6 Minutes To Read

မြန်မာနိုင်ငံအတွင်း ပဋိပက္ခအရှိန်အဟုန် မြင့်တက်လာမှုအား နယ်စပ်ဒေသ အမြင်မှ​ချဥ်းကပ်ခြင်း

6 Minutes To Read
  • English
  • CV Lalmalsawmi အနေဖြင့် မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာရသည့် ဆိုးကျိုး များအား ချင်းပြည်နယ်နယ်စပ်ရှိ Mizoram ဒေသမှ ချဥ်းကပ်၍ ဆွေးနွေးတင်ပြထားပါသည်။

    ဤဆောင်းပါး၏ မူရင်း အား ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့တွင် ပထမဆုံးအကြိမ် ပုံနှိပ် ထုတ်၀ေ ခဲ့ခြင်းဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုလိုပါက ဤလင့်ခ်တွင်ဖတ်ပါ။

     

    မြန်မာနိုင်ငံရှိ လက်ရှိအခြေအနေမှာ လွန်စွာပင် ပျက်စီးဆုံးရှုံးမှုများ၊ ရှုပ်ထွေးပွေလီမှုများ၊ စိုးရိမ် ထိတ်လန့်ဖွယ်ရာများနှင့် မသေချာမရေရာမှုများဖြင့် ပြည့်နှက်လျက်ရှိနေပါသည်။ လူသိ နည်းသော အကြမ်းဖက်ရက်စက်မှုများ၊ ၀င်ရောက်စီးနင်းခြင်းများနှင့် ဗုံးကြဲတိုက်ခိုက် ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများအနေဖြင့် အိုးအိမ်စွန့်ခွာထွက်ပြေးရခြင်း၊ သတ်ဖြတ်ခံကြရခြင်း၊ ပြင်းထန်ဒဏ်ရာများရရှိခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခံကြရခြင်းတို့ကို ကြုံတွေ့ခဲ့ရပါသည်။ စစ်တပ်မှ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ မြို့များနှင့်ရွာများရှိ ပြည်သူလူထုအား အကြမ်းဖက်ထိုးစစ်ဆင်မှုများအား အရှိန်မြှင့်တင်ခဲ့သောကြောင့် ပြည်သူလူထု၏ ခိုင်မာမြဲမြံသည့် စိတ်ဓာတ်သည် စစ်တပ်၏ အကြင်နာတရားကင်းမဲ့သည့် ရက်စက်မှုများအား ထင်းထင်းကြီးမြင်တွေ့စေသကဲ့သို့ ဖြစ်စေပါသည်။ ချင်းပြည်နယ်ရှိ ထန်တလန်မြို့အား အောက်တို ဘာ၂၉ရက်နေ့တွင် စစ်တပ်မှ တစ်ဖက်သတ် ထိုးစစ်ဆင်ကာ မီးရှို့ခဲ့မှုများသည် ထို့မြို့တွင် စခန်းချထားသည့် ချင်းပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား ချေမှုန်းလိုသည့် စစ်တပ်၏ ရည်ရွယ်ချက်ဖြစ်သည်။ ၎င်းဖြစ်ရပ်ကြောင့် အိမ်ရှေ့နှင့် အိမ့်နောက်သဖွယ် နယ်နိမိတ် ချင်း ထိစပ် နေသည့် အိန္ဒိယနှင့်ချင်းပြည်နယ်နယ်စပ်ရှိ မီဇိုရမ် နယ်စပ်တွင် နေထိုင်သူများအနေဖြင့် ထိုဖြစ်ရပ်၏  ဆိုးရွားပြင်းထန်မှုကြောင့် စိတ်နှလုံးကြေကွဲဖွယ်ရာအတိဖြစ်ခဲ့ရသည်။

    ထန်တလန်မြို့သည် ချင်းပြည်နယ်၏ မြို့တော်ဟားခါးနှင့် ၂၅ကီလိုမီတာသာ ကွာ၀ေးပြီး ကိုယ်ပိုင် အုပ်ချုပ်မှုယန္တရားများရှိသည့် ချင်းပြည်နယ်၏ အနောက်ဖက်တွင်တည်ရှိသည့် အရေးပါသည့် မြို့တစ်မြို့ဖြစ်ပါသည်။ အစီရင်ခံစာများအရ စစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ်ပေါင်း ၁၆၀ကျော် မီးလောင်ကျွမ်းခဲ့ရပြီး ထိုလက်နက်ကြီးများ၏ မော်တာများ မြို့တွင်း သို့ကျရောက်ခြင်းကြောင့် မီးမငြှိမ်းသတ်နိုင်အောင် ဖြစ်ခဲ့ရပြီး လူနေအိမ်များနှင့် ဘုရား ရှိခိုး ကျောင်း များလည်း ပြာပုံအတိဖြစ်ခဲ့ရသည်။ စက်တင်ဘာ ၁၈ ရက်နေ့တွင် ပေါပေါက်ခဲ့သည့် တိုက်ခိုက်မှုများကြောင့် မြို့ပျက်ကြီးသဖွယ်ဖြစ်ခဲ့ရသော ထိုမြို့အား ပြည်သူများအနေဖြင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြသည့်အတွက် ကံကောင်းထောက်မစွာပင် အသက်သေဆုံးခဲ့သည့် ပြည်သူ လူထု အနည်းငယ်သာရှိခဲ့ကြောင်း (သို့မဟုတ်) အသက်သေဆုံးခြင်းမရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ သို့ရာတွင် ထန်တလန်မြို့အား ဖျက်စီးခြင်းနှင့် မြို့အင်္ဂါရပ်ပုံဖျက်ခြင်းအား လေ့လာပါက စစ်တပ်မှ ၎င်းတို့၏ ပြည်သူလူထုကိုပင် အကြမ်းဖက်တိုက်ခိုက်လိုသည့် အာဏာမက်မောမှုအား မြင်တွေ့နိုင်ပြီး လွန်ခဲ့သည့်ရှစ်လတွင်  တရားမ၀င်စစ်အာဏာသိမ်းမှုပြုလုပ်ရာတွင် တင်သွင်းသည့် အစီရင်ခံစာအား လှောင်ပြောင်ရယ်သွမ်းဖွဲ့နေသကဲ့သို့ပင် ဖြစ်နေပါသည်။

    အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဖက်တွင် တည်ရှိသော ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်တပ်မှ ကျူးလွန်ခဲ့သည့် အကြမ်းဖက်ရက်စက်မှုများကြောင့် နယ်စပ်ဒေသများတွင်လည်း မလိုလားအပ်သည့် ဆိုးကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်းဆိုးကျိုးများကိုလည်း အလေးအနက် စဥ်းစား ရန်လိုအပ်ပါသည်။ အိန္ဒိယနိုင်ငံဖက်အခြမ်းသို့ ဒုက္ခသည်များ ၀င်ရောက်ခိုလှုံလာသည့်အတွက် အစိုးရများနှင့် နယ်နိမိတ်ခြင်းထိစပ်နေသည့် ပြည်နယ်များ အထူးသဖြင့် မီဇိုရယ်ပြည်နယ်တို့မှ ၎င်းဖြစ်ရပ်အပေါ်တွင် တုန့်ပြန်မှုများ ကွာခြားနိုင်သည့်အတွက် ထိုစစ်ဘေးရှောင် ဒုက္ခသည်များ၏ နေထိုင်မှုနှင့် အနာဂတ်အရေးတို့အတွက် ဆုံးဖြတ်ချက်များချမှတ်ရာတွင် ၀ေ၀ါးမှုနှင့် မေးခွန်း များလည်း ပေါ်ထွက်လာနိုင်ပါသည်။

    ရင်းနှီးကျွမ်း၀င်မှုရှိပြီးသား သမိုင်းဖြစ်ရပ်

    မီဇိုရမ်ဒေသရှိ မီဇိုလူမျိုးများသည် ချင်းတိုင်းရင်းသား အနွယ်၀င်များဖြစ်ကြပြီး ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ၎င်းတို့အနေဖြင့် အကြောင်းအရင်းနှစ်ချက်ကြောင့် နက်ရှိုင်းသည့် ဆက်နွယ်မှု များတည်ရှိပါသည်။ ပထမဦးဆုံးအချက်မှာ မီဇိုတောင်တန်းဒေသည်သည် Rambuai ဟုအမည်တွင် သည့် ဖြစ်ရပ်ကြောင့် နှစ်လရှည်ကြာ ပျက်စီးဆုံးရှုံးများနှင့် ကြုံတွေ့ခဲ့ရသည်။ ၁၉၆၆ခုနှစ်တွင် သူပုန်ထကြွမှုများကြောင့် အိန္ဒိယနိုင်ငံလေတပ်မှ Aizwal မြို့တော်နှင့် မီဇိုရမ်မြို့များအပေါ်တွင် ဗုံးကြဲတိုက်ခိုက်ခြင်းတို့သည် မီဇိုလူမျိုးများအတွက် ဖျောက်ဖျက်၍ မရနိုင်သည့် အမာရွတ် များအနေဖြင့် ကျန်ရှိခဲ့သည်။ မီဇီုအမျိုးသားရေးတပ်ဦး Mizo national Front (MNF) သည် ‘Greater Mizoram’ဟု အမည်တွင်သည့် ဒေသအား အိန္ဒိယပြည်နယ်မှ ခွဲထုတ်ရန် ကြိုးပမ်းမှုအား ဦးဆောင်ခဲ့ပြီး ထိုဒေသသည် ချင်းတိုင်းရင်းသားများ၊ မီဇိုနှင့် ကုကီတိုင်းရင်းသားများ၏ ဌာနေဖြစ်လာခဲ့သည်။

