမ်များမှ အလောင်းများအား အသုဘအခမ်းအနားပင် မပြုလုပ်နိုင်ပဲ သယ်ဆောင်သွားရသည်ကို မြင်ခဲ့ကြရသည်။ မီးသဂြိုလ်စက်အသစ်များ ဆောက်လုပ်ခဲ့ကြသော်လည်း ကွယ်လွန်သူများ၏ မိသားစုဝင်များအနေဖြင့် အလောင်းများအား မီးသဂြိုလ်ရန်ကိုပင် နေ့တဝက်ခန့် စောင့်ဆိုင်းခဲ့ကြရသည်။ အချို့သော အခြေအနေများတွင်မူ အလောင်းများအား မီးသဂြိုလ်ရန်နေရာ၌သာ ထားခဲ့ရခြင်းများ ရှိခဲ့သည်။

    ကိုဗစ်တတိယလှိုင်းနောက်တွင်မူ ပြည်သူများအနေဖြင့် ၎င်းတို့အား အနာဂတ်တွင် ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးရန် လိုအပ်ကြောင်း သဘောတူလက်ခံလာခဲ့သည်။ သို့သော်လည်း စစ်တပ်အား မယုံကြည်သည့်အတွက် ကာကွယ်ဆေးများ မည်သည့်အချိန်၊ မည်သည့်နေရာ၊ မည်သူများအတွက်နှင့် မည်သို့မည်ပုံရရှိမည်ကို မသိရှိခြင်းများနှင့် ကြုံတွေ့လာခဲ့ရသည်။ ပြည်သူများအနေဖြင့် ကာကွယ်ရေးများ၏ အရည်အသွေးစိတ်ချယုံကြည်ရမှုအပေါ်တွင် မယုံသင်္ကာဖြစ်ခဲ့ရပြီး တရုတ်နိုင်ငံထုတ်ကာကွယ်ဆေးများ၏ နောက်ဆက်တွဲဆိုးကျိုးကို စိုးရိမ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင်မူ ပြီးခဲ့သည့် အစိုးရလက်ထပ်တွင် အိန္ဒိယနိုင်ငံမှ တင်သွင်းရန် စီစဥ်ထားခဲ့သည့် AstraZeneca ဆေးများထက် မြန်မာစစ်တပ်အား တရုတ်နိုင်ငံမှ လက်သိပ်ထိုးပေးသည့် ကာကွယ်ဆေးများသာ များများစားစား ရရှိနေခဲ့သည်။

    ဆိုးရွားပျက်ဆီးခဲ့ရသည့် စီးပွားရေးများ

    စစ်အာဏာသိမ်းမှုသည် မြန်မာ့စီးပွားရေးအပေါ်တွင် ပြင်းထန်စွာရိုက်ခတ်ခဲ့သည်။ အရေးအကြီးဆုံးအချက်မှာ စစ်အစိုးရအား ပြည်သူလူထုမှ ယုံကြည်မှူကင်းမဲ့ခြင်းပင်ဖြစ်သည် စစ်အာဏာသိမ်းမှုစတင်သည့် ပထမဆုံးနေ့မှ စတင်၍ ပြည်သူများအနေဖြင့် ဘဏ်များမှ ငွေထုတ်ခြင်းသည် ရက်ပေါင်းများစွာကြာမြင့်သည်အထိ ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။ ပြည်သူအများမှာ တန်းစီစောင့်ဆိုင်းကာ ၎င်းတို့၏ စုဆောင်းငွေများအား ပြန်လည်ထုတ်ယူခဲ့ကြသည်။ ငွေထုတ်ခြင်းလုပ်ငန်းများအား ကန့်သတ်ထိန်းချုပ်မှုများ ရှိလာသော်လည်း ဘဏ်များ၏လည်ပတ်မှုများ လုံးဝဥဿုံရပ်တန့်သွားခြင်းမရှိခဲ့ပေ။ ၎င်းအစား ငွေသားလိုအပ်သော စီးပွားရေးလုပ်ငန်းများအနေဖြင့် ငွေသားရရှိစေရန်အတွက် ရာခိုင်နှုန်းအပိုများ ထပ်ဆောင်းပေးခဲ့ရခြင်းကြောင့် ငွေသားထုတ်ယူခြင်းသည် စျေးကွက်တခုပင် ဖြစ်လာခဲ့သည်။ ငွေသားထုတ်ယူရာတွင် အပိုပေးရသည့် ရာခိုင်နှုန်းမှာ ၁၅ရာခိုင်နှုန်းထိ မြင့်တက်သွားခဲ့သည့် ကာလတခုအား ရောက်ရှိခဲ့သည်။

