4 Minutes To Read

အာဏာမသိမ်းမီနှင့်အာဏာသိမ်းပြီးကာလ မြန်မာနိုင်ငံတွင် စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများ

4 Minutes To Read
  • English
  • စိတ်ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ မြန်မာနိုင်ငံတွင်ဘက်ပေါင်းစုံမှကြုံတွေ့နေရသည့်စိန်ခေါ်မှုများကို  ချာလီအာတင်စတိုလ်မှ စေ့ငုတင်ပြထားပါသည်။  

    ယခုပိုစ်၏ အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသောဆောင်းပါးကို ၂၀၂၁ခုနှစ်ဇွန်လ၂၈ရက် ကမူလအတိုင်းတင်ပြခဲ့ပါသည်။

    Related Posts

    အာဏာမသိမ်းမီက စိတ်ကျန်းမာရေး ဆိုသည်မှာ မြန်မာနိုင်ငံတွင်လျစ်လျူရှုခံထားရသောကိစ္စ ဖြစ်သည်။ ယခုအချိန်တွင် အခြေအနေကပို၍ ပင်ဆိုးရွားလာပါသည်။ ဤဆောင်းပါးတွင် ယခင်က မြန်မာနိုင်ငံတွင် စိတ်ကျန်းမာရေး ဆိုင်ရာဝန်ဆောင်မှုပေးရာ ၌ ရင်ဆိုင်ရသည့် ဘဏ္ဍာရေး၊ ဥပဒေပြုရေး၊ ဖွဲ့စည်းတည်ဆောက်မှု နှင့် ယဉ်ကျေးမှုဆိုင်ရာ အခက်အခဲများ နှင့် ယင်းအခင်း အကျင်းအတွင်းထိတ်လန့်တုန်လှုပ်မှုများဖြစ်အောင်အာဏာသိမ်းမှုကမည်သို့ဆက်လက် ဖန်တီးသည်ကို မိမိ မှ လေ့လာထားပါသည်။

    စိတ်ကျန်းမာရေး သည်မြန်မာနိုင်ငံတွင်အရေးကြီးသောကိစ္စဖြစ်သည်။ မြန်မာသည်နိုင်ငံရေးအရရော စီးပွားရေး အရပါနှစ်ရပ်လုံး မတည်ငြိမ်သောတိုင်းပြည်ဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိ နေသော ပဋိပက္ခ- ကမ္ဘာပေါ်တွင်ကာလအကြာမြင့်ဆုံး ဖြစ်နေသော ပြည်တွင်းစစ် -၎င်း တို့ကို လတ်တလောကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကြောင့်စီးပွားရေးဂယက် ပါထပ်ဖြည့်လျှင် ၂၀၂၀ ခုနှစ်အောက်တိုဘာတွင်လေ့လာ ချက်အရ ဆင်းရဲသားလူတန်းစား ဦးရေ မှာ ၈လ အတွင်း ၁၆% မှ ၆၃% အထိမြင့်တက်လာသည်ကိုတွေ့ရသည်။

    အပြင် ၂၀၂၁ ဖေဖေါ်ဝါရီ အာဏာသိမ်းချိန်မှစ၍ ရက်စက်ကြမ်းတမ်းစွာ ဖြိုခွဲခြင်းများကြောင့်တိုင်းသူပြည်သားများ၏ စိတ်ကျန်းမာရေးမှာသိသိသာသာ ထိခိုက်နေပြီးဖြစ်ရာဆက်၍လည်း ထိခိုက်ခံစား ရဦးမည်ဖြစ်ပေသည်။ အဆင့်မြင့်ကုလသမဂ္ဂအရာရှိကြီးများက မကြာခင်အတွင်း လူသားအားလုံး အကြပ်အတည်းကပ်ဆိုက်လိမ့်မည်ဟု သတိပေးထားပြီး ဘေးထွက်ဆိုးကျိုး အဖြစ် မြန်မာ နိုင်ငံသည်လူအမြားအပြားဒုက္ခပေါင်းစုံခံစားရနိုင်ချေရှိသည့်ကျရှုံးနိုင်ငံတစ်ခုဖြစ်ရန် အရှိန်အဟုန်ဖြင့်သွားနေသည်ဟုလည်းပြောဆိုနေကြသည်။

