4 Minutes To Read

အာဏာသိမ်းခြင်းကို ဇာတ်ကြောင်းပြန်ခြင်းနှင့် တပ်မတော်ဂိုဏ်းဂဏစွဲဝါဒ

4 Minutes To Read
  • English
  • မြန်မာနိုင်ငံအတွင်းဆက်လက်ဖြစ်ပွားနေသောပဋိပက္ခများကိုဝေဖန်သုံးသပ်သူများကမည်သို့ရှုမြင်သည်ဆိုသည့်အချက် နှင့်ယှဉ်ပြီး၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုကို ဂိုဏ်းဂဏစွဲ ဝါဒီများ၏ အာဏာလုပွဲဟုပိုမိုနားလည်နိုင်ကြောင်း Anders Kirstein Moeller က  အဆိုပြုတင်ပြထားပါသည်။

    ပို့စ်ကို ၂၀၂၂ ခုနှစ်ဇန္နဝါရီလ ၁၀ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။ မူရင်းအင်္ဂလိပ်ဘာသာဖြင့်ဒီမှာဖတ်ရှုပါရန်။

    နိဒါန်း

    မြန်မာစစ်တပ် သို့မဟုတ် တပ်မတော်၏ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ရက်၊ တနင်္လာနေ့တွင် အာဏာသိမ်းမှုကကျွန်တော့်ကိုအံ့သြ တုန်လှုပ်စေခဲ့သည်။လွန်ခဲ့သည့်၄နှစ်တာကာလကိုမြန်မာပြည်တွင်ကျွန်တော်နေထိုင်ရင်းကုန်ဆုံးစေခဲ့သည်။ ရန်ကုန် (နောက် ပိုင်းတွင်နေပြည်တော်) တွင်ရှိ ပျော်စရာအတိဖြစ်သည့် ကျွန်တော်၏ အခွင့်ထူးခံမြို့ပြလူနေမှုဘဝသည် တပ်မတော်မှ တိုင်းရင်းသားဒေသများတွင်ဆက်လက်ဖြစ်ပွားနေဆဲစစ်ပွဲများနှင့် ဝေးကွာခဲ့သော်လည်း၊ ခေတ်အဆက်ဆက် စစ်တပ် အုပ်ချုပ်မှုကို  လှုပ်ခါ ပယ်ရှင်းရန် စတင်ရုံမျှပင်ရှိသေးသည့် တိုင်းပြည်တွင် ကျွန်တော်၏ မူဝါဒရေးရာသုတေသီ အလုပ်

    က တိုင်းပြည်အတွင်း စီးပွားရေးနိုင်ငံရေးပြုပြင်ပြောင်းလဲမှု စိမ်ခေါ်ချက်များနှင့် နီးစပ်စေခဲ့သည်။ အရင်ကသာဓကမရှိ ခဲ့ဖူးသည့် တပ်မတော်၏အတင်းအဓမ္မအာဏာရယူလိုမှုမှသည်တစ်လအတွင်းအာဏာသိမ်း သည့်အဖြစ်သို့ဆိုက်ရောက် ခဲ့ခြင်းမှာထူးခြားသော အန္တရာယ်အချက်ပြသတိပေးခြင်းဖြစ်ပြီး၊ အောင်ဆန်းစုကြည်နှင့် မင်းအောင်လှိုင်တို့၏ ကိုယ်စား လှယ်များ အကြား အန္တရာယ်ကိုဖိတ်ခေါ်နေသည့် အဆင်မပြေသည့်ညှိနှိုင်းဆွေးနွေးပွဲ မှာဇန္နဝါရီလနှောင်းပိုင်းတွင် ဖြစ်ပေါ် လာခဲ့သည်။ လက်တစ်ဆုပ်စာ လူတစ်စုမှလွဲ ၍မည်သူကမှ အာဏာတကယ် သိမ်းလိမ့်မည်ဟုအလေးအနက်ထားမမျှော် လင့်ခဲ့ချေ။

    မလွဲမသွေအာဏာသိမ်းလိမ့်မည်ဟုကြိုတင်ခန့်မှန်းနိုင်သူများက တကယ်အာဏာသိမ်းလျှင်ဖြစ်ပေါ်လာမည့်အခြေ အနေ ကိုမျှော်လင့်နိုင်ခဲ့ကြသည်။ တစ်ဦးတည်းအနေနှင့်ပြောရလျှင် အဏာသိမ်းနိုင်သည်ဆိုသည်ကို ကျွန်တော် လက်မခံခဲ့ပါ၊ သေချာပါသည့် တပ်မတော်က  အပြည့်အဝအာဏာသိမ်းရန်ထိုမျှလောက်မိုက်မဲလိမ့်မည် မဟုတ်၊ အနည်းအကျဉ်းလောက် သာကတောက်ကဆဖြစ်ကြပြီး ဗိုလ်ချုပ်တွေကစစ်တန်းလျားကိုပြန်မှာပါသေချာပါသည်တပ်မတော်ကအနည်း ဆုံးတော့ အမည်ခံ အရပ်သားအစိုးရကိုဆက်လက်ထားရှိနေမှာပါဟု ထိုမနက်ကကျွန်တော်စဉ်းစားမိသည်။ ဖေဖေါ်ဝါရီ  ၂ရက်နေ့တွင် “ယာယီသမ္မတ” မြင့်ဆွေက စစ်အုပ်ချုပ်ရေးကောင်စီလက်အောက်ရှိ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ကို တရားဝင် အုပ်ချုပ်မှုအာဏာလွှဲပြောင်းလိုက်သည့်အခါတွင် ကျွန်တော့်အတွေးထဲစိမ့်နစ်ဝင်ရောက်လာသည်က -အပျံသင်စဒီမိုကရေစီ ဂျွမ်းထိုးမှောက်ခုံဖြစ်သွားပြီဆိုသည်ပင်။

    အာဏာသိမ်းပြီးစဉ်ကစ ၍ နိုင်ငံတကာသတင်းမီဒီယာအများစုကမြန်မာပြည်အကြောင်းဖော်ပြသည်မှာ သိသိသာသာ တိမ်လွန်းလှသည်။အဓိကသတင်းဌာနကြီးများကတင်ဆက်သည့်သတင်းများမှာလည်းမြန်မာနိုင်ငံ၏ရှုပ်ထွေးပြီး ကွဲပြား လွန်းသည့် သမိုင်းကြောင်းကိုနက်နက်နဲနဲပြောမပြပဲကျော်သွားချင်ပုံရသည်။ ဘာမှမထူးဆန်းသည့်တပ်မတော်၏ အင်အား ကြီးမားပုံအကြောင်းများကိုသာမကြာခဏထပ်လောင်းအားဖြည့်ပြောနေကြသည်။ လဘက်ရည်ဝိုင်း ဘလော့ဂ် တွင် ဖော်ပြခဲ့သကဲ့သို့အများ သိကြသည့်အတိုင်း ဤသည်မှာ ကိုလိုနီ ခေတ်ကိုပြန်ဖော်ဆောင်ရာရောက်သည်။ မြန်မာ နိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်း တွင်ထဲထဲဝင်ဝင်ချိတ်ဆက်ပါဝင်မည်ဆိုပါက မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှုများ နှင့်သာမက တပ် မတော်နှင့်ပါ အပြုသဘောဆောင်သည့် ချိတ်ဆက်မှုများပိုဆောင်ရွက်ရန်လိုသည်။ ဖေဖေါ်ဝါရီလ အာဏာ သိမ်းမှုမှ အကြောင်းရင်းကိုနားလည်ရန်ဖြေရှင်းသည့်အချက်များကိုဖြစ်ရပ်အားဖြင့် အောက်ပါအတိုင်း ဆက်လက် စူးစမ်း လေ့လာထားပါသည်။