    နိုင်ငံတော်၏ စီးပွားရေးမှာ သွင်းကုန်များအပေါ်တွင် အလေးပြုရသည့်အတွက် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခြင်းသည် နယ်စပ်မြို့များရှိ ကုန်သွယ်ရေးလုပ်ငန်းများအား ထိခိုက်စေခဲ့သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးသည် စစ်အာဏာသိမ်းမှုစတင်ခဲ့သည့်နေ့မှစ၍ ရပ်တန့်သွားခဲ့သည်။ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခြင်းနှင့် နိုင်ငံခြားငွေရှားပါးလာခြင်းတို့ကြောင့် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၇၀၀ ထိ မြင့်တက်လာကာ သွင်းကုန်တင်သွင်းသည့် လုပ်ငန်းများအား ပြင်းထန်ဆိုးရွားစွာ ရိုက်ခတ်ခဲ့သည်။

    ငွေကြေးဖောင်းပွမှုအား လျှော့ချရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၅ ရက်နေ့အတွင်း အမေရိကန်ဒေါ်လာ ၁၄၄.၈ သန်း ရောင်းချခဲ့သည်။ သို့ရာတွင်လည်း ငွေကြေးဖောင်းပွမှုနှင့် ပတ်သက်၍ အပြောင်းအလဲအနည်းငယ်သာဖြစ်ပေါ်ခဲ့သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဗဟိုဘဏ်၏ နိုင်ငံခြားငွေရောင်းချခြင်းဆိုင်ရာ ပွင့်လင်းမြင်သာမှုအပေါ်တွင် မေးခွန်းများထုတ်ခဲ့ကြသည်။ ဗဟိုဘဏ်၏ ကန်ဒေါ်လာများသည် နိုင်ငံနှင့်အဝှမ်းရှိ စီးပွားရေးလုပ်ငန်းများထက် စစ်အာဏာရှင်များနှင့် နီးစပ်သည့်သူများကိုသာ ရောင်းချပေးခဲ့ခြင်းဖြစ်သည်ဟု ထင်မြင်ယူဆမှုများလည်း ရှိလာခဲ့သည်။ ၎င်းကဲ့သို့ မယုံသင်္ကာဖြစ်မှုများကြောင့် ပြည်သူများအနေဖြင့် ကျပ်ငွေအစား ဒေါ်လာနှင့် ရွှေကိုသာ စုဆောင်းလာကြသည်။ မြန်မာနိုင်ငံအနေဖြင့် စစ်အာဏာမသိမ်းမီက အနေအထားကို ပြန်လည်ရောက်ရှိစေကာမူ ကျပ်ငွေတန်ဖိုးကျဆင်းခြင်းသည် ၎င်းတို့၏ ပိုင်ဆိုင်မှုတန်ဖိုးများကို လျော့ကျစေလိမ့်မည်ဟု ပြည်သူအများမှ ယူဆခဲ့သည်။

    အလွန်တရာနှေးကွေးသည့် စီးပွားရေးစနစ်နှင့် ငွေလဲနှုန်းများ တည်ငြိမ်မှုမရှိခြင်းကြောင့် စီးပွားရေးများရပ်တန့်ခြင်းနှင့် အပျက်သဘောဆောင်သည့် တိုးတက်မှုများသာ ဖြစ်ပွားလာခဲ့သည်။ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ ၎င်းနှစ်အကုန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် -၁၈.၃ ရာခိုင်နှုန်းလျော့ကျသွားမည်ဟု ခန့်မှန်းခဲ့သည်။ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင်မူ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအတွက် နိုင်ငံတကာအကူအညီများ ဖြတ်တောက်ခြင်းများ ရှိလာခဲ့သည်။ လူ့အခွင့်အရေးချိုးဖောက်သည့် လုပ်ရပ်များကြောင့် Telenor, Woodside, Myanmar Metals, Suzuki Motor, H&M နှင့် British American Tobacco ကုမဏ္ဍီကြီးများမှ နိုင်ငံတွင်းရှိ ၎င်းတို့၏ ရင်းနှီးမြှပ်နှံမှုများအား ပြန်လည်ရုတ်သိမ်းသွားခဲ့သည်။ စစ်အစိုးရအနေဖြင့် လျှောက်ထားဆဲ ရင်းနှီးမြှုပ်နှံမှုများအား အလျင်အမြန်လက်ခံပေးခဲ့သော်လည်း ငွေလုံးငွေရင်းများ ချက်ချင်းဆိုသလို စီးဝင်းလာခဲ့ခြင်းမရှိပေ။ တစ်ဖက်တွင်မူ  လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် အဖွဲ့များနှင့် မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် Chevron USA ရေနံကုမဏ္ဍီနှင့် ပြင်သစ် Total French offshore ရေနံကုမဏ္ဍီတို့အား ၎င်းတို့၏ မိတ်ဖက်ဖြစ်သော စစ်အစိုးရကို အခွန်ငွေများ ဆက်လက်ပေးဆောင်ခြင်းမပြုရန်လည်း တိုက်တွန်းတောင်းဆိုခြင်းများ ပြုခဲ့ကြသည်။