    မြန်မာနိုင်ငံအနေတွင်ကျရှံးနိုင်ငံတစ်ခု၏အသွင်လက္ခဏာများကိုပိုမိုမြင်တွေ့နေရသည်နှင့်အမျှ မြန်မာ ပြည်သူပြည်သားများ၏ စိတ်ကျန်းမာရေးမှာလည်းအလေးအနက်ထားရမည့် နောက်ဆက်တွဲပြဿနာ များဖြစ်ပေသည်။ ထိုသို့အလားတူဘေးထွက် ဆိုးကျိုးများကို ပဋိပက္ခဖြစ်ပွားနေသည့်အခြားတိုင်းပြည် များတွင်လည်းတွေ့နိုင်ပါသည်။ မတည်ငြိမ်မှု ပဋိပက္ခ အမျိုးမျိုးခံစားရသောအကြောင်းအရာအခြေ အနေများအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ညှိနှိုင်းလေ့လာချက် ၁၂၉ချက်အရ ပဋိပက္ခ ခံစားနေရ သော အခြေအနေရှိ လူများတွင်(၅)ယောက်လျှင်(၁)ယောက်နှုန်းစိတ်ကျန်းမာရေးဝေဒနာများရှိနေသည် ဟုဆိုသည်။ ထိုစိတ်ကျန်းမာရေးဆိုင်ရာဝေဒနာများမှာစိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဒဏ်ရာ ရပြီးနောက်ပိုင်းစိတ်ဖိစီးမှုရောဂါ၊ စိတ်ကြွရောဂါ၊ စိတ်ကစင့်ကလျားရောဂါ တို့ဖြစ်သည်။ ထိုအစီရင်ခံ စာတွင် စိတ်ဝေဒနာခံစားနေရသူများပြားသည့်အတွက်လူသားချင်းစာနာစွာဖြင့် ဝေဒနာသက်သာ လျော့ပါးရေးဆောင်ရွက်ရန်အရေးကြီးသည့်အားလျော်စွာ  ဖိစီးမှုများကိုကုစားရန် အတိုင်းအတာ တစ်ခုအထိအကျိုးရှိမည့်စိတ်ကျန်းမာရေးဆိုင်ရာကြားဝင်ကူညီဆောင်ရွက်မှုများအမြန်ဆုံးအကောင် အထည်ဖော်ရန်လိုကြောင်းသုံးသပ်ထားသည်။

    မြန်မာနိုင်ငံတွင် စိတ်ကျန်းမာရေးဆိုင်ရာလုပ်ငန်းဝန်တာသည်အလွန်ခက်ခဲတင်းကြပ်သောစံနစ်တစ်ခုဖြစ်သည်။ ၂၀၁၉ HelpAge International လေ့လာချက်မှမြန်မာနိုင်ငံတွင်စိတ်ကျန်းမာရေး ပြဿနာအရေးပါပုံကို အောက်ဖော်ပြပါလေ့လာတွေ့ရှိချက်များဖြင့်ပြထားသည် ။

    ဥပဒေဆိုင်ရာမြန်မာနိုင်ငံတွင်ထိရောက်သည့်စိတ်ကျန်းမာရေးဆိုင်ရာမူဝါဒလုံးဝမရှိသဖြင့်အခြေခံကျန်းမာရေးစောင့်ရှောက်မှုစံနစ်မှတဆင့် တတ်ကျွမ်းသည့်ပညာရှင်များ၏အကူအညီကိုရယူရန် အတား အဆီးဖြစ်နေသည်။ ပုဂ္ဂလိကကဏ္ဍ မှတဆင့် စောင့်ရှောက်မှုအချို့ပေးသည်ကိုတွေ့ရသော်လည်း အကန့်အသတ်ရှိနေသည်။ စိတ်ကျန်းမာရေးဆိုင်ရာနိုင်ငံတော်ပြဌာန်းချက်၌ငွေကြေးရံပုံငွေ၊ဝန်ထမ်း၊ အခြေခံအဆောက်အအုံတို့တွင် ဝန်ထမ်းများမှာလုံလောက်သောလေ့ကျင့်သင်ကြားမှုမရှိခြင်း၊ အထူးသဖြင့်ကျေးလက်ဒေသများတွင်ဝန်ဆောင်မှုပေးရန်အခြေခံအဆောက်အအုံမှာလည်းအနည်းငယ်သာရှိခြင်းတို့ကို HelpAge လေ့လာချက်မှတွေ့ရှိခဲ့ပါသည်။ ဤသို့ဖြစ်လာရခြင်းမှာလည်း လုံလောက် သည့်ငွေကြေးထောက်ပံ့မှုမရှိသည်မှာကာလကြာရှည်နေသောကြောင့်ဖြစ်သည်ကိုမြင်နိုင်သည်။ စိတ်ဒဏ်ရာနှင့်ယဉ်ကျေးမှုဆိုင်ရာကိုနားလည်မှုတို့ကအရေးကြီးသောအကြောင်းအရာများဖြစ် ကြောင်း လေ့လာမှု အဆုံးသတ်တွင် ထောက်ပြသွားသည်။ စိတ်ဒဏ်ရာကစိတ်ကျန်းမာရေးအပေါ် မည်မျှ ရိုက်ခတ်မှု ရှိသည်ကိုမြန်မာပြည်တွင်အချက်အလက် စစ်တမ်းလုံးဝမရှိသည့်တိုင်အလားတူ နိုင်ငံများ၊ အခြားလေ့လာချက်များအရ အလွန်အလေးထားရမည့်အကျိုးဆက်များရှိသည်ဟု အကြံပြုထားသည်။

