8 Minutes To Read

သတ္ထန္တရကပ်နှင့် ထိပ်တိုက်ရင်ဆိုင်ရမှုတွင် တုဏှိဘာ၀ေဖြစ်သွားကြခြင်း၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအတွင်း ဖွဲ့စည်းပုံဆိုင်ရာ အပြောင်းအလဲ လိုအပ်နေမှု

8 Minutes To Read
  • English
  • အောင်စိုး (ကလောင်အမည်) အနေဖြင့် မြန်မာနိုင်ငံ၏ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပေါ် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တုန့်ပြန်မှုများနှင့် ပတ်သက်သည့် အကျိုးဆက်များအား ရှာဖွေဖော်ထုတ် ရေးသား ထားပါသည်။

     

    မူရင်းပို့စ်အား နို၀င်ဘာ ၃ရက်၊ ၂၀၂၁ ခုနှစ်တွင် ပုံနှိပ်ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှု လိုပါက ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

    Related

    မြန်မာနိုင်ငံ၏ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုသည် ကမ္ဘာပေါ်ရှိ လူသားမျိုးနွယ်စုအပေါ် အစုလိုက်၊အပြုံလိုက် အကြမ်းဖက်ရက်စက်မှုများ ကျူးလွန်ခံရသည့်အခြေအနေမျိုးတွင် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပဏာမတာ၀န်ဖြစ်သည့် “နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအား ကာကွယ်ရန်” ဆိုသည့် တတာ၀န်အားလိုက်နာနိုင်စွမ်းမရှိသည့်အချက်ကို မီးမောင်းထိုးပြလိုက်သကဲ့သို့ ဖြစ်နေပါသည်။  စစ်အာဏာသိမ်းပြီးနောက် လပေါင်းများစွာကြာမြင့်ခဲ့သည့်အချိန်ထိ မိမိအနေဖြင့် မြန်မာနိုင်ငံအ၀ှမ်းတွင် သန်းနှင့်ချီသည့် ငြိမ်းချမ်းစွာထုတ်ဖော်ဆန္ဒပြကြသည့် ပြည်သူများနှင့်အတူ ချီတက်ဆန္ဒပြကာ ကမ္ဘာ့လုံခြုံရေးကောင်စီမှ ၎င်းတို့၏ “Responsibility to Protect” အား အကောင်အထည်ဖော်ရန် တိုက်တွန်းတောင်းဆိုခဲ့သည့်။ R2Pသည် “လွန်စွာဆိုးရွားသည့် အကြမ်းဖက်မှုများနှင့် ဖမ်းဆီး ချုပ်နှောင် များခံစားကြရသည့် ပြည်သူများအား ကာကွယ်ပေးရန်” ထားရှိခဲ့ကြသည့် နိုင်ငံရေးဆိုင်ရာ ကတိက၀တ် တစ်ရပ်ဖြစ်ပြီး ၂၀၀၅ခုနှစ် ကမ္ဘာလုံးဆိုင်ရာညီလာခံတွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၀င်နိုင်ငံများအနေဖြင့် ထိုကတိက၀တ်အား သဘောတူညီခဲ့ကြခြင်းဖြစ်သည်။​ R2P အား အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ စစ်အာဏာသိမ်းဆန့်ကျင်သူများ၏ ပဏာမတောင်းဆိုချက်များသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရေး (သို့မဟုတ်) နိုင်ငံတကာအသိုင်းအ၀ိုင်းမှ အတူတကွဖော်ဆောင်ကြရမည့် ပိတ်ဆို့မှုများနှင့် လက်နက်တင်သွင်းခွင့်ရပ်ဆိုင်းစေခြင်းဖြစ်သည် မြန်မာစစ်တပ်၏ အာဏာရှင်ဆန်သည့် အကြမ်းဖက်ဖြိုခွင်းမှုများနှင့် မရေတွက်နိုင်သည့် ကြမ်းကြုတ်ရက်စက်မှုများကြောင့် စစ်အာဏာသိမ်းပြီးခါစ အခြေအနေမှသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးအခင်းတစ်ရပ်သို့ လျင်မြန်စွာ ဆုတ်ယုတ်သွားစေခဲ့သည်။ သို့သော်လည်း ဆန္ဒပြပြည်သူအများအနေဖြင့် မယုံကြည်နိုင်လောက်အောင် အံ့သြရသည့်ဖြစ်ရပ်မှာမူ မြန်မာနိုင်ငံ၏ လျင်မြန်စွာဆုတ်ယုတ်ပျက်စီးလာသည့် အနေအထားကို ကိုင်တွယ်ဖြေရှင်းရာတွင် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ရှုတ်ချကန့်ကွက်သည့် ကြေညာချက် များမှအပ မည်သည့်လုပ်ရပ်ကိုမှ ကျော်လွန်လုပ်ဆောင်နိုင်ခြင်းမရှိခြင်းပင် ဖြစ်ပါသည်။ ထိရောက်သည့် လုပ်ရပ်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်ရသည့် အကြောင်းမှာ အဖွဲ့၀င်နိုင်ငံအများစု၏ ရည်ရွယ်ချက်ကို ကျော်လွန်၍ ဖြစ်ပွားသည့်ဖြစ်ရပ်ဖြစ်ပါသည်။ ၎င်းကဲ့သို့ တာ၀န်ယူရန် ပျက်ကွက်ရခြင်းမှာ ကမ္ဘာ့လုံခြုံရေးကောင်စီ၏ ဖွဲ့စည်းပုံကြောင့်ဖြစ်သည်၊ ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအား ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းသည်သာလျှင် ယခုပြဿနာများအတွက် ဖြေဆေးဖြစ်ပါသည်။

    ကမ္ဘာ့ကုလသမဂ္ဂ၏ ၁၉၄၆ခုနှစ် ဇန်န၀ါရီလ ၁၇မှစတင်သည့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ပထမဦးဆုံးအစည်းအ၀ေးမှသည် ယခုအချိန်ထိ ပထ၀ီနိုင်ငံရေးကဏ္ဍတွင်သာ ကြီးမားသည့် အပြောင်း အလဲများရှိခဲ့ပြီး အခြားမည်သည့်တိုးတက်ဖြစ်ထွန်းမှုမျှ မည်ကာမတ္တမရှိခဲ့ပါ။ ကမ္ဘာ့ကုလသမဂ္ဂကို စတင်ဖွဲ့စည်းတည်ထောင်စဥ်ကအတိုင်းပင် ကောင်စီတွင် အဖွဲ့၀င်၁၅နိုင်ငံမှ ကိုယ်စားပြုပါ၀င်နိုင်ပြီး အလှည့်ကျတာ၀န်ယူရသည့် အမြဲတမ်းမဟုတ်သည့်ကိုယ်စားပြုသူများကို နှစ်နှစ်လျှင်တစ်ကြိမ်ရွေးကောက် တင်မြှောက်ပြီး အမြဲကိုယ်စားပြုခွင့်ရသည့်နိုင်ငံများမှာ အမေရိကန်ပြည်ထောင်စု၊ ရုရားဖယ်ဒရေးရှင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြင်သစ်နိုင်ငံနှင့် ယူကေနိုင်ငံတို့ဖြစ်ကြပြီး ၎င်းဖွဲ့စည်းပုံမှာစတင်ချိန်မှယခုထိတိုင် မပြောင်းမလဲတည်ရှိနေသည်ဖြစ်သည်။  ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမြဲကိုယ်စားပြုခွင့် ရသည့်နိုင်ငံများအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရှိ အခြားသောအဖွဲ့၀င်နိုင်ငံများမှ မည်မျှပင် သဘောတူညီမှုပေးအပ်ထားသည့် ကြေညာချက်များကိုမဆို ဗီတိုအာဏာဖြင့် ပယ်ချနိုင်သည်။​ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအား နိုင်ငံတကာအဖွဲ့အစည်းအသီးသီးမှ ၀ေဖန်ခြင်းနှင့် ကောင်စီ၏ဖွဲ့စည်းပုံကို ပြောင်းလဲပစ်ရန်အတွက် တောင်းဆိုမှုများသည် စစ်အေးတိုက်ပွဲပြီးချိန်မှစတင်၍ တစ်ကမ္ဘာလုံးတွင် ပဲ့တင်ထပ်လာခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအား ၎င်းကဲ့သို့ ပိုက်စိပ် တိုက်တောင်းဆိုချက်များ ပြုလုပ်ရခြင်းမှာ လုံခြုံရေးကောင်စီအနေဖြင့် အမြဲတမ်းအဖွဲ့၀င်အဖြစ် သတ်မှတ်ပေးထားသောနိုင်ငံများမှ ၎င်းတို့၏ နိုင်ငံရေးအကျိုးစီးပွားများအပေါ်အခြေခံ၍ မတန်တဆ လုပ်ပိုင်ခွင့်များရရှိစေခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးကိစ္စများတွင် အဖွဲ့၀င်နိုင်ငံတစ်နိုင်ငံ ချင်းစီ၏ နိုင်ငံရေးကိုယ်ကျိုးစီးပွားများကို ၀င်ရောက်ရှုပ်ထွေးစေခြင်း တို့ကြောင့်ဖြစ်ပါသည်။ ထို့အပြင် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအား အဖွဲ့အစည်းဆိုင်ရာ အပြောင်းအလဲပြုလုပ်ရန် တိုက်တွန်းရခြင်းမှာ ၎င်းတို့၏ ခေတ်နှင့်လျော်ညီမှုမရှိတော့သည့် P5 ဟုခေါ်သည့် အမြဲတမ်းအဖွဲ့၀င်ငါးနိုင်ငံအား ဗီတို အာဏာလုပ်ပိုင်ခွင့်ပေးခြင်းနှင့် “၂၁ရာစု၏ဖြစ်ရပ်မှန်အခြေအနေများအပေါ် ကောင်းစွာထင်ဟပ်နိုင်ခြင်း” မရှိခြင်းတို့ကြောင့် အဓိကဖြစ်ပါသည်။