    ပြည်သူများအနေဖြင့် နာကျင်ခံခက်စရာကောင်းသည့် စီးပွားရေးအခြေအနေများ၊ ဘဏ်အကျပ်အတည်း၊ အခက်အခဲများနှင့် အလုပ်လက်မဲ့ဖြစ်ရမှုများကို တစ်နှစ်ကျော်ကြာ ခါးစည်းခံခဲ့ရသည်။ ကိုဗစ်-၁၉ ရောဂါကနဦးကာလများတွင်ပင် စီးပွားရေးလုပ်ငန်းများ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်လာခြင်းများရှိခဲ့သည်။ သို့သော်လည်း စစ်အာဏာသိမ်းမှုသည် မျှော်လင့်ချက်ကောင်းများဖြင့် တည်ရှိနေသည့် စျေးကွက်များအား အဆုံးသတ်ခဲ့သည်။ ပြည်သူများအနေဖြင့် စီးပွားရေးတိုးတက်မှုများ ထပ်မံရှိလာလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း  ပြန်လည်ကုစားရန်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပါသည်။

    ပြည်သူများအနေဖြင့်လည်း အကြမ်းမဖက်အာဏာဖီဆန်ခြင်းတွင် ပါဝင်ခဲ့ပြီး မီတာခများ ပေးဆောင်ရန် ငြင်းဆန်ခဲ့ကြသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းသည် ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ဖြစ်ပွားခဲ့သည့်အတွက် မီတာခများအား လျှော့ပေ့ါပေးခြင်းများရှိခဲ့သည်။  ယခုအချိန်တွင် အနည်းဆုံး တလလျှင် ၁၆၀,၀၀၀ ကျပ် (၈၀) ဒေါ်လာမှသည် ၄၅၀,၀၀၀ ကျပ် (၂၅၀ ဒေါ်လာ)ထိ မီတာခများ မြင့်တက်သွားခြင်းကြောင့် အများပြည်သူများအနေဖြင့် ပေးနိုင်ခြင်းများ မရှိတော့ပေ။ စစ်အစိုးရသည် ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား အသုံးချကာ လျှပ်စစ်အင်ဂျင်နီယာများမှတဆင့် ပြည်သူများအား မီတာခများ ပေးဆောင်ရန် အတင်းအကျပ် ဖိအားပေးလျက်ရှိသည်။ ပြည်သူများအနေဖြင့် မီတာမဆောင်ပါက ၎င်းတို့၏ အိမ်များအား လျှပ်စစ်မီးဖြတ်တောက်ခြင်းများလည်း ပြုလုပ်လာကြသည်။

    အာဏာရှင်အစိုးရအား ဖြုတ်ချနိုင်ပြီး ၎င်းတို့ဆန္ဒမဲပေး ရွေးချယ်ထားကြသည့် ပြည်သူ့အစိုးရ အာဏာပြန်လည်ရရှိပါက စီးပွားရေးအခက်အခဲ၊ အကျပ်အတည်းများ ပြေလည်သွားလိမ့်မည်ဟု ရန်ကုန်မြို့ရှိ ပြည်သူအများမှ ယုံကြည်လက်ခံထားကြသည်။  များပြားလှစွာသော ပြည်သူလူထုတို့သည် ၎င်းတို့အတွက် မရရှိလျှင်မူ ၎င်းတို့၏ နောင်လာနောင်သား မျိူးဆက်များအတွက် တရားမျှတမှု၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီအတွက် ၎င်းတို့၏ အသက်ကိုပင် စွန့်လွှတ်ရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။