    ဆက်လက် တင်ပြရသော် မြန်မာနိုင်ငံ၏စိတ်ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်တွင်ရင်ဆိုင်နေရ သည့်အဓိက အခက်အခဲများမှာဥပဒေရေးရာအထောက်အကူမရှိခြင်း၊ ငွေကြေးထောက်ပံ့မှုမရှိခြင်း၊ စိတ်ကျန်းမာရေးသဘောသဘာဝနှင့်ပတ်သက်ပြီး နားလည်မှုလွဲမှားခြင်းတို့ဖြစ်သည်။ ထိုအကြောင်း အရာများကိုအောက်တွင် ဆက်လက်ဖော်ပြပါမည်။

    ဥပဒေပြဌာန်းချက်များနှင့် ငွေကြေး ထောက်ပံ့မှု

    မြန်မာနိုင်ငံ၏ စိတ်ကျန်းမာရေးဆိုင်ရာဥပဒေများမှာခေတ်မမီတော့ပါဟုသာအတိုချုပ်ပြောပါမည်။  နိုင်ငံ၏ စိတ်ကျန်းမာရေးဆိုင်ရာမူဝါဒ ကိုစိတ်ပေါ့သွပ်မှု ဥပဒေ The Lunacy Act တွင် ၁၉၁၂ ခု ၌ထည့်သွင်းပြဌာန်းခဲ့သည်ဆိုလျှင် မိမိမှ ချဲ့ထွင်ပြီးပြောသည်မဟုတ်ပါ။ မိမိ အန္တရာယ်မကြောက်ပဲ ထိုဥပဒေကိုကျူးလွန်မည်ဆိုပါက ၁၉ ၅၂ ခုနှစ်ကတည်းက မသုံးတော့သည့်အိန္ဒိယ ရူပီးငွေ ၅၀  ကိုဒဏ်ကြေးအနေနှင့်ပေးဆောင်ရမည်ဟုဆိုသည်။ လက်ရှိ ထို စိတ်ကျန်းမာရေးဆိုင်ရာဥပဒေမှာ  ရပ်ထဲရွာထဲတွင် အန္တရာယ်ပြုနေသောစိတ်ပေါ့သွပ်နေသူများကို အရူးထောင်တွင်အပြစ်ပေးချုပ် နှောင်ရန်သာအဓိကထားသဖြင့်တိုင်းပြည်တွင်လောလောဆယ်ဖြစ်ပေါ်နေသည့်စိတ်ကျန်းမာရေး ဆိုင်ရာ ဒဏ်ရာဒဏ်ချက်များကိုဖြေရှင်းနိုင်ရန်အလွန်ဝေးနေပါသေးသည်။ နောက်ပိုင်းတွင်လည်း တွေ့မြင်ရပါဦးမည်။ စိတ်ဝင်စားစရာကောင်းသည့်ယင်းနှင့်အပြိုင်ဥပမာတစ်ခုမှာ ထိုစိတ်ပေါ့သွပ်မှု ဥပဒေကိုအိန္ဒိယနိုင်ငံတွင်အသုံးပြုခဲ့သော်လည်းထိုဥပဒေတွင်အခြားပြင်ဆင်ပြောင်းလဲချက်များထဲမှ အရူးဆိုသည့်စကားရပ်ကိုစိတ်ဝေဒနာရှင်၊ အရူးထောင်များဆိုသည့်စကားရပ်ကိုစိတ်ရောဂါကု ဆေးရုံများ ဟု စကားရပ်များ ပါဝင်သည့်စိတ်ကျန်းမာရေးဆိုင်ရာဥပဒေ Mental Health Act  ဖြင့် ၁၉၈၇ ခုနှစ်တွင် အစားထိုးခဲ့သည်။ တဖန် ၂၀၁၇ ခုနှစ်တွင် စိတ်ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှု ဥပဒေ Mental Healthcare Act တွင်စိတ်ဝေဒနာနှင့်ပတ်သက်သည့် စိတ်ဒဏ်ရာ သက်သာလျော့ နည်းစေမည့် အစီအစဉ်များအကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ ၁၉၈၇ ခုစိတ်ကျန်းမာရေး ဆိုင်ရာဥပဒေတွင်မပါဝင်သည့်  စိတ်ကျန်းမာရေးဆိုင်ရာကြောင့် ဖြစ်ရသည့်ပြဿနာများကို ဖြေရှင်းနိုင်ရန် ယေဘုယျ အားဖြည့်ထားသည်။ မြန်မာတိုင်းမ် သတင်းဂျာနယ် တွင်ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ (ကျန်းမာရေးဝန်ကြီးဌာန နှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့) မှ ဥပဒေမူကြမ်းအသစ်ကို ၂၀၁၃ခုနှစ်ကတည်းကဆွေးနွေးနေခဲ့သော်လည်း လွှတ်တော်သို့တင်သည့်အဆင့်မရောက်ခဲ့ပါ။