    ၂၁ရာစု၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးကိစ္စများကို ဖြေရှင်းရာတွင် ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အားထုတ်မှုများသည် ထိရောက်မှုမရှိလှပါ။​ ၎င်းဖြစ်ရပ်မှာ ဗီတိုအာဏာများ၊ တစ်ဖက်တည်းကိုသာ အသာစီးရခွင့်ပေးသည့် မျှတမှုမရှိသည့်ရွေးကောက်ပွဲစနစ်များ (သို့မဟုတ်) လုံခြုံရေးကောင်စီအနေဖြင့် ပြောင်းလွယ်ပြင်လွယ်မရှိခြင်းနှင့် အချို့သောအဖွဲ့၀င်နိုင်ငံများ၏ လွှမ်းမိုးမှုကို မလွန်ဆန်နိုင်သည့်အတွက် အပြောင်းအလဲဖော်ဆောင်ရန်ပျက်ကွက်ခြင်းတို့ကြောင့် ဖြစ်ပါသည်။  ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပဏာမဖွဲ့စည်းပုံသည် ပထ၀ီနိုင်ငံရေးအနေအထားအရ အင်အားကြီး သည့်နိုင်ငံများအနေဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်ထိန်းကျောင်းရန်ဆိုသည့် မျှော်မှန်းချက်ဖြင့် ဖွဲ့စည်းခဲ့သော်လည်း ကောင်စီ၏ မူလရည်ရွယ်ချက်နှင့် စေတနာသဒ္ဒါတရားကိုလွန်ဆန်သည့် လုပ်ရပ်များ ကိုခွင့်ပြုထားခြင်းကြောင့် ကောင်စီ၏ရည်ရွယ်ချက်ဖြစ်သည့် နိုင်ငံအချင်းချင်း အပြန်အလှန်ထိန်းကျောင်း ရန်ဆိုသည့်အချက်အား ဖြောင်ဖြောင့်ကြီးဆန့်ကျင်နေမှုများကိုသာ ကြုံတွေ့ခဲ့ရပါသည်။ ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဖွဲ့စည်းပုံအား ပြန်လည်ပြင်ဆင်ရန်လိုအပ်သည့်အချက်မှာ ၂၁ရာစုတွင် ဖွံ့ဖြိုးတိုးတက်လာသော ကမ္ဘာသစ်၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် ပိုမိုတန်းတူညီမျှရှိသည့်ကမ္ဘာကို ဖန်တီးနိုင်စေရန်အတွက် တာ၀န်ရှိသည့်နိုင်ငံများအနေဖြင့် ၎င်းတို့၏လုပ်ရပ်များအတွက် တာ၀န်ခံနိုင်ရေးကို အလေးထားဆောင်ရွက်ရန်ဖြစ်ပါသည်။

    ကမ္ဘာ့ကုလသမဂ္ဂ ပဋိညာဥ်စာတမ်းအရ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ အရေးကိစ္စကို တုံ့ပြန်ဖြေရှင်းရန် တာ၀န်ရှိသည်။ သို့သော်လည်း ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဖွဲ့စည်းထားပုံကြောင့် ကောင်စီအနေဖြင့် မြန်မာနိုင်ငံကြုံတွေ့နေရသည့် စိုးရိမ်ထိတ်လန့်ဖွယ်ရာကောင်းသည့် အခြေအနေကို ဖြေရှင်းနိုင်စွမ်းမရှိသေးပါ။ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့အရေး အားဖြေရှင်းရန်ကျရှုံးခဲ့ပြီး ၎င်း၏အဖွဲ့အစည်းအတွင်း၌ဖြစ်သည့် အဖြစ်အပျက်များကြောင့် ကောင်စီအား ဖွဲ့စည်းတည်ထောင်ခဲ့သည့် ရည်ရွယ်ချက်နှင့်စေတနာကို ပြည့်မှီရန်အတွက်ပါ ကျရှုံးနေခဲ့ပြီးဖြစ်ပါသည်။ အဖွဲ့အစည်းပိုင်းဆိုင်ရာ အပြောင်းအလဲကိုပြုလုပ်ခြင်းသည်သာလျှင် ရေရှည်တွင် ယခုကဲ့သို့ မည်သည့်လုပ်ရပ်မှ လုပ်ကိုင်နိုင်ခြင်းမရှိခြင်းမျိုး ထပ်မံမဖြစ်ပွားရန် ကာကွယ်တားဆီးနိုင်မည်ဖြစ်သည်။

    Image by Patrick Gruban, from Flickr

    ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအား Neorealist အမြင်ဖြင့်ကြည့်ခြင်း

    ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဖွဲ့စည်းပုံ ထိရောက်မှုမရှိခြင်းကို နားလည်ရန်အတွက် ကောင်စီအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးကိစ္စများတွင် ကမ္ဘာ့ကုလသမဂ္ဂပဋိညာဥ်စာတမ်းအား မည်သည့် အတွက်ကြောင့် တုံ့ပြန်ရန်တာ၀န်ရှိသနည်းဆိုသည်ကို လေ့လာဆန်းစစ်ရမည်ဖြစ်သည်။ ဤနေရာတွင် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံအရေးအားတုံ့ပြန်ပုံသည် လေ့လာစရာ အကြောင်းအရာတစ်ရပ်ဖြစ်လာသည်။ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအား ကမ္ဘာ့ကုလသမဂ္ဂပဋိညာဥ် စာတမ်း၏ အခန်း ၅၊ အပိုဒ် ၂၄၏ “နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ကာကွယ်ရန် အဓိကတာ၀န်ရှိသည်”ဆိုသည့် ပြဌာန်းချက်အရ ဖွဲ့စည်းထားခြင်းဖြစ်သည်။  ထို့အပြင် အခန်း ၁ အပိုဒ် ၁ တွင်ပါရှိသည့်အတိုင်း “ငြိမ်းချမ်းရေးအား ခြိမ်းခြောက်မှုများ၊ အင်အားသုံးအကြမ်းဖက်မှုများနှင့် ငြိမ်းချမ်းရေးအား ဖောက်ဖျက်ခြင်းကိစ္စရပ်များကို ကာကွယ်ရန်နှင့် ဖယ်ရှားပစ်ရန်” လည်း တာ၀န်ရှိသည်။   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ၎င်း၏စစ်တပ်ဖြစ်သော တပ်မတော်အနေဖြင့် မြန်မာနိုင်ငံတွင် ဖေဖော်၀ါရီလတစ်ရက်နေ့ စစ်အာဏာသိမ်းချိန်မှစတင်၍ ကျူးလွန်ခဲ့သည့် လုပ်ရပ်များသည် ငြိမ်းချမ်းရေးအား ဖောက်ဖျက်သည့်အပြုအမူနှင့် ခြိမ်းခြောက်မှုသာမက အင်အားသုံးအကြမ်းဖက်ဖြိုခွင်းမှုဟူ၍ပါ ဓမ္မဓိဌာန်ကျကျ အဓိပ္ပာယ်ဖွင့်ဆိုနားလည်နိုင်ပါသည်။​ သို့ပါသော်ကြောင့် ၎င်းပြဌာန်းချက်များနှင့်လျော်ညီစွာပင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် မြန်မာပြည်သူလူထုအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂပဋိညာဥ်စာတမ်းပါ ပြဌာန်းချက်များကို အသက်သွင်းရန်နှင့် တပ်မတော်၏ချေမှုန်းမှုများကို တုံ့ပြန်ရန် Responsibility to Protect (R2P) အား တောင်းဆိုခဲ့ကြခြင်းဖြစ်ပါသည်။

    ဖေဖော်၀ါရီလ စစ်အာဏာသိမ်းချိန်မှစတင်၍ တပ်မတော်အနေဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများ၊ စစ်တပ်အား၀ေဖန်သူများနှင့် သတင်းသမားများအား ညှင်းပန်းနှိပ်စက်ခြင်းများနှင့် တရားလက်လွတ် ဖမ်းဆီးသတ်ဖြတ်ခြင်းများအတွက် တပ်မတော်၌သာ တာ၀န်ရှိပါသည်။ The Assistance Association for Political Prisoners ၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ၂၈ရက်နေ့စွဲအထိ ပြည်သူပေါင်း ၁၁၃၉ ယောက်သည် တပ်မတော်၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရပြီး ၆၈၉၁ ဦးသည် ဖမ်းဆီးချုပ်နှောင်ခြင်းခံနေရဆဲဖြစ်သည်၊ သို့သော်လည်း ပကတိမြေပြင်တွင်သေဆုံးမှုများသည် ယခုဖော်ပြပါ ကိန်းဂဏန်းများထက် ပိုမိုများပြား နိုင်ပါသည်။ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch’s ၏ ၂၀၂၁ခုနှစ် အစီရင်ခံစာအရ တပ်မတော်အနေဖြင့် ၎င်းတို့ကိုပုန်ကန်သူများအား တရားလက်လွတ် ဖမ်းဆီးခြင်းများ၊ ချုပ်နှောင်ခြင်းများ၊ ညှင်းပန်းနှိပ်စက်ခြင်းများနှင့် သတ်ဖြတ်မှုများပြုလုပ်ခြင်းသည် ရိုဟင်ဂျာလူမျိုးများအပေါ် တွင် တပ်မတော်မှ ကျူးလွန်ခဲ့သည် လူသားမျိုးနွယ်စုအပေါ် ကြမ်းကြုတ်ရက်စက်မှုပြစ်မှုနှင့် တိုင်းရင်းသားလူမျိုးစုတစ်စုကို ပျက်သုဥ်းသွားစေရန်ကြိုးပမ်းမှုကမ်ပိန်း၏ နောက်တွင်ထပ်မံကျူးလွန်သည့် ပြစ်မှုဖြစ်ပါသည်။ ရှေ့တွင် ဖော်ပြခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂပဋိညာဥ်စာတမ်းပါ ဥပဒေသအရ ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့်် “လူမျိုးတုန်းသတ်ဖြတ်မှုများ၊ စစ်ရာဇ၀တ်မှုများ၊ တိုင်းရင်းသားမျိုးနွယ်စုတစ်ခု ပျက်စီးပျက်သုဥ်းသွားရန် အားထုတ်မှုများနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ” ဖြစ်ပေါ်သည့်အခါတွင် ကာကွယ်ပေးရန်အတွက်လည်း ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် ခြွင်းချက်မရှိသဘောတူထားပြီးဖြစ်သည်။​ မိမိကိုယ်ကို ခုံခံနိုင်စွမ်းမရှိသည့် ပြည်သူလူထုအပေါ် တပ်မတော် တစ်ဖက်တည်းမှ ကျူးလွန်သည့် အကြမ်းဖက်မှုများနှင့် ဖမ်းဆီးညှင်းပန်းမှုများသည် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ တုံ့ပြန်ဖြေရှင်းမှုကို လိုအပ်သည်မှာ သံသယဖြစ်ဖွယ်မဟုတ်ပေ။ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့်လည်း မြန်မာနိုင်ငံနှင့် အလားတူဖြစ်ရပ်များဖြစ်ပေါ်ခဲ့သည့် ရ၀မ်ဒါလူမျိုးများအား လူမျိုးသုဥ်းသတ်ဖြတ်မှု၊ ကိုဆိုဗိုစစ်ပွဲနှင့် ဆီးရီးယားပြည်တွင်းစစ်တို့တွင် တုံ့ပြန်ဖြေရှင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

