6 Minutes To Read

မြန်မာ့ အာဏာသိမ်းမှု ဖြစ်စဥ်နှောင်းပိုင်း မြန်မာ-တရုတ်ဆက်ဆံရေး၏ ပထဝီဝင်နိုင်ငံရေး: မြန်မာ့အာဏာသိမ်းမှုဖြစ်စဥ်တွင် တရုတ်နိုင်ငံ၏ မဟာဗျူဟာ‌မြောက်တွက်ချက်မှုများ

6 Minutes To Read
  • English
  • ဆောင်းပါးရှင် Julian (ကလောင်အမည်) သည် ယခု ဆောင်းပါးတွင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော ပထဝီနိုင်ငံရေးဆိုင်ရာ တွက်ချက်မှုများနှင့် ရည်မှန်းချက်များကို ဆွေးနွေးရေးသားထားသည်။ 

    အောက်ပါ ဆောင်းပါးအား Tea Circle တွင် ဇွန်လ ၇ ရက်နေ့ ၂၀၂၁ ခုနှစ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

    Related

    မြန်မာ့စစ်အာဏာသိမ်းမှု စတင်ဖြစ်ပွားခဲ့ချိန်မှစ၍ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန့်ကျင်ဆန္ဒပြသူများနှင့် အများပြည်သူတို့သည် မြန်မာပြည် စစ်အာဏာသိမ်းမှုဖြစ်စဥ်တွင် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ လျှိူ့၀ှက်စွာ အားပေးအားမြှောက်ပြုခြင်းများ ရှိခဲ့သည်ဟု သံသယများ ရှိနေကြသော်လည်း တရုတ်နိုင်ငံကမူ ထိုအချက်ကို ငြင်းဆိုသည်။ ၄င်းသံသယဖြစ်စဥ်များအနက် တစ်ခုမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မှ ကူမင်းသို့ ပျံသန်းပြေးဆွဲသော ပစ္စည်းတင် လေကြောင်းလိုင်းများဖြစ်ပြီး နှစ်နိုင်ငံစလုံးကမူ ၄င်းပျံသန်းမှုများသည် ပုံမှန် ပင်လယ်စာ သယ်ယူပို့ဆောင်သည့် ခရီးစဥ်များဟုသာ တုန့်ပြန်ခဲ့ကြသည်။ ထိုဖြစ်ရပ်များကြောင့် တရုတ်နိုင်ငံအနေဖြင့် နည်းပညာများနှင့် ကျွမ်းကျင်သူများကို မြန်မာ့ အာဏာသိမ်း စစ်ခေါင်းဆောင်များအား ပံ့ပိုးပေးနေကြသလော စသည့် မှန်းဆမှုများ တိုးပွားလာခဲ့သည်။

    ၄င်းဖြစ်ရပ်များ၏ အကျိုးဆက်အ‌နေဖြင့် မြန်မာပြည်တွင်း၌ တရုတ်နိုင်ငံအပေါ် မကောင်းမြင်မှုများ၊ ဆန့်ကျင်မုန်းတီးသည့် ခံစားချက်များ ပေါ်ပေါက်တိုးပွားလာခဲ့သည်။ ဥပမာအနေဖြင့် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြသည့် လူထုအား စစ်အာဏာရှင်များမှ ရက်စက်စွာမဖြိုခွဲခင် အစောပိုင်းနေ့ရက်များတွင်ပင် မြန်မာနိုင်ငံရှိ တရုတ်သံရုံးရှေ့တွင် သွားရောက်ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့ကြသည်။ တင်းမာမှုများမြင့်တက်လာသောအခါ တရုတ်နိုင်ငံအနေဖြင့် မြန်မာ့စစ်တပ်အား ပံ့ပိုးကူညီနေသည်ဆိုသည့် အမြင်များနှင့် ပြည်သူလူထု၏ ဒေါသများကြောင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရေနံပိုက်လိုင်းများကို မီးရှို့ဖျက်ဆီးမည်အထိ ခြိမ်းခြောက်မှုများ တိုးပွားလာခဲ့သည်။

    တင်းမာမှုအရှိန် အထူး မြင့်တက်ခဲ့သော ဖြစ်စဥ်မှာ ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ စက်မှုဇုန်တွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှပ်နှံထားသော စက်ရုံတစ်ရုံ မတ်လ ၁၄ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခံရသောအခါ တရုတ်သံရုံးအနေဖြင့် ၄င်းဖြစ်ရပ်အပြီး နေ့တွင်းချင်းပင် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ ထိုကြေငြာချက်တွင် (မည်သူမည်၀ါ ကျူးလွန်သည် တိကျသေချာမှု မရှိချိန်တွင်ပင်) အကြမ်းဖက်မှုများအား ရပ်တန့်ရန်နှင့်  အပြစ်ကျူးလွန်သူများကို အရေးယူနိုင်ရေးအတွက် အာဏာပိုင်များအနေဖြင့် ထိရောက်သော လုပ်ငန်းစဥ်များ ပြုလုပ်ရန် ပြောဆိုထားသော်လည်း  ထိုနေ့ တစ်ရက်တည်းတွင် ဖြစ်ပွားခဲ့သော စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းတမ်းသော ဖြိုခွဲမှုများနှင့် အစုလိုက်၊​အပြုံလိုက် လူသတ်မှုကျူးလွန်ခြင်းများကိုတော့ ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။ ထို့ပြင် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့်  မြန်မာ့စစ်အာဏာသိမ်းမှုကို ကန့်ကွက်ပြစ်တင်ရှုံချရန်၊ စစ်တပ်မှ အကြမ်းဖက်မှုကျူးလွန်နေမှုများကို ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံရေးအကျဥ်းသားများကို ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းရန်စသည့် အချက်အလက်များကို ဖေဖော်၀ါရီလ လေးရက်နှင့် ဧပြီလ တစ်ရက်ရှိ Press Statement များတွင်လည်းကောင်း၊ မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်သော Presidential Statement တွင်လည်းကောင်း ထည့်သွင်းတိုက်တွန်း ထုတ်ပြန်ရန် ဘုံသဘောတူညီမှုများရရှိခဲ့သော်လည်း တရုတ်သံတမန်များအနေဖြင့် ၄င်းကြေငြာချက်ပါ အချို့ စာသားများအား အားပျော့သွားစေရန်အလို့ဌာ ပိုမိုပျော့ပြောင်းသော အသုံးအနှုန်းများကို အစားထိုးရန် အကြံပြုခဲ့ကြသည်။ ဥပမာအနေဖြင့် “နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ရန်” စသည်အသုံးအနှုန်းကို ပိတ်ပင်ခဲ့ပြီး ၄င်းအစား “လိုအပ်သော အဆင့်များကို ဆက်လက်ဆောင်ရွက်သွားရန်” ဖြင့်လည်းကောင်း၊​ “လူသတ်မှု” ဆိုသည့် စကားလုံးအား “လူသေဆုံးမှု” ဆိုသည့် စကားလုံးဖြင့် အစားထိုးသုံးစွဲရန်လည်းကောင်း တောင်းဆိုခဲ့သည်ကို ‌တွေ့ရသည်။ 

    တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းမှုကို တုန့်ပြန်ပုံသည် အတိုင်းအတာတစ်ခုထိ ရှုပ်ထွေးနေကြောင်းတွေ့ရသည်။ တရုတ်နိုင်ငံ၏ ယခုအချိန်ကာလအထိ တုန့်ပြန်ပုံများကို နားလည်နိုင်ရန်အတွက်မူ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ပထဝီ၀င်နိုင်ငံရေးဆိုင်ရာ အကျိုးစီးပွားနှင့် မဟာဗျူဟာ‌မြောက် တွက်ချက်မှုများ၊  မြန်မာနိုင်ငံအတွင်းနှင့် ဒေသတွင်းသာမက တစ်ကမ္ဘာလုံးအပေါ် လွှမ်းမိုးရန် စိတ်ဆန္ဒရှိခြင်းများကို ခွဲခြမ်းလေ့လာသုံးသပ်ရန် လိုအပ်ပါသည်။ သို့ဖြစ်၍ ယခုဆောင်းပါးတွင် ဒေသတွင်းဆိုင်ရာ ပထ၀ီ၀င်နိုင်ငံရေးကိစ္စရပ်များတွင် တရုတ်နိုင်ငံ၏ ရပ်တည်မှု၊ တရုတ် နိုင်ငံခြားရေးမူ၀ါဒနှင့် လက်ရှိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွင် တရုတ်နိုင်ငံ၏ ဆက်နွယ်မှုတို့ကို လေ့လာသုံးသပ်မည်ဖြစ်ပါသည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ်တွင် မည်သည့် ပထ၀ီ၀င်နိုင်ငံရေး ရည်မှန်းချက်များ ရှိနေသနည်း? တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခြင်း မပြုသည့် နိုင်ငံခြားရေးမူဝါဒမှာ အဘယ်နည်း? ၄င်းမူဝါဒ၏ လတ်တလောမြန်မာနိုင်ငံအရေးကိစ္စများအပေါ် အငြင်းပွားမှုများမှာ မည်သည့်အရာအများဖြစ်သနည်း? ၄င်းအခြင်းအရာများသည် မြန်မာ့လတ်တလော နိုင်ငံရေး အကျပ်အတည်းနှင့် မည်သို့မည်ပုံ ပတ်သက်နေပါသနည်း?

    တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ထားရှိသော ပထဝီ၀င်နိုင်ငံရေး ရည်မှန်းချက်များ

    တရုတ်နိုင်ငံအနေဖြင့်  နိုင်ငံအနောက်တောင် ဒေသရှိ ကုန်းတွင်းပိတ် ယူနန်ခရိုင်အတွက် စားနပ်ရိက္ခာနှင့် စွမ်းအင်လုံခြုံမှုကို ပံ့ပိုးရန်အတွက် မြန်မာနိုင်ငံနှင့် အရေးပါသည့် ကုန်စည်ကူးသန်းမှုများနှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဆက်ဆံရေးများရှိပါသည်။ ဥပမာပေးရသော် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ယူနန်ခရိုင်ကို ချိတ်ဆက်ထားသော မြန်မာ-တရုတ် ရေနံပိုက်လိုင်းသည် ယူနန်ဒေသအတွက် မရှိမဖြစ် လိုအပ်သော စွမ်းအင်လုံခြုံမှုကို ပေးလျက်ရှိသည်။ ထို့အပြင် ၂၁ ရာစုတွင် တရုတ်နိုင်ငံအတွက် လမ်းပန်းအဆောက်အအုံဆိုင်ရာ အကြီးမားဆုံးရည်မှန်းချက်ဖြစ်သော တရုတ်နိုင်ငံ၏ “ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း” စီမံကိန်း အတွက်လည်း မြန်မာနိုင်ငံသည် မရှိမဖြစ် အရေးကြီးသော အစိတ်အပိုင်းတစ်ခုအနေဖြင့် ပါ၀င်ပါသည်။ ၄င်း စီမံကိန်းအများစုသည် ၂၀၂၀ ခုနှစ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဥ်က လက်မှတ်ရေးထိုး အတည်ပြုထားသော စီမံကိန်းများဖြစ်ပါသည်။​ တရုတ်နိုင်ငံ၏ “ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း” စီမံကိန်းများသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနှ့င် အိန္ဒိယသမုဒ္ဒရာကို ချိတ်ဆက်ထားသည့် အတွက်လည်း မြန်မာနိုင်ငံသည် ၄င်းစီမံကိန်းများအတွက် ပထဝီ၀င်အနေအထားဆိုင်ရာ အဓိကအရေးအကြီးဆုံး အခန်းကဏ္ဍတွင် ပါ၀င်နေခြင်းဖြစ်သည်။​

    ထို့ပြင် အိန္ဒိယသမုဒ္ဒရာသည်လည်း  တရုတ်နိုင်ငံ၏ ပထဝီ၀င်နိုင်ငံရေးဆိုင်ရာ အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်သော “သမုဒ္ဒရာနှစ်စင်း မဟာဗျူဟာ” အတွက် မရှိမဖြစ် အရေးပါသည်။ ၄င်းမဟာဗျူဟာကို အရှင်းလင်းဆုံး ဖွင့်ဆိုရလျှင် တရုတ်နိုင်ငံအနေဖြင့် အာရှပစိဖိတ်ဒေသတွင်းရှိ အခြားသောနိုင်ငံများနှင့် ပထဝီ၀င်နိုင်ငံရေးဆိုင်ရာ အင်အား ချိန်ခွင်လျှာကို ထိန်းညှိရန်၊ ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာတို့တွင် နိုင်ငံရေးအရ ပိုမို လွှမ်းမိုးနိုင်ရန် ကြိုးစားခြင်းဖြစ်ပြီး ၄င်းအစီအမံများမှတစ်ဆင့် တရုတ်နိုင်ငံ၏ ပထဝီနိုင်ငံရေး သြဇာကို ဒေသတွင်းသာမက တစ်ကမ္ဘာလုံးတွင် ချဲ့ထွင်ရန်ဖြစ်သည်။ ပစိဖိတ်သမုဒ္ဒရာအတွင်းတွင်မူ တရုတ်နိုင်ငံ၏ ပထဝီ၀င်နိုင်ငံရေးအတွက် ပင်မ ခြိမ်းခြောက်မှုများမှာ ဂျပန်နိုင်ငံ၊ တောင်ကိုးရီးယားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု ရေတပ်စခန်းများ၊ ထိုင်၀မ်နိုင်ငံနှင့် သြစ‌တြေးလျနိုင်ငံတို့ ဖြစ်ကြသည်။ တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးကဏ္ဍနှင့် ကုန်စည်စီးဆင်းမှုကို တိုးမြှင့်ပြီး ရပ်၀ေးပင်လယ်ဒေသများတွင်ပါ သြဇာသက်ရောက်မှုရစေရန် ရည်မှန်းကြိုးစားမှုအတွက် အိန္ဒိယသမုဒ္ဒရာသည် တရုတ်နိုင်ငံ၏ ၄င်းရည်မှန်းချက်ပြည့်၀စေရန် ဖြည့်ဆည်းပေးနိုင်သည့် အနေအထားတွင် တည်ရှိသည်။ 