    မြန်မာနိုင်ငံ၏ စိတ်ကျန်းမာရေးဆိုင်ရာ အခင်းအကျင်းကို အမျိုးသားကျန်းမာရေးမူဝါဒ ၏တစိတ် တဒေသဖြစ်သော စိတ်ကျန်းမာရေးဆိုင်ရာမူဝါဒမှပုံဖော်ခြင်းဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင်ပြန်လည် ပြင်ဆင်ထားသော အမျိုးသားကျန်းမာရေးမူဝါဒတွင် စိတ်ကျန်းမာရေးဆိုင်ရာ တကမ္ဘာလုံးပျမ်းမျှ အသုံးစားရိတ်၂%နှင့် ယှဉ်လျှင် ကျန်းမာရေးစောင့်ရှောက်မှု စားရိတ်အားလုံး၏ ဝ့၃% ကိုသာ စိတ်ကျန်းမာရေး အတွက် သုံးသည်ကိုတွေ့ရသည်။ တနည်းဆိုသော် မြန်မာနိုင်ငံတွင်စိတ်ကျန်းမာ ရေးအတွက်ငွေကြေးထောက်ပံ့မှုမှာ ဆိုးရွားစွာနည်းပါးနေပါသည်။ ၂၀၁၂ခုနှစ်အထိ မြန်မာနိုင်ငံ သည်ကမ္ဘာပေါ်တွင်ကျန်းမာရေးစောင့်ရှောက်မှုနှုန်းအနိမ့်ဆုံးတိုင်းပြည်ဟုတချိန်ကတွေးခဲ့ကြသည်။ ထိုကာလမှစ၍ကျန်းမာရေးစောင့်ရှောက်မှုအတွက်ပိုမိုသုံးစွဲလာသော်လည်း GDP ဖွံ့ဖြိုးတိုးတက်မှုရာ ခိုင်နှုန်းသည် အာဆီယံဒေသတွင်းတွင်အနိမ့်ဆုံးဖြစ်ပြီး အာဖရိကမှလွဲ၍ ကမ္ဘာပေါ်တွင်အနိမ့်ကျဆုံး အဖြစ်ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံသည်ကျန်းမာရေးစောင့်ရှောက်မှုတွင်ငွေကြေး ရံပုံငွေနည်းပါးခြင်း၊ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း တို့ဖြင့်နှစ်ပေါင်းများစွာဖြတ်သန်းနေရကြောင်းသိရှိ ထားသင့်သည်။ DFID အရ ရံပုံငွေတိုးလာသည့်တိုင်၊ ဆယ်စုနှစ်ပေါင်းများစွာလစ်လျူရှုခံထားရပြီး စီမံခန့်ခွဲမှုအလွဲများကို ပြန်လည်တည့်မတ်စေရန် ငွေကြေးရံပုံငွေအမြောက်အမြားထပ်မံဖြည့်သွင်း ပေးဖို့လိုအပ်သည်ဟုဆိုပါသည်။

    ဆက်လက်လှုပ်ရှားနေသော နိုင်ငံဝန်ထမ်းများ၏ အမိန့်မနာခံသည့်လှုပ်ရှားမှု (CDM) နှင့် အာဏာ သိမ်းစစ်တပ်၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံအုပ်ချုပ်မှုတို့က ကျန်းမာရေးစောင့်ရှောက် မှုစံနစ်အပေါ်မည်သို့သက်ရောက်မည်ကိုစောင့်ကြည့်ရမည်ဖြစ်သည်။ ထိုဂယက်တို့၏ရလာဒ်မှာ လည်း အကောင်းဖြစ်လာနိုင်ချေမရှိပေ။ မိမိတို့တွေ့မြင်ခဲ့သည့်အတိုင်း အတိတ်ကစစ်အုပ်ချုပ်ရေး တိုင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်သည့်ငွေကြေးသုံးစွဲမှုမှာ စိုးရိမ်ဖွယ် ကောင်း လောက်အောင်နဲပါးခဲ့ သည်မှာတိုက်ဆိုင်လွန်းလှသည်။ ယခုလောလောဆယ်တွင် စစ်အုပ်စု မှ ကျန်းမာရေးဝန်ထမ်းများအပေါ် အုပ်ချုပ်ရေးတည်ငြိမ်မှုကိုခြိမ်းခြောက်နေသူများဟုမှတ်ယူနေသည့် လုပ်ရပ်ကလည်း ကောင်းမွန်သည့်လက္ခဏာမဟုတ်ပါ။ အာဏာသိမ်းသည့်အချိန်မှမေလဆန်းအထိ ကျန်းမာရေးဝန်ထမ်း ၉၇ ဦး ဖမ်းဆီးခံရ ၍ ၁၀ဦးအသတ်ခံရပြီး CDM တွင် ပါဝင်သည့် ကျန်းမာရေး ဝန်ထမ်း အယောက်၄၀၀ မှာ ဖမ်းဝရမ်းထုတ်ခံထားရသည်။ ကျန်းမာရေး ဝန်ထမ်းထောင်ချီ ၍ ဆက်လက် ဆန္ဒပြနေကြရာ  တိုင်းပြည်၏ဆေးရုံဆေးခန်း ၈၀% ပါဝင်သည့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု စံနစ် ကိုယိုင်လဲစေသည်။