    အာဏာသိမ်းဖြစ်စဉ်အကြောင်း

    ဖေဖေါ်ဝါရီအာဏာသိမ်းမှုသည်ထိတ်လန့်တုန်လှုပ်ဖွယ်ရာကောင်းရုံသာမဟုတ်၊ အတင့်ရဲလွန်းပြီး အကျိုးအကြောင်း ဆီလျော်သည့်ဖြေရှင်းချက်များအားလုံးကိုအံတုဆန့်ကျင်သွားသည်။ အာဏာသိမ်းရခြင်းအကြောင်းကို မြန်မာပြည်တွင်း၊ ပြည်ပ မိတ်ဆွေများနှင့် အပြန်ပြန်အလှန်လှန်ဆွေးနွေးရင်းအိပ်မရသည့်ညပေါင်းများစွာကုန်လွန်ခဲ့ရသည်။ အဓိပ္ဗါယ်ဖော် ဖို့ကြိုးစားခဲ့သည်။အဖြေရှာတွေ့ရန်ကြည့်ရှု့လေ့လာမိသည့်သတင်းမီဒီယာများမှာလည်းကျွန်တော်တို့ကဲ့သို့ပြဿနာကြုံနေရသည်သာဖြစ်သည်။ အကြောင်းရင်းတစ်ခုတည်းကိုသာစိုက်ကြည့်ရန်ကြိုးစားရာမတတ်နိုင်သည့်အဆုံး လက်လျှော့ လိုက်ရသည်။

    ယခုပြောပြသည့်အကြောင်းအရာများမှာ ဆွေးနွေးချက်နှစ်ချက်အနက်မှ တစ်ချက် သို့မဟုတ်နှစ်ချက်စလုံးအပေါ်အဓိကထားသကဲ့သို့ဖြစ်နိုင်ပါသည်။ ပထမဆွေးနွေးချက်မှာ အာဏာသိမ်းခြင်းသည်တပ်မတော်နှင့် အရပ်သားအစိုးရအကြား အဖွဲ့အစည်းဆိုင်ရာအားပြိုင်မှု၏ရလာဒ်ဖြစ်ပြီး ထိုင်းပုံစံ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ စံနစ်ကဲ့သို့ တပ်မတော်၏ ရေရှည်အကျိုးစီးပွားကိုဖြည့်ဆည်းရန်ကြိုးပမ်းချက်ဖြစ်သည်။ ပြည်သူလူထုမှဆန့်ကျင် တော်လှန်သည့်အတိုင်းအဆကို အာဏာသိမ်းခေါင်းဆောင်များအံ့အားသင့်စရာဖြစ်ခဲ့သော်လည်းနိုင်ငံတကာအသိုင်းအဝိုင်း၏တုန့်ပြန်ချက်မှာထိုသို့မဖြစ်ခဲ့ပါ။ ဒေါ်လာဘီလျံချီသည့်နိုင်ငံခြားငွေများနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကူညီထောက်ပံ့ငွေများမှာအာဏာသိမ်းတပ်လက်လှမ်းမမီသည့်နေရာတွင်ရှိနေပြီးစီးပွားရေးလုပ်ငန်းများပြိုကွဲခြင်းကလည်းတပ်မတော်၏စီးပွားရေးဆိုင်ရာအကျိုးကိုထိခိုက်စေသည်။

    ဒုတိယဆွေးနွေးချက်မှာ – အာဏာသိမ်းမှုကို အောင်ဆန်းစုကြည်နှင့်မင်းအောင်လှိုင်တို့၏အတ္တမာနပြိုင်ကြရာမှထွက်ပေါ်လာသည့်ရလာဒ်ဟုပုံဖော်ကြသည်။ ထိုအကြောင်းကို The New York Times ကဝေဖန်ရေးဆောင်း ပါးတွင်ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။မင်းအောင်လှိုင်ကသမ္မတရာထူးမှန်းနေသည်ဆိုသည်မှာလူတကာသိနေသည့် လျှို့ဝှက်ချက် (အောင်ဆန်း စုကြည်နှင့်ပါရမီပြည့်ဝသည့်တရားဝင်ခေါင်းဆောင်နေရာယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု Ingrid Jordt မကြာသေးမီက ဆွေးနွေး တင်ပြခဲ့သည်) ရှိသော်လည်း တပ်မတော်လိုအလွန်ကြီးမားသည့်အဖွဲ့အစည်းကြီးတစ်ခုနှင့်ယင်း၏ခေါင်းဆောင်ကိုညီမျှခြင်း

    ချလျှင်မှားမည်ဖြစ်သည်။ယခုလိုအာဏာသိမ်းခြင်းကိုတပ်မတော်အတွင်းမှအချက်အခြာကျသည့်ပါဝင်ဆောင်ရွက်သူအတော်များများ၏ထောက်ခံမှုမရှိပဲမင်းအောင်လှိုင်အနေနှင့်မတရားအာဏာသိမ်းခြင်းကိုလုပ်ဆောင်နိုင်မည်မဟုတ်ပါ။ တပ်မတော်၏ထိပ်ပိုင်းခေါင်းဆောင်များအားလုံး သို့မဟုတ် သူတို့အားလုံးပင်လျှင် မရှောင်လွဲနိုင်သည့် အကွဲအပြဲကိုမသိ ခြင်းဆိုသည်မှာမဖြစ်နိုင်ပါ။သူတို့အားလုံးပင်ထိုအထဲတွင်ပါနိုင်ပါသည်။

    အာဏာမသိမ်းမီအခြေအနေကတပ်မတော်ကိုအဖွဲ့အစည်းတစ်ခုအနေနှင့်အကြီးအကျယ်အကျိုးရှိစေသည်မှာအမှန်ပင်ဖြစ်သည်။ ယခုဘလော့ဂ်ကိုဖတ်ရှုနေသူများသတိထားမိကြသည့်အတိုင်းသူတို့ကိုယ်တိုင်ရေးဆွဲခဲ့သည့်၂၀၀၈အခြေခံဖွဲ့စည်းပုံ ဥပဒေအရတပ်မတော်ကအခွင့်ထူးခံနေရာကိုခံစားနေခဲ့ပြီးဖြစ်သည်။အနောက်နိုင်ငံများနှင့်ပွင့်လင်းစွာဆက်ဆံခြင်း၊လျင်မြန်စွာတိုးတက်လာသည့်စီးပွားရေးတို့ကိုထည့်ပေါင်းလိုက်သည့်အခါအာဏာသိမ်းခြင်းမတိုင်မီလွတ်လပ်သည့်အချိန်အခါများအတွင်းသူတို့အနေခြောင်ခဲ့သည်။ကိုယ်ပိုင်အပြည့်အဝစီမံအုပ်ချုပ်နိုင်ရုံမျှမကလွှတ်တော်တွင်းတွင်လည်းဗီတိုအာဏာမ

    သက်ရောက်စေရသည့် သီးသန့်နေရာများရရှိထားခြင်းနှင့် အရေးပါသည့်ဝန်ကြီးဌာန ၃ ခုကိုပါထိန်းချုပ်နိုင်ခြင်းတို့ကြောင့် တပ်မတော်သည်တနိုင်ငံလုံးအတိုင်းအတာ နှင့်ဒေသန္တရအုပ်ချုပ်ရေးတည်ဆောက်ဖွဲ့စည်းပုံတွင်ပါကျယ်ကျယ်ပြန့်ပြန့်သြဇာလွှမ်းမိုးလာနိုင်ခဲ့သည်။ [1]ထို့အပြင် NLD နှင့် လျို့ဝှက် ဆွေးနွေးပွဲများ ၌အတိတ်တွင်ကျူးလွန်ခဲ့သည့်ပြစ်မှုများမှ

    ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများကိုကာကွယ်သော ထွက်ပေါက်ပေးထားရန် ပါဝင်သည်ဟုယူဆခဲ့ ကြသည်။ (အဓိကစစ်တပ် ပိုင်စီးပွားရေးလုပ်ငန်းကြီးများဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းMEC နှင့်မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် MEHL တို့မှ)တရားဝင်ဖြစ်စေ ခရိုနီကုမ္ဗဏီများနှင့် တရားမဝင် စစ်တပ်မိသားစုပိုင်ပုဂ္ဂလိကစီးပွားရေးများမှတဆင့်ဖြစ်စေ တပ် မတော်သည်လည်း  စီးပွားရေးအရပိုင်ဆိုင်မှု့များစွာကိုလက်ဝယ်ပိုင်ထားကြသည်။အခြေခံဥပဒေကိုပြင်ရန်ဖိအားတဆထက်တဆမြင့်တက်လာသော်လည်း မြန်မာ့နိုင်ငံရေးသို့မဟုတ်ဈေးကွက်စီးပွားရေးတွင်အခွင့်ထူးခံနေရာရထားသည့် တပ်မတော်အနေနှင့် မည်သည့်ခြိမ်းခြောက်မှုမျိုုးမှကြုံတွေ့နေရသည်မရှိပေ။ တနိုင်ငံလုံးအတိုင်းအတာ နှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှတပ်မတော်နှင့်ဆက်နွယ်နေသည့် ပိုင်ဆိုင်မှုများတပါတည်းအပြိုင်ကြီးထွားတိုးပွားနေစဉ် တွင်[2] အရေးပါပြီး မျှော်လင့်မထားသည့် ပြိုကွဲပျက်စီးခြင်းကိုတားဆီးပြီးနောင်ဆယ်စုနှစ်များစွာအထိ နိုင်ငံရေး သြဇာ လွှမ်းမိုးမှု့ကိုဆက်လက်ထိန်းသိမ်း ထားနိုင်ဖွယ်ရာရှိလေသည်။ ထိုအချက်များကို လောင်းကြေးထပ်ပြီးမတရားအာဏာ လုယူခြင်းမှာ အလွန်သိမ်ဖျင်းသောလုပ်ရပ်ဖြစ်သည်၊ အထူးသဖြင့် တိုင်းပြည်၏ဆင်းရဲ နုံခြာသည့်လူမှူစီးပွားရေးလမ်း ကြောင်း ကိုဝေဖန်လာလျှင်တပ်မတော်အနေနှင့်အရပ်သားအစိုးရနောက်ကွယ်တွင်ပုန်းလျိုးနေနိုင်သောကြောင့်ဖြစ်သည်။

    ထို့ကြောင့် တပ်မတော်၏စည်လုံးခြင်းကို ကျွန်တော်တို့ အပေါ်ယံကြည့်ပြီး အဖွဲ့အစည်းတစ်ခုလုံးအမြင်ဖြင့်သူတို့အာဏာသိမ်းစေသည့်မက်လုံး ကိုတွက်ကြည့်သည့်အခါ အာဏာသိမ်းခြင်းသည်လုံးဝအကျိုးအကြောင်းမဆီလျော်ပါ။ မည်သို့ ဆိုစေ အခြားနိုင်ငံရေးအဖွဲ့အစည်းတစ်ခုကဲ့သို့ပင် တပ်မတော်သည်ကြီးမားကျစ်လစ်ခိုင်မာသည့်အဖွဲ့အစည်း ဖြစ်ရန်ဝေးစွ ဆိုသည့် အချက်ကိုသိလိုက်သည့် အချိန်တွင် နားလည်ရန်ခက်ခဲသည့်ပဟေဠိကိုဖြေရှင်းနိုင်လေသည်။ အမှန်တကယ်တွင်တပ်မတော် သည်အကြီးအကျယ် တစ်စစီကွဲပြားနေပြီးမူဝါဒရေးရာအားပြိုင်သည့်ဂိုဏ်းဂဏအုပ်စုများပါဝင်ကြောင်းဆက်လက်တင်ပြ မည့် ကဏ္ဍတွင်တွေ့ရပါမည်။[3] အာဏာသိမ်းအပြီးဆန်းစစ်လေ့လာသူများကအကြောင်းအရာနှစ်ချက်ကို ထုတ်နှုတ် တင်ပြ သည်။ The Interpreter နှင့် East Asia Forum တို့ကမင်းအောင်လှိုင်၏ အကြံကြီးမှု သို့မဟုတ် အောင်ဆန်းစုကြည်နှင့် သဘော ထားချင်းမတိုက်ဆိုင်မှု တို့အပေါ် အဓိကအာရုံစိုက် တင်ပြထားသည်။ The Diplomat ကတပ်မတော်သည် ဆက်လက်ပြီး စည်းစည်းလုံးလုံးနေရန်လိုမည်ဟုဆွေးနွေးသော်လည်း  တချိန်တည်းမှာပင် The Washington Post နှင့် The Diplomat တို့က အရပ်သားအစိုးရ(သို့မဟုတ် NLD) နှင့်တပ်မတော်တို့၏ အဖွဲ့အစည်း ဆိုင်ရာအာဏာလုခြင်းအပေါ်စူးစိုက် ဖော်ပြကြသည်။ New Mandala တွင်ပါရှိသည့်ဆောင်းပါးတစ်ပုဒ်တွင် အထက်ဖော်ပြပါအချက်နှစ်ရပ်လုံးကြောင့် အာဏာသိမ်း ခြင်းဖြစ်နိုင် သည်ဟုသုံးသပ်ထားသည်။

    ထိုကဲ့သို့သတင်းဆောင်းပါးများသည် တပ်မတော်ကို ခိုင်မာအင်အားကြီးမားသည်ဟု အထင်ရှိနေသမျှကာလပတ်လုံး ပြည်တွင်းသမိုင်းကြောင်းနှင့်အရေးပေါ်အခြေအနေများကိုလစ်လျူရှုရာရောက်သည်။ David Brenner ၏  တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့နိုင်ငံရေးဆိုင်ရာ အနောက်တိုင်းဝေဖန် သုတေသနပြုချက်၂၀၁၉ ခုတွင်ထုတ်ဝေသည့်စာအုပ်မှ စကားလုံးကိုငှားသုံးရမည်ဆိုလျှင်  ယခုလို သဘောထားရေးရာ အကျဉ်းချုပ်ဖော်ပြချက်သည် “ဆန်းစစ်လေ့လာသုံး သပ်သည့်တန်ဖိုးအနည်းငယ်” သာ ရှိပြီး မြန်မာနှင့်တပ်မတော်အပေါ်တွင်အနောက်တိုင်းဆန်ဆန် လေးလေးနက်နက် ပုံဖော်သည်ကိုတွေ့ရသည်။[4] ထိုအစား ကျွန်တော်အဆိုပြုလိုသည်က တပ်မတော်သည် မည်သည့် အရေးပါသူတစ်ဦး တစ်ယောက် သို့မဟုတ် လုပ်ရပ်တစ်ခုကမှ အဆုံးအဖြတ်မပေးနိုင်ပဲ ရှုပ်ထွေးသည့် လူမှုကွန်ရက်တစ်ခု ဖြစ်သည်ကို အာဏာသိမ်းခြင်းအပါအဝင် ကျွန်တော်တို့လေ့လာနေ သော  ရလာဒ် အဖြစ် နားလည်ပေးလျှင်ပိုသင့်တော်ပေလိမ့်မည်။