    နိဂုံးချုပ်

    ‘CoupVID’ အကျပ်အတည်းအား ကျော်လွှားနိုင်ရန်အတွက် စည်းလုံးညီညွတ်မှု၊ ထောက်ထားညှာတာစဥ်းစားပေးနိုင်မှု၊ သတ္တိ၊ ကြင်နာသနားတတ်မှု၊ အချင်းချင်းကူညီဖေးမမှုတို့အပြင် မြန်မာနိုင်ငံရှိ ပြည်သူလူထု၏ မျှော်လင့်ချက်များလည်း လိုအပ်ပါသည်။ မိမိတို့၏ အသက်ရှင်ရပ်တည်ပိုင်ခွင့်၊ ရောဂါကင်းဝေးစေရန် ဆေးကုသမှု ခံယူပိုင်ခွင့်နှင့်  အချင်းချင်းကူညီဖေးမနိုင်မှုတို့သည် စစ်အုပ်ချုပ်မှုအောက်တွင် စစ်တပ်၏ ကန့်သတ်ခြင်းကို

    သာ မခံခဲ့ရပါက ကိုဗစ်-၁၉ တတိယလှိုင်းသည် ဤမျှေလောက် ကြမ်းကြုတ်သည့် ပျက်စီးဆိုးရွားမှုများကို ဖြစ်ပေါ်စေနိုင်ခဲ့မည်မဟုတ်ပါ။

    စစ်တပ်အနေဖြင့် စီးပွားရေးလုပ်ငန်းများအား ဖျက်ဆီးခဲ့ပြီး အများပြည်သူ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများမျှဝေနိုင်သည့် လွတ်လပ်ခွင့်များကိုလည်း ခြိမ်းခြောက်ရန်ပြုခဲ့ခြင်းကြောင့် လူမှုအသိုင်းအဝိုင်း၏ ကြံ့ကြံ့ခံနိုင်မှုတွင်လည်း အလျော့အတင်းများ ပြုလုပ်ခဲ့ရသည်။ မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့်လည်း ကိုဗစ်ကပ်ဘေးကြောင့် ကြုံတွေ့ခဲ့ရသည့် ဒုက္ခများသည် ဗိုင်းရပ်စ်ထက် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားနေစဥ်ပင် စစ်အာဏာသိမ်းခဲ့သည့် လူကြောင့်ဖြစ်သည့် ဘေးအန္တရာယ်ကြောင့်ဟု ယုံကြည်လက်ခံထားကြပါသည်။ မြန်မာ့စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ၎င်း၏ ကိုယ်ကျိုးနှင့် အာဏာတည်မြဲစေရန်အတွက် ကပ်ရောဂါအား လက်နက်သဖွယ်အသုံးချခဲ့သည်။ ယခုဆောင်းပါးရေးသားနေစဥ်တွင်ပင် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်များနှင့် နိုင်ငံနှင့်အဝှမ်းတွင် စစ်တပ်မှ အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်ကျူးလွန်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် စက်တင်ဘာလ ၇ရက်နေ့တွင် နိုင်ငံတော်အား အရေးပေါ်အခြေအနေနှင့် ပြည်သူအများ၏ ခုခံစစ်စတင်မည်ဟု ကြေငြာခဲ့သည်။ မြန်မာပြည်သူလူထုအနေဖြင့် မိမိတို့နှင့် အပြည့်အဝထိုက်တန်သော လွတ်လပ်မှု၊ အခွင့်အာဏာနှင့် ငြိမ်းချမ်းရေးရရှိစေရန်အတွက် စုပေါင်း၍ ကြံ့ကြံ့ခံကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများအား ဆက်လက်အရှိန်အဟုန် မြှင့်တင်နေဆဲဖြစ်ပါသည်။​

    ကလောင်အမည် ငွေမင်းတာရာသည် ရန်ကုန်မြို့ရှိ တက္ကသိုလ်တစ်ခုတွင် မဟာတန်းတက်ရောက်နေသည့် ကျောင်းသားတစ်ဦးဖြစ်ပြီး သူ့အနေဖြင့် လူမှုဖွံ့ဖြိုးရေးနှင့် သယံဇာတ စီမံခန့်ခွဲရေးအကြောင်းအရာများနှင့် ပတ်သက်၍ ဆောင်းပါးများရေးသားလျက်ရှိပါသည်။

    ယခုဆောင်းပါးအား Tea Circle ၏ ဘာသာပြန်ဆိုသည့် အသင်းမှ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်ပါသည်။​

    Notes

    [1] Keck, Markus & Sakdapolrak, Patrick. (2013). What Is Social Resilience? Lessons Learned and Ways Forward. Erdkunde. 67. 5-18. 10.3112/erdkunde.2013.01.02.
    [2] Harding S. Man-made disaster and development: The case of Iraq. International Social Work. 2007;50(3):295-306. doi:10.1177/0020872807076041