    တရုတ်နိုင်ငံ၏ ပထ၀ီ၀င်နိုင်ငံရေးရည်မှန်းချက် အောင်မြင်ရန်အတွက် ဒေသတွင်းတွင် အကြီးမားဆုံး ပထဝီ၀င်နိုင်ငံရေး စိန်ခေါ်မှုဖြစ်သော အိန္ဒိယနိုင်ငံကို ထိန်းချုပ်ရန်အတွက်လည်း အိန္ဒိယသမုဒ္ဒရာကိုယ်၌သည်ပင်လျှင် အရေးပါသော ကဏ္ဍတွင် တည်ရှိနေပြန်သည်။ တရုတ်နိုင်ငံအနေဖြင့် “ပုလဲသွယ်များ” ဟုခေါ်ဆိုသည့် မဟာဗျူဟာဖြင့် အိန္ဒိယနိုင်ငံကို ဧရာမ လမ်းပန်းဆက်သွယ်ရေးအဆောက်အအုံများ၊ ရေတပ်စခန်းများနှင့် အခြား အခြေခံအဆောက်အအုံများအသုံးပြု၍ စီးပွားရေးအရရော၊ စစ်ရေးအရပါ လွှမ်းခြုံရစ်သိုင်းရန် ရည်မှန်းထားခြင်းဖြစ်သည်။ ၄င်းမဟာဗျူဟာအောက်ရှိ အကြီးမားဆုံး စီမံကိန်းများတွင် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန်လမ်းကြောင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ပါကစ္စတန်နိုင်ငံ Balūchistān ခရိုင်ရှိ ဆိပ်ကမ်း စီမံကိန်း၊ သီရိလင်္ကာရှိ Hambantota ဆိပ်ကမ်း စီမံကိန်းနှင့် မြန်မာနိုင်ငံ ရခိုင်ဒေသရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းတို့ ပါ၀င်သည်။ လက်ရှိ အမေရိကန် ပြည်ထောင်စု အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး Jake Sullivan ၏ “Foreign Policy” မဂ္ဂဇင်းတွင် ရေးသားခဲ့သော ဆောင်းပါးအရ တရုတ်နိုင်ငံအနေဖြင့် အနောက်ပိစိဖိတ် ဒေသတွင်သာမက ဥရောပနှင့် အာရှတိုက်တွင်း ဒေသများ၊ အာဖရိကတိုက်နှင့် အိန္ဒိယသမုဒ္ဒရာတို့တွင်လည်း ပထဝီ၀င်နိုင်ငံရေးအရ တစ်ကမ္ဘာလုံးအပေါ် လွှမ်းမိုးလိုမှုနှင့် တစ်ဦးတည်း အင်အားကြီး ချုပ်ကိုင်လာမှုမျိုး တည်ထောင်နေသည်ဟု ယုံကြည်လာဖွယ်ရာ အကြောင်းအချက်များရှိသည်။ 

    မြန်မာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာနှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်မှုရှိပြီး တရုတ်နိုင်ငံနှင့်လည်း အိမ်နီးချင်းနိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ပထ၀ီ၀င်နိုင်ငံရေးရည်မှန်းချက်များ ဖော်ဆောင်ရန် မရှိမဖြစ် အရေးပါသော “သမုဒ္ဒရာနှစ်စင်း” မဟာဗျူဟာနှင့် “ပုလဲသွယ်များ” မဟာဗျူဟာတို့၏ ဆုံမှတ်တွင် တည်ရှိနေသည်။ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှပ်နှံမှုစီမံကိန်းများသည် စီးပွားရေးအရသာမက ပထဝီ၀င်နိုင်ငံရေးအရပါ အရေးပါမှုကြီးမားသည့်အတွက် မြန်မာနိုင်ငံတွင်း ပဋိပက္ခများနှင့် မငြိမ်သက်မှုများ မြင့်တက်လာခြင်းကြောင့် တရုတ်နိုင်ငံအနေဖြင့် လက်မှတ်ရေးထိုးအတည်ပြုပြီးသော “ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း” စီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် အဟန့်အတားနှင့် ဆိုးကျိုးများ သက်ရောက်လာမှာကို စိုးရိမ်ပူပန်မှုများရှိသည်။ အထူးသဖြင့် အထက်ဖော်ပြပါ မဟာဗျူဟာနှစ်ရပ်အတွက်နှင့် စီးပွားရေးနှင့် ပထ၀ီ၀င်နိုင်ငံရေး အကျိုးစီးပွားတို့အတွက် လွန်စွာအရေးပါသော ကျောက်ဖြူ‌ရေနက်ဆိပ်ကမ်း စီမံကိန်း အပေါ် သက်ရောက်မှု ရှိမည်ကို တရုတ်နိုင်ငံသည် လွန်စွာမှ ပူပန်မှုရှိနိုင်သည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ အမြင်တွင်မူ မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များ၊ မြန်မာစစ်တပ်နှင့်ပြည်သူလူထု အကြား စစ်ပွဲများ ကာလကြာရှည်ဖြစ်ပွားမည့် အလားအလာများသည် ၄င်းတို့၏ အကျိုးစီးပွားများအတွက် အနည်းငယ်မျှ အထောက်အကူမဖြစ်ပေ။ ထို့ကြောင့် တရုတ်နိုင်ငံသည်  မြန်မာနိုင်ငံ၏ အရေးတွင် အကျူံး၀င်ပူးပေါင်းပါ၀င်ပက်သတ်သူမှန်သမျှအကြား တင်းမာမှုနှင့် ပဋိပက္ခများကို လျော့နည်းသက်သာစေရန်အတွက်သာ အစဥ်တစ်စိုက် တိုက်တွန်းလျက်ရှိကြောင်း  တွေ့ရှိရပြီး ၄င်းအကြောင်းအရာများကိုမူ အောက်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။ 