    ဆန္ဒပြသည့်ဆရာဝန်များကကိုယ်ပိုင်လျို့ဝှက်ဆေးခန်းများဖွင့်ထားသော်လည်း လူနာနှင့်ဆရာဝန် အင်အားမမျှတသည့်အပြင် ဆေးခန်းဖွင့်ထားသည်ကိုသိရှိသွားပါကအဖမ်းဆီးခံရနိုင်သည့်အန္တရာယ် ပါရင်ဆိုင်နေရသည်။ လူသားချင်းစာနာမှုလုပ်ငန်းများကိုမြေပြင်တွင်ဆောင်ရွက်နေသော နယ်စည်း မခြားဆရာဝန်များအဖွဲ့ Medicins San Frontiers မှ ဒေါက်တာမစ်ချဲလ်ဆန်မာကပြည်သူ့ကျန်းမာ ရေးစံနစ်မှာပြိုလဲလုနီးပါးဖြစ်နေသည်ဟုဘီဘီစီကိုပြောသည်။ အလွန်ဆိုးရွားသည့်အခြေအနေ ဖြစ်နေလေပြီ။ ပုဂ္ဂလိကဆေးခန်းတွင်ပြသရန်မတတ်နိုင်ပါက အခြားမည်သည့်ကျန်းမာရေး စောင့်ရှောက်မှုမှမရနိုင်ပေ။ လက်ရှိတွင်သုတေသနစစ်တမ်းကောက်ယူမှုမရှိသော်လည်းလူထု စိတ်ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းက ပုံမှန်အခြေအနေကောင်းမှာပင် အကန့်အသတ်ရှိသည် ဖြစ်ရာယခုလိုလူ့အသက်ကယ်ဖို့ဆေးကုရန်ပင်မဖြစ်နိုင်တော့သည့်အခြေအနေတွင်စိတ်ကျန်းမာ ရေးဝန်ဆောင်မှုမှာလုံးဝမရှိသလောက်နီးပါးပင်ဖြစ်လေသည်။

    စိတ်ကျန်းမာရေးအပေါ်နားလည်မှုမရှိခြင်း

    စိတ်ကျန်းမာရေးအပေါ် ပြည်သူလူထုနားလည်မှုကလည်း စိုးရိမ်စရာကိစ္စတခုဖြစ်သည်။ စိတ်ကျန်းမာ ရေးနှင့်ပတ်သက်သည့်အကြောင်းအရာ များကို ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှစိတ်ပညာဘာသာ နှင့်ဘွဲ့ရထားသည့်နေခြည်စိုး (အမည်လွှဲ) နှင့် မကြာသေးမီကစကားပြောဖြစ်သည်။ အချက် ၂ချက် ထွက်ပေါ်လာသည်။ ပထမအချက်မှာ စိတ်ပညာဘာသာရပ်လူကြိုက်နဲရသည့်အကြောင်းဖြစ်သည်။ သူမဘွဲ့ရသည့်နှစ်တွင် ဘွဲ့ရကျောင်းသားလေးထောင်ကျော်မှာ သူမနှင့်အတန်းတူသည့်ကျောင်းသား က ၃ဦးသာရှိသည်။ သူမ တက်သည့်နှစ်တွင်လူကြိုက်အနဲဆုံးဘာသာရပ်သင်တန်းဖြစ်သည်။ အင်ဂျင် နီယာဘာသာရပ်နှင့်ဥပဒေဘာသာရပ်များတွင်ကျောင်းသား ရာနှင့်ချီရှိနေချိန်တွင်စာကြည့်တိုက်နှင့် သတင်းပညာသင်တန်းတွင်ပင် ကျောင်းသားဦးရေ ၁၀ဦးခန့်ရှိသေးသည်။