    နိုင်ငံတကာ၏ တုံ့ပြန်မှုသည် အာမခံချက်ရှိပြီး ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့်လည်း ၎င်း၏ ဖွဲ့စည်းပုံပဋိညာဥ်အရ R2Pကို ဖော်ဆောင်ရန်တာ၀န်ရှိသည်ဆိုပါက ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေဖြင့် အဘယ်ကြောင့် R2Pကို အကောင်အထည်မဖော်သနည်းဟု မေးရန်ရှိလာသည်။  ထိုမေးခွန်း၏အဖြေမှာ သိသာနေသယောင်ရှိသော်လည်း တိကျသည့်အဖြေကို ကောင်းစွာဖြေဆိုနိုင်ရန်အတွက်မူ ကောင်စီတွင်း အာဏာများဆက်ယှက်လှုပ်ရှားပုံနှင့် ကောင်စီရှိ အဖွဲ့၀င်နိုင်ငံများ၏ ရည်ရွယ်ချက်များကို နားလည်ရန် ကြိုးပမ်းရမည်ဖြစ်သည်။  ၎င်းသို့ကြိုးပမ်းရာတွင် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အခန်းကဏ္ဍအား neorealism အမြင်မှ လေ့လာမည်ဖြစ်ပါသည်။ Neorealism ဆိုသည်မှာ နိုင်ငံတကာ နိုင်ငံရေးအား ၎င်းနိုင်ငံတို့၏ အုပ်ချုပ်မှုဥပဒေ (မင်းမဲ့ဆန်ခြင်း)၊ စနစ်၏ အစိတ်အပိုင်းများ (နိုင်ငံများ)နှင့် လုပ်ကိုင်နိုင်စွမ်းကို ဖြန့်၀ေခြင်းများ (စနစ်တွင်းရှိကြသော အင်အားကြီးနိုင်ငံအရေအတွက်) စသည့် အကြောင်းအချက်များက သတ်မှတ်သည်ဆိုသည့် အမြင်ဖြင့်ချဥ်းကပ်ခြင်းဖြစ်သည်။  နိုင်ငံတကာ၏ အမိန့်အာဏာနှင့် ကမ္ဘာ့ကုလသမဂ္ဂသည် ပင်ကိုယ်စရိုက်သဘာ၀အားဖြင့် ဗဟိုချုပ်ကိုင်မှုမရှိသည့် အတွက် ပါ၀င်သည့် နိုင်ငံများအနေဖြင့် တန်းတူညီတူအခွင့်အရေးများရှိကြပြီး ၎င်းတို့နိုင်ငံအတွက် အကောင်းဆုံး အကျိုးစီးပွားဖြစ်ထွန်းစေသောကိစ္စရပ်များနှင့် ၎င်းတို့၏ လက်၀ယ်အာဏာရရှိမှုထားကို ထပ်မံတိုးမြှင့် ရန်အတွက် ဆုံးဖြတ်ရာတွင် ကိုယ်ကျိုးအတ္တကို အခြေခံကာဆုံးဖြတ်နိုင်သည်။  ထိုနှိုင်းယှဥ်အောင်မြင်မှုများသည် security dilemma အရ အဖွဲ့၀င်နိုင်ငံများအတွက် အရေးကြီးသည်။ security dilemma ဆိုသည့် သီအိုရီမှာ အဖွဲ့၀င်နိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံအနေဖြင့် ကြုံတွေ့ရနိုင်သည့် အသက်ရှင်ရပ်တည်ရေးနှင့် ဓနအင်အားတောင့်တင်းမှုအတွက် ရရှိနိုင်သော နှိုင်းယှဥ်အောင်မြင်မှုများအား ပိုမိုအားကြီးစွာရရှိရန် လုပ်ဆောင်သကဲ့သို့ နှိုင်းယှဥ်ဆုံးရှုံးနိုင်ခြေများကိုလည်း လျော့နည်းသထက်လျော့နည်းအောင် ပြုလုပ် ကြခြင်းဖြစ်ပါသည်။

    Neorealist အမြင်အရကြည့်မြင်ဆိုပါက ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များအပေါ် သဘောတူသည် (သို့မဟုတ်) ကန့်ကွက်ဆန့်ကျင်သည်ဆိုသည့် မဲပေးမှုများသည် အဖွဲ့၀င်နိုင်ငံများ၏ အာဏာကိုပိုမိုချဲ့ထွင်ရန်နှင့် ၎င်းနိုင်ငံတို့၏ ပထဝီနိုင်ငံရေးနှင့် စီးပွားရေးအရ ရှင်သန်ရပ်တည်နိုင် မှုတို့အပေါ်တွင်သာ အခြေခံသည်ဆိုသည့်အချက်ဖြစ်သည် ကမ္ဘာ့ကုလ သမဂ္ဂ၏ ၇၅ ကြိမ်မြောက် အထွေထွေညီလာခံတွင် မြန်မာ့အရေးနှင့်ပက်သတ်၍ ထုတ်ပြန်ကြေညာခဲ့သည့် ဆုံးဖြတ်ချက် Resolution A/RES/75/287 များမှာ အထက်ဖော်ပြပါအခြေအနေ၏ ဥပမာပင်ဖြစ်သည်။​ စစ်အာဏာသိမ်းမှုအပေါ် လုံခြုံရေးကောင်စီ၏ ရှုတ်ချကန့်ကွက်ခြင်းကို လက်ခံရန် ဆန္ဒမဲပေးခဲ့ကြသည့် အဖွဲ့၀င် ၁၁၉နိုင်ငံအနေဖြင့် ၎င်းကဲ့သို့ထောက်ခံဆန္ဒမဲပေးခြင်းကြောင့် ၎င်းတို့အတွက် အကျိုးအမြတ်များရှိပြီး ဘီလာရုစ်နိုင်ငံအနေဖြင့် ဆန့်ကျင်ဆန္ဒမဲပေးခြင်းမှာလည်း ယင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အတွေးအခေါ်၊ အယူအဆပိုင်းဆိုင်ရာ ကိုက်ညီမှုအချို့ရှိသောကြောင့်ဖြစ်သည်။​ မည်သည့်ဆန္ဒမဲမှ မပေးကြသော နိုင်ငံများအနေဖြင့် ၎င်းကဲ့သို့ပြုလုပ်ရခြင်းမှာလည်း မြန်မာနိုင်ငံနှင့် ထိုနိုင်ငံများအကြားတည်ရှိထားပြီးသော စီးပွားရေးနှင့် သံတမန်ရေးရာ ဆက်နွယ်မှုများအပေါ် ထိခိုက်လာနိုင်သည့် ကိစ္စရပ်မျိုးအား ပြုလုပ်ကြခြင်းမှ ရှောင်ရှားလိုခြင်းကြောင့်ဖြစ်ပါသည်။ အထွေထွေညီလာခံ၏ ဖွဲ့စည်းတည်ဆောက်ထားပုံသည် နိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံအသီးသီး၏ အကျိုးစီးပွားရှာဖွေမှုကိစ္စရပ်များအတွက် အာဏာကိုမျှခြေတစ်ခုတွင် ထိန်းသိမ်း ထားရန်ဖြစ်သော်လည်း လူများစု၏ ဆန္ဒသည်သာ အနိုင်ရလေ့ရှိသည်။ ဤကဲ့သို့မဖြစ်ပါကလည်း နိုင်ငံတကာစနစ်ကြီးသည် ပိုမိုမတည်မငြိမ်ဖြစ်လာကာ ထိရောက်မှုလည်း နည်းပါးလာလိမ့်မည်။

    ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် နိုင်ငံများ၏လုပ်ပိုင်ခွင့်များ မျှတမှုမရှိခြင်းသည် အချို့သောနိုင်ငံများ၏ ဆုံးဖြတ်ချက်များကြောင့်ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ပိုမိုတာသွားအောင် ပြုလုပ်သကဲ့သို့ ဖြစ်စေပါသည်။ လုပ်ပိုင်ခွင့်များအားခွဲ၀ေခြင်းဆိုသည်မှာ အဖွဲ့၀င်နိုင်ငံများအနေဖြင့် ၎င်းတို့အား အင်အားကြီးနိုင်ငံအဖြစ်သတ်မှတ်နိုင်ရန်အတွက် ကြွယ်၀သည့် စီးပွားရေး၊ အဏုမြူလက်နက်နှင့် စစ်ရေးအင်အားပိုင်ဆိုင်ခြင်းတို့ကို ဖော်ညွှန်းခြင်းဖြစ်သည်။​ အာဏာကို အခြေခံ၍သာ နိုင်ငံများ၏ လုပ်ပိုင်ခွင့်ကို ခွဲ၀ေပေးသည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗီတိုအာဏာသုံးနိုင်သည့် နိုင်ငံငါးနိုင်ငံသည် အမြဲတမ်းအဖွဲ့၀င်နိုင်ငံအနေဖြင့်ပါ၀င်နေခြင်းဖြစ်သည်။ ၎င်းအချက်အား ၀ေဖန်ဆန်းစစ်သည့်ရှုထောင့်မှ ပြောဆိုရလျှင်မူအမြဲ တမ်းအဖွဲ့၀င်ဖြစ်စေခြင်း (သို့မဟုတ်) ဗီတိုအာဏာဖြင့်ဆုံးဖြတ်ချက်သည် မူအားဖြင့် မျှတမှု၊ တရားမှုမရှိဟု ပြောဆိုနိုင်သည်။​ သို့သော်လည်း neorealism ရှုထောင့်မှချဥ်းကပ်ရလျှင် နိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံ၏ အကျိုးစီးပွားကိုမြှင့်တင်ရန်နှင့် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် လုပ်ပိုင်ခွင့်အများဆုံးရှိသည့် နိုင်ငံများအနေဖြင့် အာဏာအများစုကို ဆုပ်ကိုင်ထားပြီး အသုံးချမည်ဆိုသည့်အချက်မှာ သံသယဖြစ်ဖွယ်မရှိပေ။  ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဖွဲ့စည်းပုံသည် ကမ္ဘာလုံးဆိုင်ရာ အာဏာလွန်ဆွဲပွဲ၏ တိုက်ရိုက်အကျိုးဆက်ဖြစ်သည်ဟု ပြောဆိုနိုင်သည်။ This structure served the world well in a bipolar post-WWII era. ၎င်းဖွဲ့စည်းပုံသည် a bipolar post-WWII era၏ ခေါ်ဆိုသည့် ဒုတိယကမ္ဘာစစ်ပြီးခါစတွင် စီးပွားရေး၊စစ်ရေးနှင့် ယဥ်ကျေးမှုဆိုင်ရာ လွှမ်းမိုးမှုများသည် အင်အားကြီးနိုင်ငံနှစ်နိုင်ငံကြားတွင်သာ ဖြစ်လေ့ရှိသည့်ကာလ၌ကမ္ဘာကြီးအား ကောင်းစွာ အကျိုးပြုနိုင်ခဲ့သည် သို့သော်လည်း တရုတ်နိုင်ငံ၏ အင်အားကြီးမားလာမှုသည် multipolar စနစ်၏ အရုဏ်ဦးအနေဖြင့် ပေါ်ထွက်လာသည့်အခါတွင်မူ အာဏာကိုချိန်ညှိနိုင်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဖွဲ့စည်းပုံသည် အသုံးမ၀င်တော့သည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အတားအဆီးတစ်ရပ်ပင်ဖြစ်လာခဲ့သည်။