    တရုတ်နိုင်ငံ၏ အခြားနိုင်ငံများအပေါ် ကြား၀င်မစွက်ဖက်ရေး နိုင်ငံခြားရေး မူ၀ါဒနှင့် အငြင်းပွားဖွယ်ရာများ

    အာဏာသိမ်းမှု ဖြစ်စဥ်နောက်ပိုင်း  ဒီမိုကရေစီ အနောက်အင်အားစုများဖြစ်ကြသော အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့သည် အာဏာသိမ်းမှုကို ကန့်ကွက်ပြစ်တင်ရှုံ့ချခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ရွေးကောက်ခံကိုယ်စားလှယ်များကို အာဏာပြန်လည်လွှဲပြောင်းပေးရန်အတွက် အစဥ်တစိုက် တိုက်တွန်းပြောဆိုခဲ့ကြသည်။ ဗြိတိန်နိုင်ငံသည်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တုန့်ပြန်ရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အစည်းအ၀ေးခေါ်ရန် တိုက်တွန်းခဲ့သည် ပထမဦးဆုံးသော နိုင်ငံဖြစ်သည်။​ ထို့ပြင် ၄င်းအနောက်နိုင်ငံများသည်ပင်  မြန်မာ့ ထိပ်သီးပိုင်း စစ်အာဏာရှင်များအပေါ် သံတမန်နည်းလမ်းများဖြင့်လည်းကောင်း၊ စစ်အာဏာပိုင်များ၏ စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများဖြင့်လည်းကောင်း ဖိအားပေးခဲ့ကြသည်။ ၄င်းကဲ့သို့ အနောက်နိုင်ငံများမှ စီးပွားရေးပိတ်ဆို့မှုများကို တရုတ်နိုင်ငံမှာမူ ဆန့်ကျင်လေ့ရှိသည်။ 

    တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူ၀ါဒမှာမူ ၁၉၅၅ ခုနှစ် ဘန်ဒေါင်း ညီလာခံတွင် Zhou Enlai မှ ပြဌာန်းခဲ့သည် “ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ရေး” ကို အခြေပြုပြီး အခြားနိုင်ငံများ၏ ပြည်တွင်းရေးအား ၀င်ရောက်စွက်ဖက်ခြင်းမပြုရန်၊​ ရန်လိုသည့် အပြုအမူသဘောထားများ မရှိရန်၊ ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ရန်နှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်စိုးမှုကို ရိုသေလေးစားမှုရှိရန် စသည့် အချက်များအပေါ် အခြေခံထားခြင်းဖြစ်သည်။​ ယေဘုယျအားဖြင့်ဆိုရသော တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူ၀ါဒသည် အခြားနိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို ၀င်ရောက်စွက်ဖက်နှောင့်ယှက်ခြင်းမပြုရန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့်လည်း နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်နှင့် အချုပ်အခြာအာဏာပိုင်စိုးမှုကို လေးစားရန် တွန်းအားပေးခြင်းဖြစ်သည်။​

    သို့သော်ငြားလည်း တရုတ်နိုင်ငံသည် ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ပြောင်းလဲလာပြီး အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးတွင် ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးလိုမှုနှင့် ပထဝီ၀င်နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်များ တိုးပွားလာခြင်းတို့ကြောင့် စစ်အေးကာလခေတ်တွင် ၄င်းတို့ကိုယ်တိုင်ချမှတ်ခဲ့သည် “အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ကြား၀င်စွက်ဖက်ခြင်းမပြုရန်” ဆိုသည့် နိုင်ငံခြားရေးမူ၀ါဒကိုပင် လိုက်နာရန် အခက်အခဲများရှိလာခဲ့သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ပထ၀ီ၀င်နိုင်ငံရေးသည် ယခုအချိန်တွင် တစ်ကမ္ဘာလုံးနှင့် ကျယ်ပြန့်စွာ ထိစပ်လာသည့်အတွက် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေး ပဋိပက္ခများသည် ၄င်းနိုင်ငံတွင်းရှိသော တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကို ကာလရှည်ကြာ ပျက်စီးဆုံးရှုံးမှုများရှိလာသောအခါ ၄င်းနိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များတွင် ဝင်ရောက်ပတ်သတ်ခြင်းပြုလာခြင်းများ ရှိလာသည်။ ၄င်းကဲ့သို့ ၀င်ရောက်စွက်ဖက်ရာတွင်လည်း တရုတ်နိုင်ငံသည် အနေဖြင့် “အခြားနိုင်ငံ၏ ပြည်တွင်းရေးတွင် ကြား၀င်စွက်ဖက်ခြင်းမပြု” မူ၀ါဒကို မျက်ကွယ်ပြုသည်မဟုတ်ပဲ၊ လိုအပ်ချက်အရ ပြုလုပ်ရသော တွေ့ဆုံညှိနှိုင်းဆွေးနွေးသည့် အပြုသဘော ကြား၀င်ပတ်သတ်မှုဟုသာ အမည်တပ်သည်။ ၄င်းတို့အနေဖြင့် အင်အားသုံးသည့် ကြား၀င်ပတ်သတ်မှုများအစား နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းသည့် ပါ၀င်ပတ်သက်မှုအသွင်ဖြင့်သာပါ၀င်ပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ကြားဝင်ပတ်သတ်ခြင်းမပြုသည့် စည်းမျဥ်းမူဝါဒကိုသာ ကိုင်စွဲထားကြောင်း ငြင်းဆိုလေ့ရှိသည်။ တစ်ဖက်တွင်လည်း တရုတ်နိုင်ငံ၏မူ၀ါဒသည် “အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ကြား၀င်ပတ်သတ်ခြင်းမပြု” ဆိုသော်လည်း ၄င်းတို့၏ စီးပွားရေးနှင့် အကျိုးစီးပွားများနှင့် ပက်သတ်လာပါက စစ်ရေးအရကာကွယ်ရန် လိုလားမှုရှိခြင်းကို မြင်တွေ့ရသည့်အတွက် ၄င်းမူ၀ါဒသည် ကြီးစွားသောသတိဖြင့် စောင့်ကြည့်ခံရလျက်ရှိသည်။​ တရုတ်နိုင်ငံ၏ အနေအထားသည် မကြာသေးမီကာလမှစတင်၍ ပိုမိုအားကောင်းလာခဲ့ခြင်းကြောင့် ၄င်းတို့၏ ကြား၀င်စွက်ဖက်ခြင်းမပြုသည့်နိုင်ငံခြားရေးမူ၀ါဒ နှင့် ပထဝီ၀င်နိုင်ငံရေး အကျိုးစီးပွားကို ကာကွယ်ရန် အကြား ၀ေခွဲရခက်သော အနေအထားကို ရင်ဆိုင်ရလျက်ရှိသည်။ ဥပမာ တရုတ်နိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်တွင် ၄င်းတို့၏ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့၀င်များအား မာလီနိုင်ငံသို့ စေလွှတ်ခဲ့ခြင်းသည် သမိုင်းကာလတစ်လျှောက်တွင် “အခြားနိုင်ငံများ၏ ပြည်တွင်းရေးများတွင် ကြား၀င်စွက်ဖက်ခြင်းမပြု” ဆိုသည့် မူ၀ါဒကို ပထမဦးဆုံးအကြိမ် ချိုးဖောက်ခဲ့ခြင်းဖြစ်သည်။