    ဒုတိယအချက်အနေနှင့်ပြောဖြစ်သည်ကမိတ်ဆွေအပေါင်းအသင်းများ၊ မိသားစုဆွေမျိုးများ၊ ဘဝတူ ကျောင်းသားများ၏တုန့်ပြန်မှုပင်။ သူမမည်သည့် ဘာသာကိုလေ့လာနေသည် ဟုပြောလိုက် သည်နှင့် “ဟင့်နင်ကရွာသာကြီး (ရန်ကုန်စိတ်ရောဂါကုဆေးရုံ) သွားချင်လို့လား“ဖြစ်သည်။ “ဒါဆိုရင်ပြောပါအုံး ကျီးကန်းတွေက နဂိုရ်ထဲကမဲတာလားဖြူတာလား”(ကြက်နှင့်ကြက်ဥ မည်သည်ကအရင်ဖြစ်သနည်းဆိုသည်နှင့်အလားတူမြန်မာဥပမာ)။  ဤသို့ မှတ်ချက်ပေးခံရခြင်းမျိုးက စိတ်ပညာဘာသာရပ်အပေါ်မည်မျှနားလည်မှုလွဲမှားနေကြောင်း တနည်းအားဖြင့်ပြနေခြင်းဖြစ်သည်။ ကျီးကန်းဥပမာကတော့ဒဿနဆိုင်ရာမေးခွန်းဖြစ်သည်။ ကြက်/ကြက်ဥ သို့မဟုတ်ကျီးဖြူ/ကျီးမဲ တို့သည်ကြောင်းကျိူးသဘာဝဆိုင်ရာ ဒဿနဝိရောဓိသာဖြစ်ပြီး စိတ်ပညာနှင့်လုံးဝမသက်ဆိုင်ပေ။  လူတို့ကစိတ်ပညာဘာသာရပ်ကိုအခြားဘာသာရပ်နှင့်မရောထွေးသည့်တိုင် ပြင်းထန်သည့်စိတ် ရောဂါဝေဒနာနှင့်ဆက်စပ်လေ့ရှိကြသည်။ စိတ်ပညာဘာသာရပ်ကိုအကြီးအကျယ်နားလည်မှု လွဲနေလေပြီ။

    အားတက်စရာနိမိတ်လက္ခဏာများ

    မည်သို့ပင်ဖြစ်စေ စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းအတွက် အားတက်စရာ နိမိတ်လက္ခဏာများကို ပုဂ္ဂလိက ကဏ္ဍတွင်အထူးသဖြင့် တွေ့ရသည်။ မြန်မာပြည်တွင်တက်တက် ကြွကြွဆောင်ရွက်သောအဖွဲ့များထဲမှတစ်ခုမှာ ရန်ကုန်အခြေစိုက် UNFPA မှထောက်ပံ့သည့်  Mental Health Psychosocial Support (MHPSS) Working Group ဖြစ်ပြီး ယင်းအဖွဲ့မှရယူနိုင်သည့် န်ဆောင်မှုများကိုပြသည့်စာရင်းတွင် ၆မျိုးခန့်ပါဝင်သည်။

    ပုဂ္ဂလိကစိတ်ကျန်းမာရေးဆိုင်ရာအရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Counselling Corner တည်ထောင်သူ အောင်မင်းသိန်းက မြန်မာပြည်တွင်စိတ်ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများပေး ရာ၌ကြုံတွေ့ရသည့်အခက်အခဲများ မည်သို့ဖြေရှင်းရသည်ကို ကျွန်တော့်အား ရှင်းပြပါသည်။

    သူပြောပြချက်အရ “မြန်မာလူမျိုးတွေကနှစ်သိမ့်ဆွေးနွေးတာမျိုးကိုသိပ်မရင်းနှီးကြဘူး၊ အများအားဖြင့်စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးလည်းသူများကိုဝန်ထုတ်ဝန်ပိုးမဖြစ်စေချင်ကြဘူး”ဟုဆိုသည်။ယင်းမှာ အဓိကအချက်၂ချက်ကြောင့်ဖြစ်သည်၊ ဗဟုသုတနည်းပါးခြင်းနှင့်တိုင်းပြည်တွင် လက်ရှိ စိတ်ကျန်းမာရေးမှာ ဒဏ်ရာအပြည့်ဖြစ်နေပီး နောက်တချက်မှာ- “သူတပါးကိုဒုက္ခမပေး ချင်သည့်အားနာတယ်ဆို”သည့် ခံစားချက်မျိုးကြောင့်လည်းဖြစ်သည်။ ထိုကြောင့်ကျွန်တော်တို့ အနေနှင့်စိတ် ကန်းမာရေးဆိုင်ရာအကူအညီ များပေးရန်ကြိုတင်ဆောင်ရွက်သည့် ချဉ်းကပ်နည်း ကျင့်သုံးဖို့အသက်တမျှအရေးကြီးသည်။ စိတ်ပိုင်းဆိုင်ရာပြဿနာများကို နားထောင်ပေးသည့်နည်းမှာ အရေးပါသည့်အခန်းကဏ္ဍဖြစ်သော်လည်းရလာဒ်ကောင်းရရန်အတွက် ထိခိုက်ခံစားနေရသူများနှင့် စိတ်ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများ အကြား အမှန်တကယ် အဓိပ္ဗါယ်ရှိရှိ အပြန်အလှန် ဆွေးနွေးတိုင်ပင်ခြင်းလိုအပ်သည်။ အပြန်အလှန်တွေ့ဆုံဆွေးနွေးပွဲများသည် အဖွဲ့ငယ်လေးများ ဖွဲ့ပြီးအချင်းချင်းကိုယ့်အကြောင်း လွတ်လွတ်လပ်လပ်ပြောဆိုစေရန် တိုက်တွန်းအားပေးသဖြင့် ထိုဆွေးနွေးပွဲများတွင်တူညီသည့်အတွေ့အကြုံခံစားချက်များမျှဝေမိနေသည်ကိုလည်းသတိပြုမိ ကြပြီးနှစ်သိမ့်ဆွေးနွေးခြင်းအတွက်အကောင်းဆုံးဝန်းကျင်တစ်ခုဖြစ်ပေါ်စေသည်ကိုတွေ့ရှိရသည်။