    မြန်မာနိုင်ငံအရေးနှင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ကြား လျော်ညီတည့်မတ်မှုရှိရန် အရေးပါမှုနှင့် စိန်ခေါ်မှုများ

    ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များအား ချည်နှောင်ထားသည့် သဘောသဘာ၀အရ ဆွေးနွေးရလျှင်မူ မြန်မာနိုင်ငံအရေးသည် အထွေထွေညီလာခံထက် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ပို၍လျော်ညီတည့်မတ်မှုရှိရန် လိုအပ်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂပဋိညာစာတမ်း အပိုဒ်(၂၅)အရ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အခန်း(၇) ပြဌာန်းချက်အရ ဆုံးဖြတ်ရသည့် ဆုံးဖြတ်ချက်များဖြစ်သည့် “ကမ္ဘာ့ငြိမ်းချမ်းရေးအား ခြိမ်းခြောက်ခြင်းများ၊ ငြိမ်းချမ်းရေးပဋိညာဥ်အားဖောက်ဖျက်ခြင်းနှင့် အကြမ်းဖက်ဖိနှိပ်ဖြိုခွင်းခြင်းများ” ဖြစ်ပေါ်လာပါက ၎င်းအရေးကိစ္စများကို ဖြေရှင်းရန်အတွက် အဖွဲ့၀င်နိုင်ငံများအနေဖြင့် “ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာ၍ အကောင်အထည်ဖော်ရန်”ဟု ပါရှိပါသည်။ အနှစ်သာရအားဖြင့်ဆိုရလျှင်မူ ကမ္ဘာ့ကုလသမဂ္ဂ၏ လက်အောက်ခံဖြစ်သော အခြားအဖွဲ့အစည်းများတွင်ချမှတ်သည့် ဆုံးဖြတ်ကြေညာချက်များသည် တိုက်တွန်းအကြံပြုချက်အနေဖြင့်သာ ယူဆနိုင်သော်လည်း ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်ချမှတ်သည့် ဆုံးဖြတ်ကြေ ညာချက်သည် လိုက်နာရမည့် တာ၀န်၀တ္တရားဖြစ်သည်။  ယင်းသတ်မှတ်ချက်သည် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား မည်သည့်တန်ပြန်မှုကိုမဆို ချမှတ်ပြစ်ဒဏ်ပေးနိုင်သည့် အခြေအနေကို ပေးအပ်ထားခြင်းဖြစ်သည်။

    ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ၊ ကုလသမဂ္ဂ၏ သမ္မတ၊ အထွေထွေအတွင်းရေးမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တို့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စစ်အာဏာသိမ်းမှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချခဲ့ကြပြီး စစ်အာဏာသိမ်းမှုအပေါ် ပြတ်ပြတ်သားသား အရေးယူရန် တိုက်တွန်းခဲ့ကြသော်လည်း ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် လျော်ညီတည့်မတ်မှုများ မရှိသရွေ့ လက်တွေ့တွင် ခိုင်မာစွာ အကောင်အထည်ဖော်နိုင်သည့် မည်သည့်ကိစ္စရပ်မျှ ပေါ်ပေါက်နိုင်မည်မဟုတ်ပေ။ ထို့အပြင် ကန့်ကွက်ပြစ်တင်ရှုတ်ချသည့် ကြေညာချက်များသာ စဥ်ဆက်မပြတ် ထွက်ပေါ်နေခြင်းသည်လည်း ကမ္ဘာ့ကုလသမဂ္ဂမှ စစ်အာဏာသိမ်းမှုအပေါ် တစ်စုံတစ်ရာအရေးယူရန် စောင့်ဆိုင်းကာ မောပန်းသွားကြပြီဖြစ်သည့် မြန်မာပြည်သူ လူထုအား စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုအနည်းငယ်မျှသာ ပေးစွမ်းနိုင်ပါသည်။​ ၎င်းအခြင်းအရာနှင့်ပတ်သက်၍ Burma Campaign UK အနေဖြင့် ၎င်းတို့၏ ထုတ်ပြန်ချက်တွင် “ဗမာစစ်တပ်ထဲကလူတွေက စစ်သားတွေသာဖြစ်ပြီး သံတမန်တွေမဟုတ်ကြပါဘူး။ သူတို့တွေဟာ ကြေညာချက်တွေထက် အင်အားပြမှုကိုသာ လေးစားကြတာဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အဖွဲ့၀င်နိုင်ငံများစဥ်းစားကြတဲ့ ကြီးမားတဲ့ သံတမန်ရေးရာ အောင်မြင်မှုတွေဟာ စစ်အာဏာရှင်ဆန်တဲ့ စစ်ဗိုလ်ချုပ်တွေအတွက်တော့ ဘယ်လိုကြီးကြီးမားမား သက်ရောက်မှုမျိုးမှ မရှိနိုင်ပါဘူး” ဟု ပြောဆိုရေးသားခဲ့ပါသည်။  ဖေဖော်၀ါရီလ ၂ရက်၊ ၂၀၂၁ခုနှစ်မှစတင်၍ သန်းနှင့်ချီသော ငြိမ်းချမ်းစွာဆန္ဒပြကြသည့် မြန်မာပြည်သူလူထုမှ​ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအား တောင်းဆိုတိုးလျှိူးခဲ့မှုများသည် မည်သည့်အဖြေတစ်စုံတစ်ရာမှ မရရှိခြင်းနှင့်သာ အဆုံးသတ်ခဲ့ရသည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် အနာဂတ်တွင် ထိရောက်သည့် အရေးယူမှုများပြုလုပ်လိုပါက ကောင်စီ၏ဖွဲ့စည်းပုံအား ပြန်လည်ပြင်ဆင်ရန်အတွက် ဆွေးနွေးမှုများ စတင်သင့်သည့်အချိန်ဖြစ်ပါသည်။

    စစ်အေးတိုက်ပွဲပြီးဆုံးချိန်မှစတင်၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးကိစ္စများကို ဖြေရှင်းရာတွင် ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် အခြားသောနိုင်ငံများ၏ အချုပ်အခြာနှင့်ပြည်တွင်းရေးအား ၀င်ရောက် စွက်ဖက်နှောင့်ယှက်ခြင်းမပြုရဆိုသည့်အချက်အား အသုံးပြု၍ ဗီတိုအာဏာ ၂ဆင့်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြသည်။  အကြောင်းတိုက်ဆိုက်စွာပင်ရုရှားနိုင်ငံအနေဖြင့် စစ်ရေးအရပါ၀င်ပတ်သက်မှုရှိသည့် ဆီးရီးယားပြည်တွင်းစစ်၊ ဒွန်ဘာစ့်နိုင်ငံစစ်ပွဲနှင့် ရုရှား-ဂျော်ဂျီယာနှစ်နိုင်ငံစစ်ပွဲ အစရှိသည့် ပဋိပက္ခများ ကိုဖြေရှင်းသည့် ဆုံးဖြတ်ချက်များအတွက် ရုရှားနိုင်ငံမှ ထိုဗီတိုအာဏာအများစုအား အသုံးပြုခဲ့ကြပြီး တရုတ်နိုင်ငံမှလည်း ရုရှားနိုင်ငံနှင့်အတူ ဗီတိုအာဏာများအသုံးပြုခဲ့ကြသည်။ မြန်မာနိုင်ငံအရေး ကိစ္စနှင့်ပတ်သက်၍ ကမ္ဘာ့ကုလ သမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မတ်လတွင် အလွတ်တမ်းတွေ့ဆုံခဲ့ကြပြီး ယူကေနိုင်ငံမှ စတင်တိုက်တွန်းသည့် ထုတ်ပြန်ချက်တွင် “လုံခြုံရေးကောင်စီအဖွဲ့၀င်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရှိ လျင်မြန်စွာယိုယွင်းပျက်စီးလာသည့် အခြေအနေပေါ်တွင် လွန်စွာစိုးရိမ်ကြောင့်ကြမှုရှိနေပြီး ငြိမ်းချမ်းစွာဆန္ဒပြကြသည့် ပြည်သူလူထုအပေါ် အကြမ်းဖက်ဖြိုခွင်းခြင်းနှင့် အမျိုးသမီးများနှင့် ကလေးသူငယ်များပါ၀င်သည့် ရာနှင့်ချီသည့် ပြည်သူလူထုများ အသက်ဆုံးရှုံးခဲ့ရမှုများအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါသည်” ဟု ထုတ်ပြန်ခဲ့ပါသည်။

    အမြဲတမ်းအဖွဲ့၀င်ဖြစ်ကြသည့် နိုင်ငံများအနေဖြင့် နိုင်ငံတစ်နိုင်ငံတွင်း ပြည်သူမှရွေးချယ် တင်မြှောက်ထားသည့်အစိုးရ၏ လုပ်နိုင်စွမ်းကိုကျော်လွန်လျက် ဗီတိုအာဏာကို ဆက်လက်သုံးစွဲနေသည်မှာ ထင်ရှားသည့်သက်သေများရှိပါသည်၊  “အခြားသောအရေးယူမှုများကို ဆက်လက်ပြုလုပ်ရန် အဆင်သင့် ရှိနေရန်” ဆိုသည့် စကားရပ်သည် အနာဂတ်တွင်စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်လာနိုင်သည့် အလားအလာကို ညွှန်းဆိုနေသယောင်ဖြစ်သည့်အတွက် အနောက်နိုင်ငံများမှ ထိုစကားရပ်အား ကြေညာချက်တွင်ထည့် သွင်းခြင်းကို ဘေဂျင်းအနေဖြင့် ပိတ်ပင်တားမြစ်ခဲ့သည်။  ဘေဂျင်းအနေဖြင့် “သတ်ဖြတ်သည်” ဆိုသည့် စကားလုံးအသုံးပြုခြင်းအား ပိတ်ပင်ခဲ့ပြီး “သေဆုံးမှု” နှင့် အစားထိုးရန် တိုက်တွန်းခဲ့သည်။ မော်စကိုအနေဖြင့်လည်း ကြေညာချက်သည် “လုံခြုံရေးတပ်ဖွဲ့၀င်များ၏ သေဆုံးမှုကို ပြစ်တင်ရှုတ်ချခြင်း” မပါသည့်အတွက် ထိုကြေညာချက်အား ပိတ်ပင်တားဆီးရန် ကြိမ်ဖန်များစွာ ကြိုးပမ်းခဲ့သည်။ အထူးတလည်တင်ပြစရာ မလိုသည့်အချက်မှာ ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မြန်မာ့တပ်မတော်နှင့် ကျယ် ပြန့်သည့် ပတ်သက်ဆက်နွယ်မှုများရှိကြပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း မြန်မာ့တပ်မတော်၏ လက်နက်တင်သွင်းမှုတွင် တရုတ်နိုင်ငံမှ ၄၈ ရာခိုင်နှုန်းနှင့် ရုရှားနိုင်ငံမှ ၁၅ ရာခိုင်နှုန်းအသီးသီး ပံ့ပိုးခဲ့ကြသည်။ အဆိုပါအချက်ကို ထောက်ရှုခြင်းဖြင့်နိုင်ငံ တကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ၎င်း၏အဖွဲ့၀င်နိုင်ငံတစ်နိုင်ငံ (သို့မဟုတ်) နှစ်နိုင်ငံမှ ခိုင်မာသည့်အကြောင်းပြချက်မရှိပဲ အခါအားလျော်စွာ ၎င်းတို့၏ ဗီတိုအာဏာများကို မလျော်သြဇာဖြင့် အသုံးပြုနေကြခြင်းကြောင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ၎င်း၏ ဖွဲ့စည်းပုံ စည်းမျဥ်းဥပဒေသနှင့် အရင်းအမြစ်များ ချိနဲ့အားနည်းလာခြင်းနှင့်သာ ကြုံတွေ့နေရပါသည်။