    ဤနည်းဖြင့် ဖေဖေါ်ဝါရီလ အာဏာသိမ်းခြင်းသည် စတေးခံလိုက်ရသည့် ပြုပြင်ပြောင်းလဲရေးသမားအဖွဲ့နှင့်သဘော ထားတင်းမာသူအဖွဲ့ တို့အကြား အာဏာလုပွဲ သာဖြစ်နိုင်ကြောင်းအပါအဝင် အကျိုးရှိသည့် ဝေဖန်သုံးသပ်ချက်များပိုမိုထွက်ပေါ်လာမည်။

    တပ်မတော်တွင်း အုပ်စုကွဲခြင်း(ဂိုဏ်းဂဏဝါဒ)

    အပြင်ဘန်းအမြင်တွင်စည်းလုံးသော်လည်းတပ်မတော်သည်မည်သည့်အခါကမျှ တသွေးတရောင်တည်းမဟုတ်ခဲ့ပါ။ ဘိုဘို မောင်နှင့် Mary Callahan တို့ဖော်ပြခဲ့သလို တပ်မတော်အတွင်းအုပ်စုကွဲမှုနှင့်သဘောထားရေးအရအကွဲအပြဲများသည် ဗမာ့ ကာကွယ်ရေးတပ်မတော်၁၉ ၄၂ခုနှစ်တွင်မပေါ်ပေါက်မီကပင်ရှိနေခဲ့သည်။[5] စင်စစ် တပ်မတော်၏ ဂိုဏ်းဂဏ ကွဲများသမိုင်း ကြောင်း အပြည့်အဝ ကို ပြည်တွင်းဝေဖန်သုံးသပ်မှုတစ်ခုဖြစ်သည့် မည်သို့တပ်မတော်မှ အစုလိုက်အပြုံလိုက်ခွဲထွက်ခြင်း ဖြစ်လာစေပါသလဲ တွင် ဖော်ပြထားသည်။ယင်းသို့အုပ်စုများကွဲပြားရခြင်းမှာ သံတမန်ရေးဆိုင်ရာဦးစားပေးချက်များအပါ အဝင်၊မြန်မာနိုင်ငံ၏အနာဂါတ်နိုင်ငံရေးတွင် ဒီမိုကရေစီ၏အခန်းကဏ္ဍ နှင့် ရေတို-ရေရှည်မဟာဗျူဟာဆိုင်ရာဆုံးဖြတ်ချက် များ အပေါ်မူတည်သောကြောင့်ဖြစ်သည်။ သမိုင်းတွင် ကြီးမားသည့်ခေါင်းဆောင်ပိုင်းအပြောင်းအလဲဆိုင်ရာသာဓကများစွာ ပြသခဲ့ပြီးဖြစ်သည်။ ဥပမာ- ၁၉ ၆၁ခုနှစ်တွင်တပ်မှူးကြီး၁၁ဦးကိုတပ်တွင်းမှထုတ်ပယ်ခြင်း၊ ၁၉၉၂တွင်အုပ်ချုပ်ဆဲစစ်အစိုးရ ကိုသန်းရွှေမှအာဏာဆက်ယူခြင်း (စောမောင်၏၁၉၈၈အာဏာသိမ်းခြင်းကိုတိုက်ရိုက်ဆက်လုပ်ဆောင်ခြင်း)၂၀၀၄တွင် ခင် ညွန့် ဦးဆောင်သည့်တပ်မတော် စစ်ထောက်လှမ်းရေးအုပ်စုကိုထုတ်ပယ်ခြင်း။ တကယ်ဆိုလျှင်လွန်ခဲ့သောနှစ်၃၀အတွင်း မြန်မာနိုင်ငံ၏ကြုံတောင့်ကြုံခဲ ဒီမိုကရေစီလမ်းစဉ်သို့တက်လှမ်းမှုများသည်တပ်တွင်းသဘောထားတင်းမာသူ အုပ်စုနှင့် ပြုပြင်ပြောင်းလဲရေးသမားအုပ်စုတို့အကြားအားပြိုင်မှု့မသေးငယ်လှသောကြောင့်ဟုဆိုနိုင်သည်။

    တပ်မတော် ဟူသည့်အမိုးအောက်တွင်အားလုံးကိုတန်းတူထားရန်နှင့်၊ မည်သည့်ဗိုလ်ချုပ်ကပြုပြင်ပြောင်းလဲရေးသမားလဲ ဆိုသည်ကိုယုံကြည်ချက်အပြည့်ဖြင့်ထုတ်ဖော်ပြသရန်ခက်ပါသည်။ သို့သော်လည်းသူတို့အုပ်စုချင်းယှဉ်ပြိုင်ရာမှ နိုင်ငံရေး ဆိုင်ရာ လုပ်ဆောင်မှုတွေကမသိမသာ ဖော်ပြနေသည်။ ဥပမာ- ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌသူရရွှေ မန်း နှင့် သူ၏အထွေထွေအတွင်းရေးမှူးမောင်မောင်သိန်းဆိုလျှင် အောင်ဆန်းစုကြည်နှင့် နီးစပ်မှုနှင့် ဒီမိုကရေစီရေးပြုပြင် ပြောင်းလဲမှုများကိုထောက်ခံသဖြင့် ၂၀၁၅တွင်လူသိရှင်ကြားထုတ်ပယ်ခံရသည်။ ထိုသို့ထုတ်ပယ်မှုအသေးစားလေးက အရပ်သားတပိုင်းသမ္မတသိန်းစိန်ကို၂၀၁၅ ရွေးကောက်ပွဲတွင်ထပ်မံပါဝင်စေနိုင်ခဲ့သည်။ သိန်းစိန်မည်သည့်ဖက်ယိမ်းသည် ကိုခန့်မှန်းရခက်သည်။ သူ၏သမ္မတသက်တမ်းအတွင်းအစပျိုးခဲ့သည့် စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးကြောင့် သြဘာပေးခံရသော်လည်း(၁၉၉ ၂ မှ ၂၀၁၁ အထိအုပ်ချုပ်ခဲ့သူ) ယခင်အာဏာရှင်ဟောင်းသန်းရွှေလက်ထက်က သဘော ထားတင်းမာသူဟောင်းများနှင့်ရင်းနှီးသည်ဟုယေဘုယျသတ်မှတ်ကြသည်။ သူ့ကို အတန်အသင့် ပျော့ပြောင်းသည့်သဘော ထားရှိသူဟုမြင်နိုင်ပါသည်။ NLD ကိုသိန်းစိန်မှအာဏာလွှဲပေးပြီးအနားယူသည့်နောက်ပိုင်း မင်းအောင်လှိုင်လက်အောက်တွင် နောက်ထပ် ဂိုဏ်းအုပ်စုကပိုသြဇာကြီးမားနေသည်။

    အစပိုင်း၌ မင်းအောင်လှိုင်သည် ၂၀၁၁ တွင် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)အဖြစ်ခန့်အပ်ခံရသည့်အချိန်က သူ့အကြောင်း ကိုလူသိပ်မသိသည့် သူတစ်ဦးသာဖြစ်ခဲ့သည်။ MNDAA၊ ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အစည်းအရုံး (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့)တို့ကိုရှမ်းပြည်မြောက်ပိုင်း၌ရွတ်ရွတ်ချွံချွံတိုက်ပြီးသည့်နောက်ပိုင်းမှသာတပ်ထဲတွင်အရေးပါထင်ရှားလာခြင်းဖြစ်၍ ၂၀၁၀တွင်ရွှေမန်းနေရာကိုဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်အစားထိုးခံခဲ့ရသည်။ သိန်းစိန်၏ ကြံ့ခိုင်ရေးပါတီအစိုးရလက်ထက်တွင် အများအားဖြင့်မင်းအောင်လှိုင်သည်ခပ်လျှိလျိုသာနေသော်လည်း ၂၀၁၅ခုနှစ် မှစ၍ တပ်မတော်အတွင်းသဘောထားတင်းမာသူအုပ်စုကိုယ်စားရွှေမန်းကိုထုတ်ပစ်သည့်ကိစ္စတွင်ဦးဆောင်ပါဝင်ခြင်းမှစတင်ခဲ့သည်။