    အထက်တွင် ဖော်ပြထားခဲ့သည့် ကြောင်းကျိုးပြ စေ့ဆော်မှုများနှင့် အဖြစ်အပျက်တို့သည် တရုတ်နိုင်ငံအနေဖြင့် “အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခြင်းမပြု” ဆိုသည့် နိုင်ငံခြားရေးမူဝါဒနှင့် လက်တွေ့ကျင့်သုံးမှုများအကြား ကွာဟချက်ရှိခြင်းများကို မီးမောင်းထိုးပြနေသည်။ တရုတ်နိုင်ငံ၏ လတ်တလော နိုင်ငံခြားရေးမူဝါဒများကို ထောက်ရှုသုံးသပ်ရာတွင် ၄င်းတို့၏ ရှိရင်းစွဲ ရည်မှန်းချက်များတင်သာမက ၄င်းတို့၏ ပိုမိုအားကောင်းလာသော စီးပွားရေးနှင့် ပထဝီ၀င်နိုင်ငံရေး အကျိုးစီးပွားများအပါအ၀င်၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ၄င်းတို့၏ အခန်းကဏ္ဍကို ကာကွယ်ရန် ဝိုင်းဝန်းကြိုးပမ်းသည့် အနေအထားများပါ ပါ၀င်လျက်ရှိကြောင်းတွေ့ရှိရသည်။ 

    မြန်မာ့အာဏာသိမ်းမှုဖြစ်စဥ်တွင် တရုတ်နိုင်ငံပိုင် မီဒီယာများသည် “စစ်အာဏာသိမ်းသည်” ဟုသည့် အသုံးအနှုန်းကို သုံးရန်ပင် ချီတုံချတုံဖြစ်ခဲ့ကြပြီး ယင်းအစား “အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များ၊ အစိုးရ အဖွဲ့၀င်များ အပြောင်းအလဲဖြစ်သည်” ဆိုသည့် ရည်ညွှန်းချက်ကိုသာ အသုံးပြုခဲ့ကြသည်။​ တရုတ်နိုင်ငံအနေဖြင့် မြန်မာ့စစ်အာဏာသိမ်းမှုကို ပွင့်လင်းစွာ ကန့်ကွက်ပြစ်တင်ရှုံချရန် ချီတုံချတုံဖြစ်သော်နေလည်း တစ်ဖက်တွင် မြန်မာ့နိုင်ငံရေးတွင် အကျုံး၀င်ပတ်သတ်သူ အစုအဖွဲ့များအနေဖြင့် မတူကွဲပြားမှုများကို ဆွေးနွေးမှုစကားဝိုင်းများမှ ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။ ပြည်တွင်း မငြိမ်သက်မှုများ တိုးမြင့်လာသည့်အခါတွင်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန်အတွက် ASEAN အဖွဲ့၀င် အရှေ့တောင်အာရှနိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုကို တရုတ်နိုင်ငံအနေဖြင့် အားပေးထောက်ခံမှုများပြုလာခဲ့သည်။ တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြားရေး၀န်ကြီး ၀မ်ရိသည် အာဆီယံနိုင်ငံ လေးနိုင်ငံဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံ (ယင်းနိုင်ငံများသည် မြန်မာ့စစ်အာဏာသိမ်းမှုကို အများဆုံး ဆန့်ကျင်ပြောဆိုကြသည့် အာဆီယံနိုင်ငံလေးနိုင်ငံဖြစ်သည်) များမှ နိုင်ငံခြားရေး၀န်ကြီးများနှင့် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၂ရက်နေ့ထိ တစ်ဦးချင်း အသီးသီး တွေ့ဆုံပြီး မြန်မာ့အရေးကို ဆွေးနွေးခဲ့သည်။ အာဆီယံနိုင်ငံများ၏ ဆုံးဖြတ်ချက်ချမှတ်ခြင်းဖြစ်စဥ်များသည် အဖွဲ့၀င်အားလုံး ဘုံသဘောတူညီချက်များအပေါ်တွင်သာ အခြေခံသော်လည်း ၄င်းနိုင်ငံများသည် နိုင်ငံအချင်းချင်းကြား ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်း နှင့် သံတမန်ရေးလမ်းကြောင်းအားဖြင့် အကူအညီပေးနိုင်ပါသည်။ ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးခြင်းသည်လည်း မြန်မာနိုင်ငံတွင်း အကျပ်အတည်းနှင့် ဖိအားများကို ပြေလျေ့ာစေလိုသည့် ဆန္ဒရှိကြောင်းနှင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန်ကြိုးပမ်းသည့် အာဆီယံ၏ အခန်းကဏ္ဍကိုလည်း ထောက်ခံအားပေးကြောင်းကို ပေါ်လွင်စေပါသည်။ ၄င်းအချက်သည် ပဋိပက္ခများကို ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ မဟာဗျူဟာကျသော သံတမန်နည်းလမ်းကိုလည်း ပြသခြင်းပင်ဖြစ်သည်။ သို့ရာတွင်လည်း တရုတ်နိုင်ငံအနေဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံတွင်း ဖိအားများကို လျော့နည်းစေလိုခြင်းသည် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြကြသည့်သူများအပေါ် စိုးရိမ်ပူပန်ခြင်းနှင့် စစ်အာဏာရှင်များ၏ လူမဆန်မှုများကို သတိပြုမူမိခြင်းများကြောင့် မဟုတ်ပဲ ၄င်းနိုင်ငံ၏ မြန်မာနိုင်ငံတွင်းတည်ရှိသော ပထဝီ၀င်နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများကြောင့်ဟု ယူဆနိုင်ဖွယ်ရာရှိသည်။ ထပ်မံဖြည့်စွက်ရသော် တရုတ်နိုင်ငံသည် ဒေသတွင်း ပဋိပက္ခများကို ဖြေရှင်းရာတွင် အဓိက အရေးပါသော ဖျန်ဖြေသူနေရာတွင် တည်ရှိအောင် ကြိုးပမ်းခြင်းဖြင့် ၄င်း၏ ဒေသတွင်းဆိုင်ရာ ပထဝီဝင်နိုင်ငံရေးအရ သြဇာသက်ရောက်မှုကို ပြသလိုခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။