    မြန်မာနိုင်ငံ၏ အရေးကိစ္စကိုလည်း ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိသည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် ယခုကဲ့သို့ တုဏှိဘာ၀ေဖြစ်နေခြင်းအား ရပ်တန့်ရန် ကြီးစွာသော ဖိအားများနှင့် ရင်ဆိုင်နေရပါသည်။ ၄၇ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ချီလီိနုင်ငံသမ္မတဟောင်း တစ်ဖြစ်လည်း ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင် စီ၏ High Commissioner Michelle Bachelet မှ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် အများပြည်သူများ ညှင်းပန်းနှိပ်စက်ခံနေရမှုနှင့် လူ့အခွင့်အရေးကပ်ဘေးဆိုးကြီးဖြစ်ပေါ်နေမှုကို မတားဆီးနိုင်သည့် ကျရှုံးမှုမျိုး ထပ်မံမဖြစ်ပေါ်စေရန် တိုက်တွန်းတောင်းဆိုခဲ့ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံအရေးအား အရေးမယူနိုင်ခြင်းအတွက် အကြမ်းဖက်မှုများ ပိုမိုမြင့်တက်လာမည်သည်သာမက မြန်မာပြည်သူလူထုအနေဖြင့် ကြောက်မက်ထိတ်လန့်ဖွယ်ရာအဖြစ်ဆိုးနှင့်သာ ရင်ဆိုင်ရမည်ဖြစ်ကြောင်း Bacheletမှ ပြောကြားခဲ့ပြီး ယခုဖြစ်ရပ်ကြောင့် ကမ္ဘာနှင့်အ၀ှမ်းရှိ စစ်အာဏာရှင်များအနေဖြင့် ၎င်းတို့၏လုပ်ရပ်အတွက် ၎င်းတို့အနေဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် တာ၀န်ခံစရာမလိုအပ်ဟု ထင်မြင်သွားနိုင်ဖွယ်ရှိကြောင်းလည်း ပြောကြားခဲ့ ပါသည်။

    ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ၂၁ရာစုတွင် အဖွဲ့အစည်းအား တည်ထောင်ထားခဲ့သည့် ရည်ရွယ်ချက်နှင့် စေတနာသဒ္ဒါတရားအပေါ်  မြဲမြံစွာရပ်တည်ရမည်ဖြစ်ပြီး နိုင်ငံတကာငြိမ်းချမ်းရေးအား ပိုမိုတည်တံ့အောင် အားပေးကူညီရမည်ဖြစ်ပါသောကြောင့် ကောင်စီအနေဖြင့် လိုအပ်ပါက ဖိအားပေး၍ ၎င်းတို့၏ စုပေါင်းအားဖြင့် အာဏာသက်ရောက်နိုင်စေရန် ပြုလုပ်နိုင်ရပါမည်။ သို့သော်လည်း နှစ်ဖက်စလုံးမှ ကျူးလွန်သည့် ပဋိပက္ခအရေးများနှင့် ကိစ္စရပ်တစ်ခုသည် သဘောသဘာ၀အရ ရှုပ်ထွေးပြီး ကြား၀င် စေ့စပ်ဖျန်ဖြေခြင်းကို လိုအပ်သည့်အနေအထားမျိုးတွင် အထက်ဖော်ပြပါကဲ့သို့ ဆုံးဖြတ်ခြင်းမျိုးကို မပြုလုပ်သင့်ပါ။ သို့ရာတွင် မိမိကိုယ်ကို ခုခံနိုင်စွမ်းမဲ့သော ပြည်သူလူထုမှ​ တိုက်ခိုက်ခြင်းခံရသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးကိစ္စများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖြေရှင်းနည်းများ လက်ငင်းဖြစ်ပေါ်လာစေရန်အတွက် လိုအပ်ပါက ဖိအားပေး၍ဆောင်ရွက်ခြင်းမျိုး ရှိသင့် ပါသည်။​ ဖိအားနှင့်အင်အားကို အသုံးပြုရာတွင် တည့်မတ်လျော်ညီမှုရှိရန်အတွက် ကမ္ဘာ့ကုလ သမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် အာဏာကိုအချိုးကျစွာ ခွဲ၀ေပေးခြင်းနှင့် အတွေးအခေါ်၊ အယူအဆပိုင်းဆိုင်ရာတွင် ပြဒါးတစ်လမ်း၊ သံတစ်လမ်းကဲ့သို့ ဆန့်ကျင်ဘက်ဖြစ်နေသည့် နိုင်ငံ၅နိုင်ငံသည်သာ နောက်ဆုံး ဆုံးဖြတ်ချက်ကိုချမှတ်နိုင်ခြင်း မရှိစေရန်အတွက် လုံခြုံရေးကောင်စီအား ပြန်လည် ဖွဲ့စည်းခြင်းမျိုးပြုလုပ်ရန် လိုအပ်ပါသည်။

    ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအား ပြန်လည်ဖွဲ့စည်းရန် အဆိုပြုတင်သွင်းခြင်း

    ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဖွဲ့စည်းပုံအား ပြန်လည်ပြင်ဆင်ရန်အတွက် အဖွဲ့၀င်နိုင်ငံများအနေဖြင့် မဟာမိတ်ဖွဲ့ကာ ကြိုးပမ်းခဲ့မှုများရှိကြပြီး ထိုပြင်ဆင်မှုများတွင် အာဏာအား သာတူညီမျှခွဲ၀ေမှု၊ ဘက်ပေါင်းစုံကို ထောက်ရှုစဥ်းစားရသည့် ၂၁ရာစု ပထ၀ီနိုင်ငံရေးအခင်းအကျင်းနှင့် ကမ္ဘာ့ကုလသမဂ္ဂ ရန်ပုံငွေ အရင်းအမြစ်တို့အား ထည့်သွင်းစဥ်းစားရန် လိုအပ်ချက်များရှိကြောင်း ထောက်ပြဆွေးနွေးထားမှုများရှိပါသည်။ လုံခြုံရးကောင်စီအား ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းသည် ဖော်ပြပါ ရည်မှန်းချက်များအပြင်မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို မတုံ့ပြန်နိုင်သည့်ဖြစ်ရပ်များ အနာဂတ်တွင် ဆက်လက်မဖြစ်ပေါ်လာစေရန် တားဆီးကာကွယ်နိုင်ရာရောက်သည်။  ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအား ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် အဆိုပြုချက်များအနက် တစ်ချက်မှာ အသင်း၀င်များနှင့်ဆိုင်သည့် ပြန်လည်ပြင်ဆင်မှုဖြစ်ပြီး ၎င်းသည် ကောင်စီများတွင် အမြဲတမ်းအဖွဲ့၀င်နိုင်ငံနှင့် ယာယီအဖွဲ့၀င်နိုင်ငံများ၏ ပမာဏအား ပြန်လည်ပြင်ဆင်ခြင်းနှင့် ကောင်စီများ၏ ထိုင်ခုံတွင် မည်သူ့ကိုနေရာပေးမည်နည်းအစရှိသည့်အကြောင်းကိစ္စရပ်များဖြစ်ကြပါသည်။ ထိုအဆိုပြုချက်၏ ရည်ရွယ်ချက်မှာ ပထ၀ီအနေအထား ချိန်ခွင်လျှာညှိနိုင်ခြင်းကို အလေးပေးရန်အတွက် အဖွဲ့၀င်နိုင်ငံများအား သာတူညီမျှမှုရှိသည့် ကိုယ်စားပြုမှုပေးရန်ဖြစ်သည်။  ထိုအဆိုပြုချက်များအတွက်သိသာထင်ရှားသည့် အရေးပါမှုများသည် ကိုဖီအာနန် ဦးဆောင်ခဲ့သည့် In Larger Freedom ဟု အမည်ရသည့် ၅နှစ်တာတိုးတက်မှု အစီရင်ခံစာတွင်သော်လည်းကောင်း၊ အီတလီနိုင်ငံမှ ဦးစီးသည့် Uniting for Consensus (၀ါ) Coffee Club ဟု အမည်ရသည့် အစီရင်ခံစာအသီးသီးတွင် ရေးသားဖော်ပြခြင်းခံခဲ့ပါသည်။

    ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူး ကိုဖီအာနန်အနေဖြင့် ၎င်း အစီရင်ခံစာအား ၂၀၀၅ခုနှစ် မတ်လ၂၁ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဖတ်ကြားခဲ့ပါသည်။ ယင်းအစီရင်ခံစာတွင် အထွေထွေညီလာခံနှင့် သက်ဆိုင်သည်ဟု ကိုဖီအာနန်မှယူဆသည့် Freedom from Want, Freedom from Fear, Freedom to Live in Dignity, and Strengthening the United Nations ဆို သည့် ကဏ္ဍလေးရပ်ပါ၀င်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂအား ပိုမိုအင်အားကောင်းလာစေရန်ဆောင်ရွက်ခြင်းဆိုသည့် နောက်ဆုံးအပိုင်းသည် ကမ္ဘာ့လုံခြုံရေးကောင်စီတွင် အဖွဲ့၀င်နိုင်ငံ ၁၅နိုင်ငံမှ ၂၄ နိုင်ငံသို့ တိုးချဲ့ပြင်ဆင်ရန်နှင့် ထိုသို့ပြုလုပ်ခြင်းဖြင့် နိုင်ငံ တကာအသိုင်းအဝိုင်းအား ပိုမိုကျယ်ပြန့်စွာကိုယ်စားပြုနိုင်မည်ဖြစ်ပြီး ယနေ့ကမ္ဘာ၏ ပထဝီနိုင်ငံရေးသရုပ်မှန်ကိုလည်း ထင်ဟပ် နိုင်စေမည့်အတွက် ယင်းအဆိုပြုချက်များအတိုင်း ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအား တဖန်ပြန်လည် ရှင်သန်စေရန်အတွက် အကြံပေးတိုက်တွန်းထားခြင်းဖြစ်သည်။  ၎င်းအဆိုပြုချက် အောင်မြင်နိုင်စေရန်အတွက် ကိုဖီအာနန်မှ ပုံစံ-အေနှင့် ပုံစံ-ဘီဆိုသည့် အစီအစဥ်နှစ်ရပ်အား ပြောကြားခဲ့သည်။ ပုံစံ-အေမှာ အမြဲတမ်းအဖွဲ့၀င် ၆နိုင်ငံနှင့် အလှည့်ကျယာယီတာ၀န်ယူရသည့် နိုင်ငံသုံးနိုင်ငံ သတ်မှတ်ရန်ဖြစ်သည်။ ၎င်း၏ ဆန့်ကျင်ဖက်ဖြစ်သည့် ပုံစံ-ဘီမှာ လေးနှစ်တစ်ကြိမ် သက်တမ်းတိုးရမည့် ထိုင်ခုံနေရာရှစ်နေရာစာနှင့် အလှည့်ကျယာယီတာ၀န်ယူရသည့် ထိုင်ခုံနေရာတစ်နေရာစာ ဖန်တီးရန်ဖြစ်ပါသည်။  တဖက်တွင်လည်း အီတလီနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ မက္ကဆီကိုနိုင်ငံနှင့် အီဂျစ်နိုင်ငံတို့မှ ပူးပေါင်း၍ ၁၉၉၅ခုနှစ်တွင် တည်ထောင်ခဲ့သည့် လှုပ်ရှားမှုတစ်ရပ်ဖြစ်သည့် Uniting for Consensus  ပေါ်ပေကါလာပြီး ၎င်း၏ရည်ရွယ်ချက်မှာ နိုင်ငံများတောင်းဆိုသည့် အမြဲတမ်းအဖွဲ့၀င်နိုင်ငံအရေ အတွက် ချဲ့ထွင်ခြင်းအဆိုကို တန်ပြန်ခုခံရန်ဖြစ်ပါသည်။ Coffee Club အနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အမြဲတမ်းမဟုတ်သည့်၊ အလှည့်ကျယာယီတာ၀န်ယူရသည့် အဖွဲ့၀င်နိုင်ငံ အရေအတွက်ကိုသာ ချဲ့ထွင်သင့်ကြောင်း အဆိုပြုခဲ့သည်။ ၂၀၀၅ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော ၅၉ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင်လည်း ၎င်းတို့အနေဖြင့် “ပိုမိုသာတူညီမျှသော ပထ၀ီနယ်နိမိတ်ဆိုင်ရာမျှ၀ေနိုင်မှု” ရှိစေရန်အတွက် အလှည့်ကျယာယီတာ၀န်ယူရသည့် နိုင်ငံအရေအတွက်အား ၁၀နိုင်ငံမှ နိုင်ငံ ၂၀ အထိ တိုးမြှင့်ရန် တရား၀င်အဆိုပြုချက်တင်သွင်းခဲ့သည်။  ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအား ပြန်လည်ပြင်ဆင်ဖွဲ့စည်းမည့် မည်သည့်အဆိုပြုချက်မှ ထောက်ခံ၊ အသက်သွင်းခြင်းမရရှိခဲ့ပါ။

    ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အဖွဲ့၀င်ပုံစံအား အထက်ပါအဆိုပြုချက်များအတိုင်း ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ပါက လုံခြုံရေးကောင်စီတွင် အမြဲတမ်းဖြစ်စေ၊ ယာယီအလှည့်ကျဖြစ်စေ၊ သက်တမ်တိုး ၍ဖြစ်စေ တာ၀န်ယူနိုင်သည့် နိုင်ငံအရေ အတွက်များ များပြားလာပြီး အာဏာကိုလည်း ပိုမိုသာတူညီမျှစွာ ခွဲဝေနိုင်မည်ဖြစ်သောကြောင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့်လည်း ပိုမိုတည်ငြိမ်မှုရှိပေလိမ့်မည်။ ကိုဖီအာနန် အဆိုပြုခဲ့သည့် ပုံစံ-အေသည် အမြဲတမ်းအဖွဲ့၀င်နိုင်ငံအရေအတွက်အား ငါးနိုင်ငံမှခြောက်နိုင်ငံသို့ တိုးမြှင့်ခြင်းကြောင့် နိုင်ငံများမှ အလွန်အမင်းအုပ်စိုးခွင့်ရနေခြင်း၊ အမြဲတမ်းအဖွဲ့၀င်နေရာကို လက်၀ါးကြီးအုပ်ထားခြင်းနှင့် ဗီတိုအာဏာအသုံးပြုခြင်းတို့ကို လျှော့ချနိုင်လိမ့်မည်။ သို့သော်ငြားလည်း အထက်ဖော်ပြပါ အဆိုပြုချက်နှစ်ရပ်လုံးသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးကိစ္စများတွင် ကောင်စီ၏လုပ်ပိုင်ခွင့်အားလျော့နည်းစေရန် ဗီတိုအာဏာများအသုံးပြုခြင်းဆိုသည့် အကြောင်းအချက်ကို ဆွေးနွေးတင်ပြခဲ့နိုင်ခြင်းမရှိပေ။  အခြားသော အဖွဲ့၀င်နိုင်ငံများမှ နိုင်ငံတစ်နိုင်ငံ၏ ဗီတိုအာဏာအသုံးပြုခြင်းကို ကန့်ကွက်သည့် သဘောဆန္ဒများ မည်မျှပင်ရှိနေစေကာမူ အပိုဒ် ၂၇(၃) အရ အဖွဲ့၀င်နိုင်ငံများတိုးချဲ့ရုံမျှဖြင့် ကောင်စီတွင် ဗီတိုအာဏာအသုံးပြုခြင်းကို ပယ်ဖျက်နိုင်ရန်အတွက် လုံလောက်သည့် အကြောင်း အချက်မဟုတ်ပါ။. မြန်မာနိုင်ငံအရေးအတွက် တရား၀င်ဆုံးဖြတ်သဘောတူညီချက်သာရှိခဲ့ပါလျှင် မြန်မာနိုင်ငံအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအတွက် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံမှ အသုံးပြုခဲ့သော ဗီတိုအာဏာများအားပယ် ချအနိုင်ယူနိုင်မည်ဖြစ်သည်။တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အခြားသော အာဏာရှင်နိုင်ငံများနှင့် အတွေးအခေါ်ပိုင်းဆိုင်ရာတွင် ကိုက်ညီမှုများရှိသည့်အတွက် ၎င်းတို့အနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စများတွင် ဗီတိုအာဏာကို တွင်တွင်ကျယ်ကျယ် အသုံးပြုပေလိမ့်မည် မှန်းဆနိုင်သည်။ သို့ပါသော်ကြောင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံနှင့် အခြားသောနိုင်ငံများတွင် အလားတူဖြစ်ရပ်များပေါ်ပေါက်ခဲ့ပါက ထိုနိုင်ငံများ၏ အရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် ကျရှုံးခြင်းမရှိလိုပါက ကမ္ဘာ့ကုလသမဂ္ဂပဋိညာဥ်စာတမ်းပါ စည်းမျဥ်းဥပဒေသများနှင့်အညီ ဗီတိုအာဏာကို ကန့်သတ်ထိန်းချုပ်ရမည် (၀ါ) ဗီတိုအာဏာအသုံးပြုခြင်းကို အပြီးတိုင်ဖျက်သိမ်းပစ်ရမည်။

    ဗီတိုအာဏာအသုံးပြုခြင်းအား ပြင်ဆင်ခြင်း၊ ဖျက်သိမ်းမည်လော (သို့မဟုတ်) ကန့်သတ်ထိန်းချုပ်မည်လော။

    Amnesty International ၏ နှစ်စဥ်အစီရင်ခံစာတွင် ၎င်းတို့၏ အထွေထွေအတွင်းရေးမှူး Secretary-General Salil Shetty မှ ဗီတိုအာဏာသည် “ပြည်သူလူထုကို ကာကွယ်ရန်” ထက် နိုင်ငံများ၏ နိုင်ငံရေးအကျိုးအမြတ် (သို့မဟုတ်) ပထ၀ီနိုင်ငံရေးအကျိုးအမြတ်အား မြှင့်တင်ရန်အတွက်သာ အသုံးပြုနေကြခြင်းဖြစ်သည်ဟု ပြစ်တင်စွပ်စွဲခဲ့သည်။ ထိုနည်းတူစွာပင် ၇၃ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင် အိန္ဒိယနိုင်ငံကိုယ်စားလှယ် Syed Akbaruddin အနေဖြင့်လည်း G4၏ ထောက်ခံမှုဖြင့် “ကန့်ကွက် နေသူတွေကြောင့် ကုလသမဂ္ဂအဖွဲ့၀င်နိုင်ငံတွေအားလုံးအပေါ် အရိပ်မည်းကြီးကျလာအောင် မပြုလုပ်ဖို့နဲ့ ကန့်ကွက်သူတွေကြောင့်လူများစုရဲ့ ဆန္ဒတွေနောက်ပြန်ဆွဲခံနေရတာမျိုးလည်း မဖြစ်သင့်ပါဘူး” ဟု ပြောဆိုခဲ့ပါသည်။ အထက်ဖော်ပြပါအတိုင်း ပြောဆိုခဲ့သူနှစ်ဦးအနေဖြင့် sophism အား လူအများသတိထားလာမိစေရန် ပြုလုပ်ခဲ့သည်။ Sophism ဆိုသည်မှာ ၂၁ရာစုတွင် ဗီတိုအာဏာသည် နိုင်ငံတကာဆက်ဆံရေး၏ အုတ်မြစ်ကဲ့သို့အရေးပါသည့် စည်းမျဥ်းဥပဒေသများနှင့် ဆန့်ကျင် ဘက် ဖြစ်နေသည်ဆိုသည့် အချက်ဖြစ်သည်။​နိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံအသီးသီး၏ ကိုယ်ကျိုးစီးပွားကို ယုတ်လျော့အားနည်းစေသော လုပ်ဆောင်ချက်များကို ငြင်းပယ်ရန် အာသီသပြင်းပြ၍ ၎င်းတို့တစ်နိုင်ငံမှ အများစု၏ဆန္ဒကို အနိုင်ယူနိုင်မည်ဆိုလျှင် မိမိတို့အနေဖြင့် မည်သည့်နိုင်ငံများသည် ကိုယ်ကျင့်သိက္ခာအရ အခွင့်အာဏာရှိသင့်သည်ဟု ဟန်ဆောင်နေရန် လိုအပ်ပါသနည် တစ်ဦးတည်းသော သံတမန်တစ်ဦး၏ ဆန္ဒမဲသည် မည်သည့်အတွက်ကြောင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူနည်းစုများနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား သတ်ဖြတ်ခြင်းကို ဆက်လက်ခွင့်ပြုနိုင်လောက်သည်အထိ အကျိုးဆက်ကြီးမား နေရပါသနည်း။ ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် ၎င်းတို့၏ ငြိမ်းချမ်းရေးနှင့်လုံခြုံရေး ကတိက၀တ်များအတိုင်း အတိအကျဆောင်ရွက်နိုင်ခြင်းမရှိပါက သာတူညီမျှသည့် ကိုယ်စားပြုခွင့်သည် မည်သည့်အကျိုး သက်ရောက်မျှရှိမည် မဟုတ်သည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအား ပြန်လည်ပြင်ဆင် ဖွဲ့စည်းမည့်ဆွေးနွေးမှုတိုင်းတွင် ဗီတိုအာဏာအသုံးပြုမှုကိစ္စရပ်ကို မဖြစ်မနေ ထည့်သွင်းမေးမြန်း ရမည်ဖြစ်သည်။