    အာဏာသိမ်းပြီးနောက်ပိုင်း စိတ်ကျန်းမာရေး

    အထူးသဖြင့် လက်ရှိနိုင်ငံရေးအခြေအနေကိုထည့်သွင်းစဉ်းစားပါကအနာဂါတ်တွင်ငွေရေးကြေးရေး၊ ဥပဒေရေးရာ၊ ဖွဲ့စည်းတည်ဆောက်မှုနှင့်ဓလေ့ထုံးစံယဉ်ကျေးမှုဆိုင်ရာအပြောင်းအလဲများဖော်ဆောင် ရန် အချိန်ကြာမြင့်ပေလိမ့်ဦးမည်။ စစ်အာဏာသိမ်းအုပ်ချုပ်သူများအနေဖြင့်သူတို့ချမှတ်ထားသော စည်းမျဉ်းများကိုဝေဖန်ခြင်းအား လုံးဝလက်မခံကြောင်း ရှင်းရှင်းလင်းလင်းပြော ထားပြီးဖြစ်ရာ စိတ်ကျန်းမာရေးအတွက် မည်သည့် စည်းရုံးလှုပ်ရှားမှုမျိုးကိုမဆိုလုပ်ဆောင်နိုင်ရန်အခက်အခဲ ဖြစ်စေသည်။ ယခင်ကစိတ်ကျန်းမာရေးဆိုသည်မှာမြန်မာနိုင်ငံတွင် ပြဿနာတရပ် ဖြစ်ခဲ့သည် မှန်သော်လည်း စစ်အာဏာသိမ်းမှုကြောင့်နောက်ဆက်တွဲ ဖြစ်လာသည့်အကျိုးဆက်၊ ဖြစ်နေဆဲ အပျက်အစီးများကြောင့် ပိုမိုဆိုးရွားလာ သည်။ (ထောင်ချခံရခြင်း၊ ကိုယ်ထိလက်ရောက်ရိုက်နှက် ခံရခြင်းကဲ့သို့) အလွန်အကျွံ စိတ်ဒဏ်ရာရစေသောအတွေ့အကြုံများ တိုက်ရိုက်မခံစားရသည့်တိုင် ဖေ့စ်ဘွတ်စာမျက်နှာတွင်အကောင့်ရှိသူ မည်သူမဆို စိတ်ကျန်းမာရေးအကြီးအကျယ်ထိခိုက်နိုင် စေသည့် ပို့စ်များ၊ သတင်းများကိုဖတ်ရှု့နေကြရသည်။ စိတ်ဖိစီးမှုဖြစ်ရခြင်းအကြောင်းတွင်စစ် အာဏာသိမ်းမှုကြောင့် စီးပွားရေးနစ်နာထိခိုက်ခြင်းများ၊ ဥပမာ- လူအမြောက်အများအလုပ်လက်မဲ့ ဖြစ်ခြင်း၊ ငွေကြေးမလုံခြုံခြင်း၊ တို့သည် ယခင်ရှိပြီး ဖြစ်သည့်ကိုဗစ်-၁၉ ကြောင့်အခက်အခဲများ၊ အတိတ်မှစိတ်ဒဏ်ရာများ၊ သို့မဟုတ် လူတဦးချင်းဘဝတွင်ကြုံတွေ့ရသည့် အခက်အခဲများ အပေါ်ထပ်ဆင့်ဖြစ်ပွားစေသည်။