    တရုတ်နိုင်ငံအနေဖြင့် မြန်မာ့စစ်အာဏာသိမ်းမှုကို ရှုံ့ချရန် နှောင့်နှေးနေခြင်းနှင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန်အတွက် အာဆီယံ၏ အခန်းကဏ္ဍကို ထောက်ခံအားပေးခြင်းသည် ၄င်း၏ ပထဝီ၀င်နိုင်ငံရေး အကျိုးစီးပွားနှင့် “အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေး” နိုင်ငံခြားရေးမူဝါဒတို့အကြား ချိန်ခွင်လျှာညှိရန် ကြိုးစားသည့် သံတမန်နည်းလမ်းဆိုင်ရာ အားထုတ်မှုဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ၄င်း၏ “ခါးပတ်တစ်ကွင်း လမ်းတစ်စင်း” စီမံကိန်းနှင့် ရင်းနှီးမြှပ်နှံမှုများ အောင်မြင်စေရန်အတွက် မြန်မာနိုင်ငံတွင်း နိုင်ငံရေး တည်ငြိမ်မှုကို လိုလားသည့်အတွက် တရုတ်နိုင်ငံသည် ဆွေးနွေးညှိနှိုင်းမှုများနှင့် ဖျန်ဖြေခြင်းများစသည့် ပျော့ပြောင်းညင်သာသော ကြား၀င်ပက်သတ်မှုမျိုးကို ကျင့်သုံးလျက်ရှိပြီး၊ မြန်မာ့စစ်အာဏာသိမ်းမှုကဲ့သို့ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ဆိုးရွားစွာခြိမ်းခြောက်လျက်ရှိသော စိန်ခေါ်မှုများကို ဖြေရှင်းရန်မူ အာဆီယံကဲ့သို့သော ဒေသတွင်း အဖွဲ့အစည်းများကို မှီခိုအားပြုပြီး ကြားဝင်ဖျန်ဖြေကြောင်းတွေ့ရသည်။ တဖက်တွင်လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင် အနောက်နိုင်ငံများ၏ ပါ၀င်ပတ်သက်မှုကို လျှော့ချရန်အတွက် စီးပွားရေးပိတ်ဆို့မှုများကို ကန့်ကွက်ခြင်း၊​ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ထုတ်ပြန်သော ကြေငြာချက်များကို ပိုမိုအားပျော့သော အသုံးအနှုန်းများဖြင့် အစားထိုးစေခြင်းတို့ကို ပြုလုပ်ခဲ့သည်။ သို့သော်ငြားလည်း တရုတ်နိုင်ငံအနေဖြင့် ၄င်း၏ အကျိုးစီးပွားများ ပြင်းထန်စွာ ခြိမ်းခြောက်ခံရသည့်အခါ ကြား၀င်စွက်ဖက်ခြင်းများရှိခဲ့သည့် သမိုင်းရှိသည့်အတွက် မြန်မာ့နိုင်ငံရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ထပ်မံကြား၀င်စွက်ဖက်ခြင်း ပြုမပြုဆိုသည့် အချက်သည် မေးခွန်းထုတ်စရာ ဖြစ်နေဆဲပင်ဖြစ်သည်။ 

    “တရုတ်နိုင်ငံအနေဖြင့် စစ်အာဏာသိမ်းမှုအပေါ် အနိုင်ဖြင့် လောင်းကြေးထပ်ထားပါသလား?”: ကွဲပြားသော ရှုထောင့်များနှင့် သမိုင်းအထောက်အထားများ

    တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ စစ်အာဏာသိမ်းမှုအပေါ် အနိုင်ဖြင့် လောင်းကြေးထပ်ထားခြင်း ရှိမရှိဆိုသည့် ကိစ္စရပ်ပေါ်တွင် မတူကွဲပြားသော၊ အငြင်းပွားဖွယ်ရာ အတွေးအမြင်နှစ်ခုရှိသည်။ ဤနေရာတွင် ‘လောင်းကြေးထပ်သည်’ ဆိုသည့် စကားရပ်သည် တရုတ်နိုင်ငံအနေဖြင့် မြန်မာစစ်တပ်သည် အာဏာကို ဆုပ်ကိုင်ရာတွင် အောင်မြင်မည်ဟု ယုံကြည်လက်ခံထားသောကြောင့် လိုအပ်သော ထောက်ပံ့မှုများပေးအပ်မည်။ ရလဒ်အနေဖြင့် တရုတ်နိုင်ငံသည် ရေရှည်တွင် မြန်မာစစ်တပ်နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကို တည်ဆောက်နိုင်မည်ဖြစ်သည် ဟူသော အယူဖြစ်သည်။

    ပထမ ရှုထောင့်သည် တရုတ်နိုင်ငံသည် မြန်မာ့စစ်အာဏာသိမ်းမှုတွင် အကြီးမားဆုံး ဆုံးရှုံးသူဖြစ်သည်။​ အကြောင်းမှာ မြန်မာ့စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာရသည့် နိုင်ငံရေး မငြိမ်သက်မှုနှင့် မရေရာမှုများ မြင့်တက်လာြခင်းသည် တရုတ်နိုင်ငံအတွက် “ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း” စီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် နှောင့်နှေးမှုများနှင့် တရုတ်နိုင်ငံ၏ ပထဝီ၀င်နိုင်ငံရေး ဩဇာသက်ရောက်လွှမ်းမိုးရန် ရည်မှန်းချက်ကိုလည်း အဟန့်အတားဖြစ်စေသည့်အတွက် မြန်မာ့အကျပ်အတည်းသည် တရုတ်နိုင်ငံအတွက် ပြင်းထန်ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်။​ ထို့အပြင် တရုတ်နိုင်ငံ ယူနန်ခရိုင်အတွက် စွမ်းအင်လိုအပ်ချက်ကို ဖြည့်တင်းပေးနေသော တရုတ်ဓာတ်ငွေ့ပိုက်လိုင်းနှင့် အခြားသော တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံတွင်းရှိ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုကဏ္ဍများ ထိခိုက်လာမှာကိုလည်း တရုတ်နိုင်ငံမှ စိုးရိမ်ပူပန်လျက်ရှိသည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်ရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အခြားသော လက်နက်ကိုင်တပ်ဖွဲ့များနှင့် မြန်မာစစ်တပ်တို့၏ ပဋိပက္ခအရှိန်နှင့် တိုက်ပွဲများမြင့်တက်လာမှုသည်လည်း နယ်စပ်ဒေသတွင်  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြီးမားကျယ်ပြန့်သည့်သက်ရောက်မှုများ၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အခက်အခဲများစသည့် ဆိုးကျိုးများ သက်ရောက်လာစေနိုင်ပါသည်။ 