    ဗီတိုအာဏာအား ပယ်ဖျက်ပစ်ရန် အဆိုသည် ကုလသမဂ္ဂအထွေထွေညီလာခံများတွင် ယာယီအလှည့်ကျ တာ၀န်ယူရသည့်၊ အမြဲတမ်းအဖွဲ့၀င်မဟုတ်သည့် နိုင်ငံများမှ ကာလရှည်ကြာစွာ ပြောဆိုနေကြသည့် အဆိုပြုချက်တစ်ခုဖြစ်သည် အာရပ်နိုင်ငံများအား ကိုယ်စားပြုသည့် ကူ၀ိတ်နိုင်ငံအနေဖြင့် “ဗီတိုအာဏာ အသုံးပြုခြင်းဟာ ကောင်စီရဲ့ အမြဲတမ်းအဖွဲ့၀င်နိုင်ငံငါးနိုင်ငံရဲ့ နိုင်ငံရေးကိုယ်ကျိုးစီးပွားအတွက်သာ ဖြစ်ပါတယ” ဟု ပြောဆို၍ ဗီတိုအာဏာအသုံးပြုခြင်းကို ပြင်းထန်စွာကန့်ကွက်ဆန့်ကျင်ခဲ့ပါသည်။​ အာဖရိကနိုင်ငံများကို ကိုယ်စားပြုသည့် ဆီယာရာလီယွန်နိုင်ငံအနေဖြင့်လည်း “ဗီတိုအာဏာအသုံးပြုခြင်းအား ကန့်ကွက်ခဲ့ပြီး”  “စုံညီကွဲပြားမှုရှိပြီး ထိရောက်သည့် ဒီမိုကရေစီစနစ်အား” အကောင်အထည်ဖော်ရန် လိုအပ်သည့်အချက်ကို ထောက်ပြခဲ့ပါသည်။  အထက်ဖော်ပြပါ Coffee Club တွင် ပါ၀င်သည့် အီတလီနိုင်ငံအနေဖြင့်လည်း ၎င်းတို့အဆိုပြုသည့် အဖွဲ့၀င်နိုင်ငံများတိုးချဲ့ခြင်းအပြင် “ဗီတိုအာဏာဖျက်သိမ်းရန်” ကိုပါ တောင်းဆိုခဲ့ပါသည်။ မွန်ဂိုလီးယားနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ အာဂျင်တီးနားနိုင်ငံ၊ ကိုလံဘီယာနိုင်ငံ၊ တူရကီနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အီရန်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှာလည်း အထက်ဖော်ပြပါ အာဖရိကနိုင်ငံများနှင့် အာရပ်နိုင်ငံများကဲ့သို့ပင် ဗီတိုအာဏာအသုံးပြုခြင်းကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချခဲ့ကြပါသည်။ ဗီတိုအာဏာအသုံးပြုခြင်းကို ကန့်ကွက်မှုများသည် ဗီတိုအာဏာသည် လူနည်းစုမှ လက်၀ါးကြီးအုပ်ခြယ်လှယ်ခြင်း၊ ဒီမိုကရေစီနည်းလမ်း မကျခြင်းနှင့် ကမ္ဘာ့ကုလသမဂ္ဂပဋိညာဥ်စာတမ်းပါ  ပြဌာန်းချက်ဖြစ်သည့် ကုလသမဂ္ဂအနေဖြင့် နိုင်ငံကြီးသည်၊ ငယ်သည်မရွေး တန်းတူအခွင့်အရေးပေးမည် ဆိုသည့် အကြောင်းအချက်နှင့် ဆန့်ကျင်နေသသည့်အတွက် ပေါ်ထွက်လာရခြင်းဖြစ်ပါသည်။ သို့သော်ငြားလည်း အချို့သောနိုင်ငံများအနေဖြင့် ဗီတိုအာဏာကို အပြီးတိုင်ဖျက်သိမ်းရန် (သို့မဟုတ်) ကန့်သတ်ထိန်းချုပ်ရန်တောင်းဆိုလာသည်မှာ မျှတမှုမရှိခြင်း ကြောင့်မဟုတ်ပဲ ပဋိပက္ခနှင့် အရေးအခင်းကာလများတွင် ဗီတိုအာဏာသည် မည်သည့်ထိရောက်မှုမျှ မရှိခြင်းကြောင့်ဖြစ်ပါသည်။

    မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲဖြစ်ရပ်များဖြစ်သည့် “လူအစုလိုက်၊အပြုံလိုက်အပေါ် ရက်စက် ကြမ်းကြုတ်မှုများဖြစ်စေခြင်း”၊ “လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှု”၊ “စစ်ရာဇ၀တ်မှု”​ နှင့် “လူမျိုးသုဥ်းသတ်ဖြတ်မှု” အစရှိသည်တို့ကြောင့် ဗီတိုအာဏာအသုံးပြုမှုသည် ပိုက်စိပ်တိုက် စောင့်ကြည့်ဝေဖန်ခြင်းကို ကြုံတွေ့နေရသည်။ အက်စတိုးနီးယားနိုင်ငံနှင့် အမြဲတမ်းအဖွဲ့၀င် နိုင်ငံတစ်နိုင်ငံဖြစ်သော ယူကေသည်ပင်လျှင် အထက်ဖော်ပြပါ အခြေအနေမျိုးတွင် ဗီတိုအာဏာသုံးစွဲမှုကို ဆိုင်းငံ့ရန်အဆိုကို ထောက်ခံလျက်ရှိသည်။ ထိုကဲ့သို့ ဗီတိုအာဏာကို ဆန့်ကျင်သည့် အဆိုများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးကိစ္စများအား ဖြေရှင်းရာတွင် အဖွဲ့၀င်နိုင်ငံများ၏ နိုင်ငံရေးကိုယ်ကျိုးစီးပွားမှ ကင်းလွတ်သည့် ဖြေရှင်းနည်းမျိုးဖြင့် ဖြေရှင်းရမည်ဆိုသည့် ယုံကြည်မှုများမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ အကယ်၍သာ လုံခြုံရေးကောင်စီအနေဖြင့် ဖော်ပြပါနည်းလမ်းအတိုင်း လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ ပဋိပက္ခ၊အရေးအခင်းကို ဖြေရှင်းနိုင်ရန်အတွက် တိကျသည့်အရေးယူမှုပြုလုပ်ရန် တရား၀င် သဘောတူညီမှုနှင့်ဆုံးဖြတ်ချက် ရရှိပြီးသောအခါတွင် ၎င်းဆုံးဖြတ်ချက်အား တရုတ်နိုင်ငံမှသည်သော်လည်းကောင်း၊ ရုရှားနိုင်ငံမှသည်သော်လည်းကောင်း ကနဦးဆွေးနွေးမှုများတွင် ဗီတိုအာဏာအသုံးပြုကာ တားမြစ်ပိတ်ပင်နိုင်ခြင်းမရှိသည့််အတွက် အရေးယူရန် ဆုံးဖြတ်ချက်သည် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ လျင်မြန်လွယ်ကူစွာပင် ရောက်ရှိနိုင်သည်။ အထွေထွေညီလာခံတွင် သဘောတူညီချက်ရရှိခဲ့သည့် A/RES/75/287 တို့အရ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအား ကန့်ကွက်ပြစ်တင်ရှုတ်ချခြင်းသည် အဖွဲ့၀င်နိုင်ငံအများစု၏ ဆန္ဒမဲဖြင့် ပြုလုပ်ခဲ့ခြင်းကြောင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ၎င်း၏ အဖွဲ့၀င်နိုင်ငံများအနေဖြင့် စုပေါင်း အကျိုးစီးပွားအား သာတူညီမျှပြသခွင့်ရှိပါက (သို့မဟုတ်) ဗီတိုအာဏာအသုံးပြုခွင့်မရှိပါက မြန်မာနိုင်ငံ နှင့်ပက်သတ်သည့် အရေးယူရန်ဆုံးဖြတ်ချက်သည်လည်း ကမ္ဘာ့ကုလသမဂ္ဂကောင်စီတွင် အတည်ပြု အောင်မြင်နိုင်ချေရှိသည်မှာ ထင်ရှားပါသည်။

    ပြင်သစ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတအနေဖြင့် ၂၀၁၃ခုနှစ်တွင် တင်သွင်းခဲ့သည်အဆိုတွင် ဗီတိုအာဏာကို အပြီးတိုင်ဖျက်သိမ်းခြင်းနှင့် ဗီတိုအာဏာအသုံးပြုခွင့်ကို ကန့်သတ်ထိန်းချုပ်ရန် အကြံပြုထားပါသည်။ ပြင်သစ်နိုင်ငံအနေဖြင့် “လူအစုလိုက်၊အပြုံလိုက်အား ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်သည့်ပြစ်မှု”များတွင် အမြဲတမ်းအဖွဲ့၀င်နိုင်ငံ၅နိုင်ငံအနေဖြင့် ဗီတိုအာဏာကိုအသုံးမပြုရန် မိမိတို့ကိုယ်တိုင် စိတ်အားထက်သန်စွာပင် စည်းကမ်းသတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ပါသည်။​ ထိုကဲ့သို့ပြုလုပ်ခြင်းအားဖြင့် ပြည်သူပေါင်း ၈၀၀ကျော် သတ်ဖြတ်ခံရခြင်း၊ ရွာများအား လေကြောင်းမှတိုက်ခိုက်ခြင်းစသည့် ဖြစ်ရပ်တို့ကို “လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ (သို့မဟုတ်) ကြီးမားဆိုးယုတ်သည့်် စစ်ရာဇ၀တ်မှုများ” ဆိုသည့် သတ်မှတ်ချက်များဖြင့် ပြင်သစ်နိုင်ငံမှ အဆိုပြုသည့် “လူအစုလိုက်၊အပြုံလိုက်အား  ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်သည့်ပြစ်မှု” များနှင့် တတန်းတည်းထား၍  ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် အရေးယူမှုများ ပြုလုပ်နိုင်ပါသည်။ ၎င်းတောင်းဆိုချက်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးကိစ္စများကို ဖြေရှင်းရာတွင် လက်တွေ့ကျ၍ ထိရောက်သည့် ဖြေရှင်းနည်းဖြစ်သော်လည်း “လူအစုလိုက်၊ အပြုံလိုက်အား ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်သည့်ပြစ်မှု” ဆိုသည့် ရှင်းလင်းပြတ်သားမှုမရှိသည့် စကားရပ်အား ရှင်းလင်းရန်လိုအပ်ချက်များ ရှိလာနိုင်ပါသည်။​ အဘယ်ကြောင့်ဆိုသော် မိမိတို့ကိုယ်တိုင် စိတ်အားထက်သန်စွာ စည်းကမ်းထိန်းချုပ်သတ်မှတ်ရန် အဆိုပြုခြင်းဖြစ်သည့်အတွက် ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံအနေဖြင့်  ပဋိပက္ခသည် ၂ဖက်စလုံးမှ ကျူးလွန်ခြင်းဖြစ်သည်စု သတ်မှတ်၍  “သတ်ဖြတ်မှု” ဆိုသည့် စကားရပ်အား ငြင်းဆန်ရပ်အတွက် အားထုတ်နိုင်သည် (သို့မဟုတ်) အတိတ်တွင်လုပ်ခဲ့ပြီးသည့်အတိုင်း စစ်အာဏာသိမ်းမှုကိုပင် “အစိုးရအဖွဲ့အတွင်း အပြောင်းအလဲဖြစ်ခြင်း” ဟု ခေါ်၀ေါ်သုံးစွဲသကဲ့သို့ ပြုလုပ်ခြင်းများရှိနိုင်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာအသုံးပြုခြင်းအား ကန့်သတ်ထိန်းကျောင်းလိုပါက ဗီတိုအာဏာ အသုံးပြုသည့် ကိစ္စရပ်တစ်ခုစီတိုင်းကို ပိုက်စိပ်တိုက်လေ့လာခြင်းဖြင့် အမြဲတမ်းအဖွဲ့၀င်၅နိုင်ငံမှ ကောင်စီအား တာ၀န်ခံစေရန် ပြုလုပ်နိုင်သည် ၎င်းကဲ့သို့ပြုလုပ်နိုင်ပါက အကြောင်းပြချက်ခိုင်လုံစွာမရှိပါပဲ ဗီတိုအာဏာအသုံးပြုခြင်းအား ခွင့်ပြုနေရခြင်းကို ကောင်စီ၏စုပေါင်းအားဖြင့် ကြောင်းကျိုးခိုင်လုံစွာ၊ ဓမ္မဓိဌာန်ကျကျ ငြင်းဆန် နိုင်ခြင်းကြောင့် လုံခြုံရေးကောင်စီအနေဖြင့် လူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာအရေးကိစ္စများကို ဖြေရှင်းနိုင်ပေလိမ့်မည်။