    ၂၀၁၇ခုနှစ်ရခိုင်ပြည်နယ်၌စစ်တပ်မှရက်ရက်စက်စက်အကြမ်းဖက်နှိမ်နင်းခဲ့သည့်အပြင်မင်းအောင်လှိုင်လက်အောက်မှတပ်မတော်သည်ကရင်၊ကချင်နှင့်ရှမ်းပြည်နယ်များတွင် အကြမ်းဖက်သည့်တန်ပြန်သောင်းကျန်းထကြွရေးအစီအစဉ်များကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ သူနှင့်အောင်ဆန်းစုကြည်တို့၏မူလကခင်မင်ရင်းနှီးသည့်ဆက်ဆံရေးမှာလည်းသူ့ဖက်မှ ပေါင်းစပ်ညှိနှိုင်းမှုမရှိခြင်းနှင့်အရပ်သားနိုင်ငံရေးတွင် မသိမသာဝင်ရောက်စွက်ဖက်မှုများကြောင့်တင်းမာသည့် အခြေသို့ လျင်မြန်စွာရောက်သွားကြသည်။ထိုအချက်များကမင်းမောင်လှိုင်သည်လုံးဝဥဿုံသဘောထားတင်းမာသူအဖြစ်သံဓိဌာန်ချထားသူဖြစ်ကြောင်းညွှန်ပြနေပြီး သူသည်သန်းရွှေကိုသစ္စာရှိသူဟုလည်းအများကထင်မြင်ယူဆကြသည်။ မည်သို့ဖြစ်စေမင်း အောင်လှိုင်သည်သဘောထားတင်းမာသူအခြားသီးသန့်အုပ်စုမှဖြစ်ရန်ပိုနီးစပ်သည်။တပ်မတော်နှင့်နီးစပ်သူအသိုင်းအဝိုင်းသတင်းရင်းမြစ်များအရမင်းအောင်လှိုင်သည် တကယ်စင်စစ် သန်းရွှေလက်ထက်က တပ်မတော်ဒုတိယ ကာကွယ်ရေးဦးစီး ချုပ်မောင်အေး၏လူယုံဖြစ်သည်။ မောင်အေးကလည်းသူ့အုပ်စုသီးသန့်ဖွဲ့ရန်အချိန်အတော်ပေးခဲ့သည်ဟုဆိုကြသည်။ သန်းရွှေ၏အရိုက်အရာကိုဆက်ခံမည့် သူရမြင့်အောင်နေရာတွင်မောင်အေးသည်ပင်အစားထိုးဝင်ယူခဲ့ပြီးမင်းအောင်လှိုင် ကိုကာကွယ်ရေးဦးစီးချုပ်ပေးခဲ့ခြင်းဖြစ်သည်။ ဤသည်မှာဗိုလ်ချုပ်မှူးကြီးသန်းရွှေအငြိမ်းစားယူသွားပြီးသည့်နောက်ပိုင်း သူ့ဘက်တော်သားသဘောထားတင်းမာသူအုပ်စုအနေဖြင့်တပ်မတော်အပေါ် သြဇာလွှမ်းမိုးမှုမရှိတော့ခြင်းနှင့်တပ်မတော် အတွင်းမှအခြားတအုပ်စုကသူတို့အာဏာစက်ခိုင်မာစေရန်စစ်ဆင်လုပ်ဆောင်နေခြင်းကိုပြနေသည်။

    ဤသို့အတွင်းကြိတ်အကောက်ကြံနေမှုများမင်းအောင်လှိုင်လက်ထက်တွင်ဆက်လက်ဖြစ်ပွားနေခဲ့သည်။မင်းအောင်လှိုင်က  အဆင့်မြင့်စစ်ခေါင်းဆောင်များကိုမကြာခဏရာထူးအပြောင်းအရွှေ့နှင့်အငြိမ်းစားပေးမှုများ မကြာခဏပြုခဲ့သည်။ အထူး သဖြင့် မေလ ၂၀၂၀ တွင် ငယ်ရွယ် ပြီးသစ္စာခံသည့် ကျော်စွာလင်း(ဒု-ဗိုလ်ချုပ်ရာထူးသို့တိုးမြှင့်ပေးခံရသူ)၊ စောသန်းလှိုင်နှင့် ကိုကိုဦးတို့ကိုအရေးပါသည့်နေရာများသို့ခန့်အပ်ခြင်း၊၂၀၂၀ဇွန်လတွင်နောက်ထပ်ရာထူးအရွှေ့အပြောင်းထပ်မံပြုလုပ်ရာ မှ သက်ပုံကို ဒု-ဗိုလ်ချုပ်ရာထူးသို့တိုးမြှင့်ခြင်းများမြင်တွေ့ရသည်။ အာဏာသိမ်းမည့်ဖေဖေါ်ဝါရီ ၁ ရက် မတိုင်မီ ရက် နီးကပ် လာသည်နှင့်အမျှ နောက်ထပ်အဆင့်ဆင့်သောခေါင်းဆောင်ပိုင်းရာထူးအပြောင်းအလဲများကိုလုပ်ဆောင်ပြီး၂၀၂၀ ဇန္နဝါရီလ နှောင်းပိုင်းတွင် ပြည်ထဲရေးဝန်ကြီးကျော်ဆွေ(အောင်ဆန်းစုကြည်နှင့်နီးစပ်သူဟုမြင်တွေ့ရသူ) နေရာကိုအစားထိုးပစ်လိုက် သည်။ အာဏာသိမ်းပြီးချိန်တွင် မင်းအောင်လှိုင်နှင့်သူ၏အုပ်စုသည် တပ်မတော်အတွင်း မကြုံဖူးအောင်လျင်မြန်သည့်အရှိန် ဖြင့်ပိုမိုခိုင်မြဲစွာအာဏာဆုတ်ကိုင်နိုင်ခဲ့ကြသည်။ ရာထူးကြီးသည့် ပုဂ္ဂိုလ်များဖြစ်သည့် စိန်ဝင်း(ကာကွယ်ရေးဝန်ကြီး)-နောင် တွင်ဒုသမ္မတရာထူးနှင့်သင့်တော်သည်ဟုထင်ကြေးပေးခံရသူ နှင့် အောင်ဝင်းဦး (မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်) တို့ကိုဖယ်ရှား လိုက်သည်။ စစ်ကောင်စီဟုခေါ်သည့်(နိုင်ငံတော်အုပ်ချုုပ်ရေးကောင်စီ)အာဏာသိမ်းအဖွဲ့သည် မင်းမောင်လှိုင်ကိုသစ္စာခံသူ အထက်တန်းကျသည့်DSA ကာကွယ်ရေးတက္ကသိုလ် ကျောင်းဆင်းများနှင့်သာပြည့်နှက်နေသည်မှာထင်ရှားသည်။ သူတို့ အားလုံးမှာလည်း၁၉၇၇ ခုနှစ်ကာကွယ်ရေးစစ်တက္ကသိုလ်ဆင်း မင်းအောင်လှိုင် ထက်အားလုံးအတန်းငယ်ကြသူများဖြစ် သည်။ ထိုအရာရှိများ၏ သစ္စာစောင့်သိမှုကိုအတွင်းလူများပင်တိကျစွာမသိနိုင်သော်လည်းသတင်းရင်းမြစ်များအရတိုင်းမှုး နှင့်အထက် -တပ်မတော်၏လက်ရှိထိပ်တန်း အရာရှိကြီးများ- တို့ကိုအတွင်းစည်းဝိုင်းမှဖြစ်စေ သို့မဟုတ်အခြား ထောက်ခံ သည့် သို့မဟုတ် ပျော့ပြောင်းသောအုပ်စုမှဖြစ်စေ စစ်အုပ်ချုပ်ရေးထောက်ခံသူအဖြစ် သရုပ်ခွဲသတ်မှတ်နိုင်သည်။