    အခြားတစ်ဖက်မှ အတွေးအမြင်တစ်ခုမှာမူ တရုတ်နိုင်ငံအနေဖြင့် မြန်မာစစ်တပ်ကို အားပေးထောက်ခံနေသည်ဆိုသည့် အဆို ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့်  နယ်နိမိတ်လုံခြုံရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးနှင့် တရုတ်၏ မြန်မာ အရေးမှတစ်ဆင့် ရုရှားနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်လိုခြင်း စသည့် အချက်များအပေါ်တွင် အခြေခံသည်။ Jason Tower ၏ ဆောင်းပါးတစ်ပုဒ်တွင်မူ တရုတ်နိုင်ငံ၏ သုတေသန အကြံပေးအဖွဲ့တစ်ခု၏ အဆိုကို ကိုးကားထားပြီး ၄င်းအဆိုအရ မြန်မာပြည်သူလူထု၏ အကြမ်းမဖက်အာဏာဖီဆန်သည့် CDM လှုပ်ရှားမှုများနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့သည် အနောက်နိုင်ငံအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အနောက်နိုင်ငံရှိ အခြားသော အဖွဲ့အစည်းများမှ ရန်ပုံငွေများနှင့် ရပ်တည်နေခြင်း ဖြစ်သည်ဆိုသည့် အချက်ကို ထည့်သွင်း ရေးသားထားသောကြောင့် ၄င်းအဆိုအရ တရုတ်နိုင်ငံအနေဖြင့် CDM၊ CRPH နှင့် မြန်မာပြည် အာဏာသိမ်းမှုဖြစ်စဉ်တစ်ခုလုံးကို မည်သို့မည်ပုံ အမြင်ရှိသည်ကိုတွေ့နိုင် သည်။ 

    တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ စစ်တပ်ခေါင်းဆောင်များနှင့် သမိုင်းကြောင်းဆက်ဆံရေးကို ပြန်လည်လေ့လာခြင်းအားဖြင့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံစစ်အာဏာသိမ်းမှု ဖြစ်စဉ်အပေါ် လောင်းကြေးထပ်ထားခြင်း ရှိမရှိကို နားလည်ရန် အထောက်အကူပြုပါလိမ့်မည်။​ မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ စစ်အုပ်ချုပ်ရေးကာလများတွင် တရုတ်နိုင်ငံနှင့် မြန်မာစစ်တပ်တို့အကြား ဆက်ဆံရေးတွင် အထစ်အငေါ့များစွာ ရှိနေခဲ့ပါသည်။​ မြန်မာ့စစ်ဗိုလ်ချုပ်များသည် နိုင်ငံတကာမှအရေးယူပိတ်ဆို့မှုခံခဲ့ရသော ကာလများတွင် တရုတ်နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ထောက်ပံ့မှုများပေါ် မှီခိုခဲ့ရခြင်း၊ ၂၀၀၇ ခုနှစ်တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွက် ဗီတိုအာဏာသုံးကာကွယ်ပေးခဲ့ခြင်းစသည့် ပတ်သက်မှုများရှိခဲ့သော်လည်း ဗိုလ်ချုပ်များအနေဖြင့် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးချုပ်ကိုင်လာမှုကို အမြဲ စိုးရွံ့ကြောက်လန့်ခဲ့သည့်အလျောက် တန်ပြန် ချိန်ခွင်လျှာညှိရန်အတွက် အိန္ဒိယ၊ ရုရှား၊ ထိုင်းနိုင်ငံ၊ စင်္ကာပူ၊ မြောက်ကိုရီးယားနှင့် မလေးရှားနိုင်ငံတို့ဖြင့်လည်း ပူးပေါင်းဆက်ဆံရေးများကို တိုးမြှင့်ခဲ့သည်။ 

    ၂၀၁၀ ရွေးကောက်ပွဲအလွန်ကာလနှင့် မြန်မာနိုင်ငံ၏ ဗဟိုမှချုပ်ကိုင်သော ဒီမိုကရေစီအသွင်ကူးပြောင်းသည့် ကာလများတွင် စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်ခဲ့သော သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် USDP အစိုးရလက်ထက်တွင်လည်း ၂၀၁၁ခုနှစ်တွင် မြစ်ဆုံရေကာတာ စီမံကိန်းကို ရပ်နားခဲ့သည်။ USDP အစိုးရအနေဖြင့် မြန်မာနိုင်ငံကို နိုင်ငံတကာအသိုင်းအဝိုင်းသို့ ပြန်လည်ထိုးဖောက်၀င်ရောက်နိုင်စေရန် နိုင်ငံခြားရေးမူဝါဒတစ်ရပ်ကို ချမှတ်ပြီး  ၄င်းတို့အုပ်ချုပ်ခဲ့စဉ် ၂၀၁၁ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အနောက်နိုင်ငံများနှင့် သံတမန်ရေးရာဆက်ဆံမှုများကို တိုးမြှင့်ခဲ့သည်။ USDP အစိုးရသည် အနောက်နိုင်ငံများရှိ ဒီမိုကရေစီအင်အားစုများနှင့် နိုင်ငံတစ်ကာဆက်ဆံရေး တည်ဆောက်ရာတွင် ကြိုးပမ်းအောင်မြင်ခဲ့ပြီး စီးပွားရေးကဏ္ဍအတွက်လည်း အနောက်နိုင်ငံများ၏ ရင်းနှီးမြှပ်နှံမှုများစွာ ဖိတ်ခေါ်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက်လည်း အနောက်နိုင်ငံများရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများကို ဖိတ်ခေါ်ခဲ့သည်။ ၄င်းအကြောင်းအချက်များသည်ပင်လျှင် တရုတ်နိုင်ငံအနေဖြင့် မြန်မာ့စစ်ဗိုလ်ချုပ်များအပေါ် မယုံသင်္ကာဖြစ်စေမှုများ သန္ဓေတည်စေကြောင်း သုံးသပ်ရသည်။ 