    နိဂုံး

    မြန်မာနိုင်ငံ၏ ပဋိပက္ခသည် နိုင်ငံတကာပူးပေါင်းဆက်ဆံရေး မြှင့်တင်နိုင်ရန်အတွက် အလားအလာရှိသည့် အခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။​ မြန်မာနိုင်ငံပြည်တွင်း၌ ယခုကာလတွင် ဖြစ်ပေါ်နေသည့် လူသား မျိုးနွယ်စုအပေါ် ကျူးလွန်နေသည့်ပြစ်မှုများသည် တစ်ဖက်တည်းမှသာ ကျူးလွန်နေခြင်းဖြစ်ပြီး ဒီမိုကရေစီနည်းကျခုခံမှုများသည် ကမ္ဘာ့ကုလသမဂ္ဂ၏တန်ဖိုးများနှင့် ကိုက်ညီမှုရှိသည့်အတွက် ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ကိုက်ညီရန်ဆောင်ရွက်ရာတွင်လည်း လွယ်ကူလျင်မြန်မှုများရှိနိုင်ရန် အလားအလာရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ပဋိပက္ခကိုကြည့်ခြင်းအားဖြင့် မိမိတို့၏ ကိုယ်ကျိုးစီးပွားနှင့် မိမိတို့ တစ်စုတည်းကောင်းစားရေး၊ တည်မြဲရေးကိုသာ ကြည့်တတ်သော စစ်အာဏာရှင်များနှင့် ဆက်ဆံရာတွင် သံတမန်နည်းလမ်းမှ ကြိုးပမ်းခြင်းနှင့် ကမ္ဘာ့ကုလသမဂ္ဂမှ ပြစ်တင်ရှုတ်ချမှုများသည် အလုပ်မဖြစ်ကြောင်း ပြသနေပါသည်။

    ယခုပဋိပက္ခသည် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဖွဲ့စည်းပုံအား ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းဆိုင်ရာ မေးခွန်းအတွက် ရှုထောင့်အမြင်သစ်တစ်ခုကိုလည်း ထည့်သွင်းနေသကဲ့သို့ရှိပါသည်။ ပထမဦးဆုံးအချက်မှာ ဆိတ်ဆိတ်နေခြင်းသည် အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခံရမှု၊ ညှင်းပန်းနှိပ်စက်ခံရမှု၊ မုဒိမ်းပြုကျင့်များနှင့် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအား ပျောက်ပျက်သွားစေရန် သုတ်သင်ရှင်းလင်းမှု အစရှိသည့် အကျိုးဆက် များဖြစ်ပေါ်နိုင်ကြောင်း ပြသခဲ့ပြီးဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂပဋိညာဥ်စာတမ်းပါ အပိုဒ် ၄၂ အရ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် “နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် လိုအပ်ပါက အင်အားသုံးနိုင်သည်” ဆိုသည်ဟုပါရှိသည်။ သို့သော်လည်း ၎င်းတို့အနေဖြင့် ဖော်ပြပါအတိုင်း လုပ်ကိုင်နိုင်စွမ်းမရှိခြင်းသည် မြန်မာနိုင်ငံရှိ အခြေအနေအား “လူသားမျိုးနွယ်စု အစုလိုက်၊အပြုံလိုက်အပေါ်  ကြမ်းကြုတ်ရက်စက်သည့်ပြစ်မှု”အဖြစ် ပိုမိုဆိုးရွားသွားစေခဲ့သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရေး (သို့မဟုတ်) လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ပစ်မှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများသည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုကျူးလွန်များကို လျော့နည်း ကောင်းလျော့နည်းစေနိုင်သော်လည်း ၎င်းဆုံးဖြတ်ချက်များသည် ပယ်ချခြင်းခံခဲ့ရသည့်အတွက် မိမိကိုယ်မိမိ ခုခံနိုင်စွမ်းမရှိသည့် ပြည်သူလူထုအနေဖြင့် ရရာလက်နက်စွဲကိုင်၍ ခုခံရသည့်အတွက် ပြည်တွင်းစစ်တစ်ခုကဲ့သို့ အသွင်ပြောင်းလာရခြင်းဖြစ်ပါသည်။​

    ဒုတိယအချက်အနေဖြင့်ဆိုရလျှင် လူသားမျိုးနွယ်စုအပေါ် ပြစ်မှုများကျူးလွန်သည့် အကြမ်းဖက်သမား များအနေဖြင့် အမြဲတမ်းအဖွဲ့၀င်ငါးနိုင်ငံနှင့် သံတမန်ရေးရာဆက်ဆံမှုများသာရှိပါက ၎င်းတို့၏ ပြစ်မှုများအတွက် တာ၀န်ခံစရာမလိုဆိုသည့် အခြေအနေကို သေချာအောင် ပြုလုပ်ပေးသကဲ့သို့လည်းဖြစ်နေသည်။ မော်စကိုအနေဖြင့် ၎င်းတို့အချင်းချင်းကြားရှိသည့် စစ်ရေးအရ ပက်သတ်ဆက်နွယ်မှုကြောင့် တပ်မတော် စစ်ဗိုလ်ချုပ်မင်းအောင်လှိုင်အနေဖြင့် အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခြင်းကို ကျူးလွန်ရန် သွယ်ဝိုက်၍ အားပေးနေသကဲ့သို့ ပါ၀င်နေပြီး အတိတ်တွင်လည်း အလားတူဖြစ်ရပ်မျိုးကို ဆီးရီးယားသမ္မတ Bashar al-Assadနှင့် ပြုလုပ်ခဲ့သည်ဖြစ်သည်။ ဗီတိုအာဏာအသုံးပြုခွင့်ရသည့် နိုင်ငံများသည် နိုင်ငံတစ်နိုင်ငံ၏အရေးကို အခြားနိုင်ငံများမှ ၀င်ရောက်ကူညီဖြေရှင်းရာတွင် ၎င်းဖြေရှင်းမှုများသည် ဗီတိုအာဏာအသုံးပြုခွင့် ရသည့်နိုင်ငံများအတွက် နိုင်ငံတကာတွင် ၎င်းတို့၏ နှိုင်းယှဥ်အာဏာတိုးချဲ့မှုအား  ခြိမ်းခြောက်မှုဖြစ်စေသည်ဟု ယူဆပါက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးကိစ္စများကိုဖြေရှင်းမည့် မည်သည့်တုံ့ပြန်မှုကိုမဆို ဆိုင်းငံ့ပေလိမ့်မည်ဆိုသည့်အချက်ကို ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ ၏အဖြစ်အပျက်မှ လေ့လာ၍ နားလည်နိုင်ပါသည်။​ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအား လူသားဆန်မှုကို ကိုယ်စားပြုရန်  ဒုတိယ ကမ္ဘာစစ်အပြီးတွင် တည်ထောင်ခဲ့ခြင်းဖြစ်သောကြောင့် ယခုအချိန်သည် ကောင်စီအနေဖြင့် ၎င်းရည်မှန်းချက်နှင့် သဒ္ဒါတရားတို့ကို အလေးအမြတ်ပြုရမည့်ကာလ ဖြစ်ပါသည်။  ကောင်စီအနေဖြင့် ရက်စက်ကြမ်းကြုတ်မှုများ၊ အကြမ်းဖက်မှုများကို ကာကွယ်လိုပါက ကြောင်းကျိုးခိုင်မာမှုမရှိပဲ ဗီတို အာဏာအသုံးပြုခြင်းအတွက် အမြဲတမ်းအဖွဲ့၀င်နိုင်ငံငါးနိုင်ငံကို တာ၀န်ခံစေခြင်း (သို့မဟုတ်) ဗီတို အာဏာကို အပြီးတိုင်ဖျက်သိမ်းခြင်းကို ပြုလုပ်သင့်ပါသည်။

    အောင်စိုး (ကလောင်အမည်) သည် ရန်ကုန်မြို့တွင်နေထိုင်သည့် လွတ်လပ်သည့် သုတေသီတစ်ဦးဖြစ်ပြီး စိန်ခေါ်စွန့်စားမှုကြီးမားသည့် လူသားချင်းစာနာထောက်ထားမှုအရေးကိစ္စများတွင် သဘောတူညီမှု တည်ဆောက်ခြင်းနှင့် အုပ်ချုပ်မှုစနစ်ပြိုင်များအကြောင်းတို့ကို သုတေသနပြုလေ့လာနေသူတစ်ဦး ဖြစ်ပါသည်။

     ယခုဆောင်းပါးအား Tea Circle ၏ ဘာသာပြန်အဖွဲ့မှ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆို ထားခြင်းဖြစ်ပါသည်။

    Related Articles
    No related posts