    ဤသည်ကိုစွဲ၍၊ အာဏာသိမ်းခြင်းကိုပင် အုပ်စုချင်း အာဏာလွန်ဆွဲအားပြိုင်မှုအရဖြစ်လာသည်ဟုပြောနိုင်သည်။ မင်း အောင်လှိုင်၏ ရည်ရွယ်ချက်ကြီးမှုကအထူးအရေးပါသည့်အခန်းကဏ္ဍမှပါဝင်သည်ဆိုသည်မှာသံသယဖြစ်ဖွယ်မရှိပေ၊ သို့သော်ခြုံငုံစဉ်းစားလျှင် တပ်နှင့်အရပ်ဖက်အာဏာအားပြိုင်မှုတစ်ခုတည်းမဟုတ်ပဲ တပ်မတော်အတွင်းမှာပင်ထိုးဖောက် မမြင်နိုင်သည့်အတွင်းအင်အားအများအပြားရှိနေသည်။ဖေဖေါ်ဝါရီအာဏာသိမ်းခြင်းမှလုပ်ပိုင်ခွင့်အာဏာရယူလိုက်သည့် အုပ်စုတစ်စုကမိမိတို့အဖွဲ့အစည်းအတွင်းတွင်ပင် အခြားသူများ၏နစ်နာမှုအပေါ်မှအများဆုံးအကျိုးခံစားလိုက်ရသည်။ တနည်းဆိုသော် ထိုအချိန်က ကြားထဲက မြေစာပင်အဖြစ် ပြိုလဲပျက်ဆီးဆုံးရှုံးခဲ့သည်မှာအရပ်သားအစိုးရသာလျှင်ဖြစ် သည်။ မည်သို့ပင်ဖြစ်စေ အဖွဲ့အစည်းတစ်ခုအနေနှင့် တပ်မတော်သည်အာဏာသိမ်းမှုကြောင့်အလွန်အန္တရာယ်များသော အနေအထားတစ်ခုကိုရောက်သွားပြီဖြစ်ပြီး (အောက်တွင်ဆက်လက်ဆွေးနွေးသွားချက်အရ) ယင်း၏ရေရှည်အကျိုးစီးပွား သည်လည်းတရားဝင် ဒီမိုကရေစီအစိုးရအပေါ်ခိုင်မာစွာ သြဇာလွှမ်းမိုးနိုင်မှသာလျှင်ဖြစ်နိုင်ပေလိမ့်မည်။

    ဖြစ်လာနိုင်သည့်အက်ကွဲကြောင်းများ

    အဆင့်မြင့်ရာထူးနှင့်ဗိုလ်ချုပ်ကြီးများအားလုံးမင်းအောင်လှိုင်နှင့်စစ်ကောင်စီကိုထောက်ခံကြသည်ဟုမဆိုလိုပါ။ သို့သော် လက်ရှိတပ်မတော်၏ယန္တရားဖွဲ့စည်းပုံကလတ်တလောအခြေအနေအောက်တွင်ရုတ်တရက်ပြောင်းလဲမည်ဆိုသည်ကမဖြစ်နိုင်ပေ။ မည်သို့ဆိုစေမလွဲရှောင်နိုင်သည့်အာဏာချိန်ခွင်ညှာအတိမ်းအစောင်းတွင်ထိပ်တန်းခေါင်းဆောင်များအကြားအက် ကြောင်းပေါ်ကောင်းပေါ်လာမည်ဖြစ်သည်။ ဖေဖော်ဝါရီလအာဏာသိမ်းမှုကိုစစ်တပ်အတွင်းပြန်တမ်းဝင်အရာရှိအတော်များ များကမနှစ်သက်ကြကြောင်းသက်သေခံသည့်ဖြစ်ရပ်များအရညွှန်ပြနေသည်။ အဘယ်ကြောင့်ဆိုသော်တပ်မတော်ကို အနေ ကြပ်စေသည့်ချောင်ထဲထည့်ခံလိုက်ရသည်ဟု သူတို့ကမြင်သောကြောင့်ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်များကအရာ ရှိအရာခံအကြပ်စစ်သည်အမြောက်အမြား NLD ကိုမဲထည့်ခဲ့သည်ကိုရည်ညွှန်းသည့်အတွက်၊ အမှန်တကယ်တွင်အာဏာ သိမ်းလိုက်ခြင်းကပြုပြင်ပြောင်းလဲရေးသမားများပြောင်းလဲနိုင်စေရန်ရုတ်တရက်ဖန်တီးပေးလိုက်သလိုဖြစ်ကောင်းဖြစ် နိုင်သည်။

    ဒီမိုကရေစီအရေးလှုပ်ရှားမှုများအပေါ်တပ်မတော်ကဆက်တိုက်နှိမ်နင်းဖြိုခွဲနေသော်လည်းသူတို့အုပ်ချုပ်မှုကိုအတော်အတန် ခြိမ်းခြောက်နေသည်များနှင့်သာရင်ဆိုင်နေရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတပ်မတော်ကိုတိုက်ခိုက် အောင်ပွဲဆင်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးနှင့်စစ်ရေးအရမဟာမိတ်ပြုထားပြီး ကိုယ်ပိုင်အရာရှိ အရာခံ အကြပ်စစ်သည်များအဆင့်ဆင့်တပ်ကိုလည်းလေ့ကျင့်သင်တန်းပေးနေသည်။ PDF သို့မဟုတ် ပြည်တွင်းမှပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တွင်အခြေခံလူတန်းစားများဖြင့်ဖွဲ့စည်းထားသည့်ရပ်ရွာအခြေပြုပြည်သူ့စစ်အဖွဲ့လေးများပေါင်းလိုက် ပြီးသည့်နောက်ထိုအဖွဲ့အများစုကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများကို ရပ်ကွက်ကျေးရွာအုပ်စုအဆင့်တွင်ပင်ပစ်မှတ်ထား သတ်ဖြတ်ခြင်းအပါအဝင်ပြောက်ကျားစစ်ဆင်ရေးဗျုဟာများသုံးကြသည်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင်တပ်သားအသစ်များဝင်လာမစဲဖြစ်နေသည်ကိုတွေ့ရပြီးNUGနှင့်ညှိထားသည့်တပ်ဖွဲ့များနှင့်ပေါင်းလိုက်သည့်အခါစစ်တပ်ဖက်မှအကျအဆုံးများသည်ထက်များလာစေသည်။အရေအတွက်ကိန်းဂဏန်းအတိအကျမသိရသော်လည်းလတ်တလောမှတ် တမ်းများအရ တိုက်ပွဲများစတင်ဖြစ်ပွားချိန်မှစပြီးစစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့များမှတပ်ကိုစွန့်ခွာလာသူအရေအတွက်မှာ ၂၀၀၀ ဝန်းကျင်ခန့်ရှိသည်ဟုဆိုသည်။