    ထပ်မံဖြည့်စွက်ရသော် တရုတ်နိုင်ငံ နိုင်ငံခြားရေး၀န်ကြီး Wang Yi အနေဖြင့် ၂၀၂၀ နို၀င်ဘာ အထွေထွေ ရွေးကောက်ပွဲတွင် NLDမှ တောင်ပြိုကမ်းပြို အနိုင်ရပြီး နှစ်လအကြာ ၂၀၂၁ခုနှစ် ဇန်န၀ါရီလတွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း သမ္မတ ဦး၀င်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။  တရုတ်နိုင်ငံ နိုင်ငံခြားရေး၀န်ကြီးဌာနအနေဖြင့် Wang Yi ၏ လာရောက်လည်ပတ်မှုသည် “မြန်မာနိုင်ငံ၏ အစိုးရအသစ်တစ်ရပ်အား အောင်မြင်စွာဖွဲ့စည်းနိုင်သည့်အပေါ်တွင်သာမက မြန်မာပြည်သူလူထု၏ ရေရှည်အကျိုးစီးပွားကို တွက်ဆပြီး မြန်မာနိုင်ငံအနေဖြင့်  တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်အပေါ်  လျှောက်လှမ်းပြီး၊ နိုင်ငံတော်အတွက် အားသစ်အင်သစ်လောင်းရန် ကြိုးပမ်းမှုများအပေါ်  တရုတ်နိုင်ငံအနေဖြင့် မျှော်လင့်စောင့်စားလျက်ရှိပြီး၊ ထောက်ပံ့အားပေးမှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း” ကို ပြသခြင်း ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ ၄င်းထုတ်ပြန်ချက်ကို ထောက်ရှုကာ တရုတ်နိုင်ငံအနေဖြင့် NLD ၏ တောင်ပြိုကမ်းပြို အနိုင်ရမှုနှင့် ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီလတွင် လွှတ်တော်ခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့် အစိုးရကို ကြိုဆိုထောက်ခံကြောင်း ပေါ်လွင်ပါသည်။ ထို့အပြင် NLD အစိုးရသက်တမ်းအတွင်း ပေါ်ပေါက်ခဲ့သော ရိုဟင်ဂျာအရေးကိစ္စကြောင့် မြန်မာနိုင်ငံနှင့် အနောက်နိုင်ငံများရှိ အစိုးရများအကြား နက်ရှိုင်းသော အက်ကြောင်းများ ဖြစ်ပေါ်လာြခင်းကြောင့် NLDအစိုးရအနေနှင့် တရုတ်နိုင်ငံအကြား ပိုမိုနီးစပ်သည့်ဆက်ဆံရေး ဖြစ်ပေါ်ခဲ့သည်လည်း ရှိခဲ့ပါသည်။ ပြီးခဲ့သော ငါးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြားဆက်ဆံရေးသည် အစိုးရအချင်းချင်းတွင် တိုးတက်မှုများရှိလာသည်သာမက ပါတီနှစ်ခုဖြစ်သော NLDပါတီနှင့် တရုတ်ကွန်မြူနစ်ပါတီ (CCP) တို့အကြားတွင်ပါ တိုးတက်သည့် ဆက်ဆံရေးများရှိခဲ့သည်။ 

    နိဂုံးချုပ်

    တရုတ်နိုင်ငံအနေဖြင့် မြန်မာစစ်တပ်နှင့် အငြင်းပွါးဖွယ်ရာ ဆက်ဆံမှုများ ရှိခဲ့ပြီး NLD အစိုးရနှင့်မူ ပိုမိုကောင်းမွန်သော ဆက်ဆံရေးရှိခဲ့သည်ဟု ဆိုလျှင် အချို့သော ပညာရှင်များနှင့် ပြည်သူလူထုသည် တရုတ်နိုင်ငံအနေဖြင့် မြန်မာစစ်တပ်ကို အနိုင်ဖြင့် လောင်းကြေးထပ်ထားသည်ဟု ယုံကြည်နေကြပါသနည်း။ တရုတ်နိုင်ငံ၏ မြန်မာစစ်အာဏာသိမ်းမှုအပေါ် တုန့်ပြန်မှုများသည် ၄င်း၏ ပထဝီ၀င်နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်များပေါ်တွင် ပိုမိုအာရုံစိုက်ပြီး အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်သူအပေါ် အခြေမခံကြောင်းတွေ့ရသည်။ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော ပထဝီဝင်နိုင်ငံရေး ရည်မှန်းချက်မှာ မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယကို လွှမ်းခြုံရစ်သိုင်းရန်ဖြစ်ပြီး ၄င်း၏ “ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း” စီမံကိန်းများမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာအတွင်း ခြေကုပ်ယူပြီး ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုကို တိုးမြှင့်ရန်ဖြစ်သည်။ ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် တစ်ဖက်တွင် မြန်မာနိုင်ငံတွင်း တည်ငြိမ်မှုကို လိုအပ်နေပြီး တစ်ဖက်တွင်လည်း တရား၀င်မှုရှိသည့် အစိုးရဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မြေပြင်အာဏာလက်၀ယ်ရရှိထားသော အုပ်ချုပ်သူများနှင့် ပူးပေါင်းချိတ်ဆက်ပြီး မြန်မာနိုင်ငံမှတစ်ဆင့် ၄င်းတို့၏ ရေရှည်ထားရှိသော ပထဝီ၀င်နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်များ ပြည့်၀ရေး အကောင်အထည်ဖော်ရန်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်တွင်းရှိ ၄င်းတို့၏ ပထ၀ီ၀င်နိုင်ငံရေးဆိုင်ရာ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် ခြေလှမ်းများကို သတိကြီးစွာ အကောင်အထည်ဖော်နေပြီး၊ တစ်ဖက်တွင်လည်း မြန်မာ့ပြည်တွင်းပဋိပက္ခတွင် အနောက်နိုင်ငံများ၏ ပါ၀င်ပတ်သက်မှုကို လျှော့ချရန်အတွက် ၄င်းတို့၏ “အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခြင်း မပြုရန်” ဆိုသည့် မူဝါဒကို ကိုင်ဆွဲထားလျက်ပင်ဖြစ်သည်။ 

    Julian (ကလောင်အမည်) သည် နိုင်ငံရေးနှင့် ပထဝီ၀င်နိုင်ငံရေးတို့ကို လေ့လာနေသော လွတ်လပ်သည့် နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးဖြစ်ပါသည်။

    ဤဆောင်းပါးကို လဘက်ရည်ဝိုင်းဘာသာပြန်အဖွဲ့မှမြန်မာဘာသာသို့ပြန်ဆိုပါသည်။