    စစ်အာဏာသိမ်းမှုကြောင့်စိတ်ကျန်းမာရေးထွက်ပေါက်မရှိ ခြောင်ပိတ်မိသောခံစားမှုဖြစ်စေသည်။ လူအများခံစားရမည့်စိတ်ကျန်းမာရေးဆိုင်ရာပြဿနာများမှာစစ်အာဏာသိမ်းမှုကြောင့်သာလျှင် တိုက်ရိုက်ဖြစ်ချေသည်။သို့ သော် မည်သည့်ကုထုံးမျှလည်းထိုကိစ္စကိုကျော်လွှားနိုင်ခြေမရှိသကဲ့သို့ စိစစ်မေးမြန်းခံရသည့် အန္တရာယ်အဖြစ်ခံမည်လား- ထို့ထက်ပိုဆိုးမည်လား စိုးရိမ်ရသဖြင့် အပြစ်ပုံချ ၍ လည်းမရပေ။ ကျွန်တော့်ကို အောင်မင်းသိန်းပြောသလိုပင် ကုထုံး၏အရေးပါသောအချက်မှာ အခြားသူတစ်ဦး၊ တစုံတရာ အပေါ်အပြစ်ပုံချခြင်းမဟုတ်ပဲ မိမိကိစ္စကိုမိမိဖာသာဖြေရှင်းခြင်း ဖြစ်သည်။ သူ့ချဉ်းကပ်နည်းမှာခံစားချက်ဖြစ်ပေါ်လာရသည့်အကြောင်းအရာထက် တစ်ဦးတစ် ယောက်ချင်းမှမိမိခံစားချက်များကိုသတိထားအာရုံစိုက် နည်းဖြစ်သည်။ ဤနည်းဖြင့်  စစ်အာဏာ သိမ်းမှုကိုတရားဝင်ဖြစ်စေသည်ဟုမဆိုလိုပါ၊ လူထု အနေနှင့် စစ်အာဏာ ရှင်ကိုဆန့်ကျင်ရာတွင် လိုအပ်သည့်ကြံခိုင်မှုမှာ  မိမိတို့ကိုယ်တိုင် စိတ်ကျန်းမာရေးကောင်းမွန်မှု အပေါ်မူတည်ကြောင်း သိမှတ်နားလည်ရန်ဖြစ်ပါသည်။

    မရေရာမသေချာသော အခြေအနေဖြစ်သော်လည်း ပထမ စလှမ်းရမည့်ခြေလှမ်းမှာ ရှင်းလင်း သိသာ   ပါသည်။ မြန်မာနိုင်ငံတွင်စိတ်ကျန်းမာရေးနှင့်ဆိုင်သော စွဲထင်နေသည့်စိတ်ဒဏ်ရာတို့ကိုဖြေရှင်းရန် လိုပါသည်။ စိတ်ကျန်းမာရေးအတွက်အကုူအညီတောင်းခြင်းမှာလုံးဝသဘာဝကျပြီးအကျိုးရှိစေ ကြောင်းကိုလည်း လူထုသဘောပေါက်ရန် ကူညီဖေးမရပါမည်။ သို့မှသာစိတ်ကျန်းမာရေးနှင့်ပတ် သက်သည့်ပြဿနာများမှန်မှန်ကန်ကန်ဖြေရှင်းနိုင်မည်ဖြစ်သည်။

    ရင်းမြစ်များ

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပေါ်လာသည့်ပြည်တွင်းနှင့်နိုင်ငံတကာ စေတနာ့ဝန်ထမ်း အခြေပြု နှစ်သိမ့်ဆွေးနွေးသည့်အဖွဲ့များ။ MHPSS၏ဝန်ဆောင်မှုရယူနိုင်သော အဖွဲ့များစာရင်းတွင်လည်း စာရှုသူများ လေ့လာနိုင်ပါသည်။

    ၂၀၁၄ ခုနှစ်တွင် UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံးတွင် တာဝန်ထမ်းဆောင်ရန် ရန်ကုန်သို့ ချာလီပြောင်းရွှေ့ခဲ့သည်။ တာဝန်ပြီးဆုံးသည့်အခါ BRAC တွင်ပြောင်းရွှေ့လုပ်ကိုင်သည်။ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့်လုပ်ကိုင်ရသည်ကိုမနှစ်သက်ကြောင်းသိလာသဖြင့်ဂီတဖျော်ဖြေတင်ဆက်သည့် ဖက်တွင်လှုပ်ရှားခဲ့သည်။ နောင်၂နှစ်အကြာတွင် ပြည်တွင်းအနုပညာရှင်များနှင့် စတင်အသံသွင်းခဲ့သည်။ ယခု အခါနာမည်ကြီး အနုပညာရှင်များ  ပရိသတ်အားကောင်းသူများ နှင့်လူမှုကွန်ယက်တွင် အများအကျိုးရှိစေမည့် သတင်းစကားများရေးသားနေသည်။ မြန်မာစကားလည်းအတော်ကျွမ်းကျင်စွာပြောနိုင်သည်။ နာရီကုမ္ဗဏီ တခုလည်းတည်ထောင်ထားရှိပါသည်။ ချာလီရေးသားခဲ့သောစာပေများမှာ  Microfinance and the Ultra-poor,  the War on DrugsSuu Kyi and Islamophobia နှင့် the hip hop scene in Myanmar တို့ဖြစ်သည်။

    ဤဆောင်းပါးကို လဘက်ရည်ဝိုင်းဘာသာပြန်အဖွဲ့မှမြန်မာဘာသာသို့ပြန်ဆိုပါသည်။