    ထိုသို့ဆိုရာတွင် တပ်မတော်တွင် အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်သည့် စစ်သည်အင်အားအနည်းဆုံး၃သိန်းရှိပြီးမည်သည့် ရှေ့တန်းစစ်မျက်နှာများတွင်ဖြစ်စေအချိန်အတန်ကြာသည်အထိတန်ပြန်သောင်းကျန်းထကြွမှု့ပေါင်းစုံကိုတပြိုင်နက်တည်းလုပ်ဆောင်နိုင်သည်။ သင့်တင့်လုံလောက်သည့်နိုင်ငံခြားငွေအရံထားရှိမှုအနည်းဆုံး US$ ၄ကုဋေ ရှိသည်ဟု IEM မှတ်တမ်း များကဆိုသည်။နှစ်ပေါင်း ကြာမြင့်ပြီးသွေးစွန်းသည့်ပြည်တွင်းစစ်ကိုရှောင်ရှားရန်ဆန့်ကျင်ဖက်ဒီမိုကရေစီအင်အားစုများ အနေဖြင့် အခြေအနေတမျိုးတဖုံပြောင်းသွားနိုင်ရန် ၊ အဆင့်မြင့်အရာရှိများကတပ်ကိုစွန့်ခွာခြင်းမျိုးကဲ့သို့ ကြားခံလိုသည်။

    တပ်ကိုစွန့်ခွာသူများအတွက် ပြုပြင်ပြောင်းလဲရေးအုပ်စုဝင်ဖြစ်စရာမလိုပဲ မိမိအကျိုးစီးပွားကိုသာကြည့်သည့် ကိုယ်ကျိုး ရှာသမားဖြစ်လျှင်လည်းဖြစ်နိုင်သည်ဟု  Terence Lee နှင့် Gerard McCarthy တို့ကထောက်ပြသည်။သို့မဟုတ်လျှင်လည်း စစ်တပ်၏ငွေကြေးနှင့်လက်နက်ပိုင်ဆိုင်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်းမှနောက်ဆုံးအဓိပ္ဗါယ်ရှိရှိ ထိန်းချုပ်ရန် စတင် ခဲ့လျှင်၊ အမြော်အမြင်ပိုရှိသည့်သဘောထားတင်းမာသူများက စစ်အစိုးရကိုအပြောင်းအလဲလုပ်လိုက်လျှင် တပ်မတော် ၏ရေရှည်အကျိုးစီးပွားပိုကောင်းမည်ကိုသဘောပေါက်လာနိုင်သည်။ အမှန်တော့ ခေတ်သစ်သမိုင်းက-အီဂျစ်နှင့်ဆူဒန် ကဲ့သို့အောင်မြင်ခဲ့သည့် ဇတ်လမ်းများဖြစ်စေ၊ ဆီးရီးယားနှင့်ဘဲလာရုစ်ကဲ့သို့ရှုံးနိမ့်ခဲ့သည့်အဖြစ် ဖြစ်စေ-မြန်မာနိုင်ငံတွင် ဒီမိုကရေစီအတွက်တော်လှန်ကြရာတွင်အောင်မြင်မှုရရန် စစ်တပ်အတွင်းမှ အခွင့်အရေးသမားများနှင့် ပူးပေါင်းဆောင် ရွက်ရန်လိုသည်ကိုပြနေသည်။

    အငယ်တန်းနှင့် အလယ်အလတ်တန်း အဆင့် အရာရှိများမှာစီးပွားရေးအရှုံးပေါ်ခြင်းနှင့် လုပ်ငန်းများသပိတ်မှောက်ခြင်းတို့ကြောင့် အထိနာနေကြပီဖြစ်သည်ဟု Lee နှင့် McCarthy တို့ကဆွေးနွေးထားသည်။ နောက်ဆုံးပေါ်  ကမ္ဘာ့ဘဏ် ခန့်မှန်း ချက်များအရ ၂၀၂၁ ခုနှစ်အတွက် GDP ၁၈%ကျဆင်းသွားပြီးဆက်လက်ဖြစ်ပေါ်နေသောဘဏ်စံနစ်အခက်အခဲများ နှင့် ဒေါ် လာရှားပါးမှုတို့ကမြန်မာ့စီးပွားရေးသည်အလွန်ဆိုးရွားသောအခြေအနေတွင်ရှိနေသည်ကိုပြသည်။ စစ်တပ်နှင့်ဆက်နွယ်နေ သည့်မိသားစုများအပါအဝင်  လူတိုင်းကနှစ် ၂၀ အတွင်း တိုးတက်လာသည့်တိုင်းပြည်စီးပွားရေးကို ညတွင်းချင်းဖယ်ရှား ခံလိုက်ရသည်ဟုမြင်ကြသည်။တနည်းဆိုသော်စစ်တပ်အတွင်းသို့စီးဝင်နေသည့်တရားမဝင်ငွေစီးဆင်းမှုကိုလျော့နဲစေခြင်းဖြစ်သည်။ ကာလတို အတွင်း အာဏာချိန်ခွင်ညှာအပြောင်းအလဲဖြစ်ရန် ဖြစ်နိုင်ချေနဲ သော်လည်း ဖိအားပေါင်းစုံဝင်လာပြီး အဆင့်မြင့်အရာရှိကြီးများ၏အပြောင်းအလဲဆိုင်ရာမဟာဗျူဟာ ကိုပြောင်းပစ်နိုင်ပေလိမ့်မည်။ မိမိကိုယ်ကျိုုးသာကြည့် သည့်တိုင်းမှူးများ၊ သို့မဟုတ် ထုံးစံအတိုင်း  ကြည်းတပ်၏ဘေးဖယ်ခံထားရသော ရေတပ်နှင့်လေတပ်မှ ဗိုလ်ချုပ်များ ကဲ့သို့ မကျေနပ်သည့်အုပ်စုခေါင်းဆောင်များအကြားမှထွက်ပေါ်လာနိုင်သည့်အက်ကွဲကြောင်းများ ကိုထပ်မံရှာဖွေခြင်းကအကျိုး ကျေးဇူးရှိနိုင်ပေသည်။

    သက်ရောက်မှု့များ

    နိုင်ငံခြားမှပရိသတ်များအတွက်မြန်မာနိုင်ငံ၏ သမိုင်းရေးရာအဖြာဖြာကိုတီးခေါက်မိကြမည်မဟုတ်သော်လည်း၊နိုင်ငံရေးလေ့လာဆန်းစစ်သူများသည်ပင်နိုင်ငံရေးအဖွဲ့ အစည်းများကို မြင်သာပြီးကျိုးကြောင်းဆီလျော်သည်၊့အလားအလာရှိသောအဖွဲ့အစည်းတစ်ခုအနေနှင့်သာ မြင်ကြသည်။ David Brenner ထောက်ပြသလိုပင် တပ်မတော်သာမဟုတ်၊မြန်မာ၏နိုင်ငံရေး အခင်းအကျင်းတွင် အခြား အရေးပါသည့် အုပ်စုများနှင့်အဖွဲ့အစည်းများသည်လည်း အတွင်းအက်ကြောင်းများဖြင့် အတိပြီးနေသည်သာဖြစ်သည်။ယင်းသို့ သိပြီး အချက်အလက်များနှင့် “မသိသေးသည်ကိုသိထားခြင်းများ”နှစ်ခုလုံးပါဝင်သည့် ခက်ခဲရှုပ်ထွေးမှုများကိုကျွန်တော်တို့မှပို အာရုံစိုက်ရန်လိုသည်။ ထိုသို့ဖြင့် သံတမန်များ၊ကူညီထောက်ပံ့ရေးအဖွဲ့ပေါင်းစုံအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းမှမြန်မာ နိုင်ငံတွင်းပဋိပက္ခများကိုအပြုသဘောဆောင်သည့်ပါဝင်ပတ်သက်မှုမျိုးဆောင်ရွက်နိုင်လိမ့်မည်။

    သမိုင်းသုတေသီများကတပ်မတော်နှင့် ယင်း၏အဓိကဇတ်ကောင်များအကြောင်းရေးသားကြသော်လည်း တပ်မတော် အဖွဲ့အစည်း၏ခေတ်ပြိုင်အာဏာအရွေ့အပြောင်းကိုသုတေသနပြုသည့်အချက်အလက်နဲပါးနေသေးသည်။ ပြည်တွင်း နှင့်နိုင်ငံတကာပညာရှင်များမှစစ်တပ်အကြောင်းနှင့် ကွဲပြားနေသည့်တပ်အုပ်စုများ၏အရင်းခံအကြောင်းတရားများကို ပိုမိုနားလည်ရန်လုပ်ဆောင်ကြဖို့လိုနေပါသည်။

    ယခုဆောင်းပါးတွင် ဖေဖေါ်ဝါရီ အာဏာသိမ်းမှုကိုတပ်တွင်းအာဏာလုခြင်းအဖြစ်ပုံဖော်ခြင်းကအကောင်းဆုံးဖြစ်မည်ဟုကျွန်တော်အကြံပြုခဲ့ပါသည်။ တပ်မတော်သည်ရာထူးဝါစဉ်အရဖွဲ့စည်းတည်ဆောက်ထားသော်လည်း ရှုပ်ထွေးပြီးတည်ငြိမ် မှုမရှိသည့်လူမှုအဖွဲ့အစည်းကွန်ယက်တစ်ခုဖြစ်သည်။  တပ်မတော်သည်ခိုင်မာအားကောင်းသည်ဟုယူဆခြင်းသည်သဘော ထားရေးရာဘက်ပြိုင်မှုနှင့်ယင်း၏ အုပ်စုများအကျိုးစီးပွားကိုမှေးမှိန်သွားစေသည်။ အခွင့်ထူးခံလူမှုကွန်ယက်အပေါ်သုတေ သနပြုခြင်းကထိုးဖောက်မမြင်နိုင်သောသစ္စာခံများကိုမြင်သာနိုင်အောင်အလင်းရစေပြီး ထို့မျှမကယင်းအသိုင်းအဝိုင်းမှတ ဆင့်စိတ်ကူးအကြံများကိုမူဝါဒအဖြစ်မည်သို့ဖြန့်ချီထုတ်လွှင့်နေသည်ကိုပါသိနိုင်သည်။

    နောက်ဆုံးအနေနှင့်ယခုဆောင်းပါသည် ဆက်လက်ဆောင်ရွက်နေသည့်မြန်မာ့အရေးလေ့လာချက်များမှကိုလိုနီခေတ်နှောင်းပိုင်းဝေဖန်ချက်များကိုထပ်မံအားဖြည့်ရန်ကြိုးပမ်းမှုဖြစ်ပါသည်။ ဆန်းစစ်လေ့လာသူများ(ကျွန်တော်အပါအဝင်)က မကြာ ခဏဆိုသလို မိမိတို့ကောက်ချက်ချထားသည်များကိုသာအမှန်ယူဆတတ်ကြသည့်အတွက် မမြင်လိုက်ရသောမျက်ကွယ် နေရာများ ဖြစ်ပေါ်စေသည်။  ၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီ၁ရက်နေ့ကအဖြစ်အပျက်များသည်မြန်မာ့အရေးလေ့လာသူများ အတွက် သူတို့ရပ်တည်သည့်အနေအထားထက်ပိုမိုနက်ရှိုင်းစွာပါဝင်လေ့လာကြရန်သတိပေးသည့် ခေါင်းလောင်းသံပင် ဖြစ်သည်။  ချိတ်ဆက်မှုနှင့်ပတ်သက်သည့်ပြဿနာများကြောင့် လစာနဲနဲသာရသည့် သုတေသနလက်ထောက်များနှင့် ဖုံးအင်တာဗျူးမှပြောဆိုချက်များကိုချရေးခြင်းတို့မှတဆင့် “မြန်မာ့အရေးလေ့လာခြင်း” သုတေသနလုပ်ငန်းများကို အဆင့်မမှီစွာ အဝေးမှဆောင်ရွက်ရ သည်။နိုင်ငံခြားပညာရှင်များအနေနှင့်ဆန်းစစ်လေ့လာရန်နှင့် ပိုမိုနားလည်နိုင်သည့် အခန်းကဏ္ဍရှိပါသည်။သို့သော် အားလုံးကို အလွယ်တကူခြုံငုံသုံးသပ်သည့်အမှားမျိုးမှ ရှောင်နိုင်ရန် တိုက်တွန်းပေးမည့် မြန်မာပညာရှင်များဦးဆောင်မှုနှင့်အတူတကွလက်တွဲ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုအရာအတွက် မိမိတို့အနေဖြင့် မြန်မာ့ဒီမိုကရေစီတော်လှန်ရေး၏အသံကိုမိမိအကျိုးအတွက်အသုံးချသည်ထက်သူတို့အသံများကိုပိုမိုကြားနိုင်စေရန် မြှင့်တင်ပေးဖို့တာဝန်ရှိပါသည်။

    (Featured image courtesy of Flickr)

    Anders Kirstein Moeller သည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာစီးပွားရေးပညာရှင်တစ်ဦးဖြစ်ပြီး၂၀၁၇-၂၀၁၉ အထိမြန်မာနိုင်ငံ ODI သုတေသီ ဖြစ်ခဲ့သည်။ ယခုအခါမြို့ပြပထဝီဘာသာ ပါရဂူဘွဲ့အတွက် စင်္ကာပူအမျိုးသားတက္ကသိုလ်တွင်လေ့လာလျက် ရှိသည်။

    ယခု ဆောင်းပါး ကိုလဘက်ရည်ဝိုင်းဘာသာပြန်အဖွဲ့မှမြန်မာဘာသာပြန်ဆိုပါသည်။

    ကိုးကား

    [1] ၂၀၀၈ အခြေခံဖွဲ့စည်းပုံမှအမျိုးသားလုံခြံရေးကောင်စီကို ထပ်မံအချုပ်အခြာအာဏာအပ်နှင်းထားပြီး ဒုတိယသမ္မတနေရာနှစ်နေရာအနက်တနေရာကို စစ်တပ်မှပေးနိုင်ရန်အာမခံထားသေးသည်။
    [2]ခေတ်မီတပ်မတော်ဖြစ်ဖို့မောင်းနှင်အားတွင်စီးပွားရေးတိုးတက်ကြွယ်ဝမှုသည်အဓိကဖြစ်သည်။၂၀၁၁မှ၂၀၂၀အကူးအပြောင်းကာလအတွင်းသိသိသာသာတိုးတက်ကြွယ်ဝလာသည်။ အဆိုပါဆယ်စုနှစ်အတွင်း တပ်မတော်မှ မြေပြင်မှလေထဲသို့ပစ်သည့်အမြောက်များ၊တိုက်လေယာဉ်များ၊ တင့်ကားပစ် ရဟတ် ယာဉ်များစသည့် လက်နက်အသစ်အမြောက်အမြားစုဆောင်းရရှိခဲ့သည်။(အသေးစိတ် ကို Selth 2020  တွင်ကြည့်ပါ)
    [3] Callahan 2003, “Making Enemies: War and State Building in Burma,” p. 12.
    [4] Brenner 2019, Rebel Politics, p. 7.
    [5] Callahan 2003, p. 60 and Maung 2019, “The Burmese Military and the Press in U Nu’s Burma” See also Nakanishi 2013, “Strong Soldiers, Failed Revolution: The State and Military in Burma, 1962-88,” pp. 13-18.