    Rambuai ကာလတွင် မီဇီုတိုင်းရင်းသားများအနေဖြင့် အိန္ဒိယစစ်တပ်၏ တန်ပြန်တိုက်ခိုက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ရှောင်ရှားနိုင်ရန်အတွက် မြန်မာနိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံ ခဲ့ကြရသည်။ ဒုတိယအချက်မှာမူ စစ်အာဏာသိမ်းမှုအလွန် အရေးအခင်းကာလသည် “ဒီမိုကရက်တစ် မြန်မာနိုင်ငံ” ဖြစ်ထွန်းလာရေးအတွက် စိတ်အားထက်သန်မှုကြီးမားစွာဖြင့် မျှော်လင့်ဆန္ဒများ ထားရှိကြပြီး ၎င်းတို့၏ အနာဂတ်အိပ်မက်များအား ပုံအောခဲ့ကြသည့် မတတ်သာ၍သာ ချင်း ပြည်နယ်မှ မီဇိုရမ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်လာကြရသည့် ဒုက္ခသည်များ အများ အပြားကိုလည်း ပေါ်ပေါက်စေခဲ့သည်။ ၎င်းဒုက္ခသည်အများစုသည် နယ်စပ်ဒေသရှိ အာဏာပိုင်များမှ ခွင့်ပြုထားသည့် ယာယီဒုက္ခသည်စခန်းများတွင်နေထိုင်နေကြရပြီး အများစုမှာ ၎င်းတို့၏ ဆွေမျိုးများနှင့် အတူ တကွနေထိုင်လျက်ရှိပါသည်။

    အိန္ဒိယနိုင်ငံအတွက်မူ မြန်မာပြည်သူလူထု၏ အကြမ်းမဖက်အာဏာဖီဆန်မှုအား တပ်မတော်မှ တန်ပြန်တုန့်ပြန်ခြင်းသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖက်ရှိ သူပုန်ထကြွမှုများအား အိန္ဒိယစစ်တပ်မှ ဖြိုခွင်းခဲ့ခြင်းကို ပြန်ပြောင်းအောက်မေ့စေနိုင်ပါသည်။ ၎င်းဖြစ်ရပ်သည် ကိုလိုနီနယ်ချဲ့ခြင်းခံခဲ့ရသည့် နိုင်ငံနှစ်နိုင်ငံအနေဖြင့် ၁၉၄၀ပြည့်နှစ်များတွင် ဗြိတိသျှတို့လက်အောက်မှ လွတ်လပ်ရေးရယူခဲ့ရာတွင် ကြုံတွေ့ခဲ့ရသည့် ပုန်ကန်ထကြွမှုများနှင့် သူပုန်ထခြင်းတို့အတွက် လုံခြုံရေးဆိုင်ရာ မချင့် မရဲဖြစ်မှုများကိုလည်း ပြန်လည်ထင်ဟပ်စေသည့် အဖြစ်အပျက်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဖေဖော်၀ါရီလတွင် ဖြစ်ပေါ်ခဲ့သည့် စစ်အာဏာသိမ်းမှုဖြစ်ချိန်မှ စတင်၍ မြန်မာ့စစ်တပ်မှ ပြည်သူလူထုအပေါ် အကြမ်းဖက်ရက်စက်စွာဖြိုခွဲမှုများအပေါ် အိန္ဒိယအစိုးရ၏ တုန့်ပြန်မှုများသည် နိုင်ငံခြားရေး သံတမန်ဆက်ဆံရေးထက် ရှုပ်ထွေးသည့် နယ်နိမိတ်ဆိုင်ရာ မူ၀ါဒများ အပေါ် တွင်များစွာမူတည်နေကြောင်း တွေ့ရှိရပါသည်။

    စစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထန်တလန်မြို့တွင် လူနေအိမ်များ မီးလောင်ကျွမ်းရာမှ ထွက်လာသည့် မီးခိုးလုံးကြီးများ။ Credit: The Chinland Post/Chin Special Media

    အိန္ဒိယနိုင်ငံအနေဖြင့် အရေးပါသည့် ကုန်သွယ်မှုများနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း များတည် ဆောက်ပြီး ချိတ်ဆက်မှုများပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည့် ရည်မှန်းချက်အား မဟာ ဗျူဟာကျသည့် အင်ဒို-မြန်မာဒေသတွင်း အကောင်အထည်ဖော်ကာ နောက်ပိုင်းတွင် ၎င်းမှတဆင့် အရှေ့တောင်အာရှတစ်ခုလုံး၏ ဝင်ပေါက်အဖြစ်ထားရှိရန် ရည်မှန်းဆောင်ရွက်နေသည့် အိန္ဒိယ နိုင်ငံ အတွက် ယခုဖြစ်ရပ်သည် ပိုမိုကြီးမားသည့် စိန်ခေါ်စွန့်စားရမှုများနှင့် ကြုံတွေ့စေပါသည်။ ဖော်ပြပါ ရည်မှန်းချက်သည် ရေရှည်စီမံကိန်းဖြစ်သည့် “India’s Act East Policy” ၏ တစိတ်တပိုင်းဖြစ်ပြီး အတိတ်ကာလတွင် ‘Look East Policy’ ဟုခေါ်ဆိုသည့် ၁၉၉၀ ပြည့် နှစ်များကတည်းက စတင်ခဲ့သည့် အရှေ့တောင်နှင့် အရှေ့အာရှတိုက်တို့၏ အခြေခံမူ ဖြစ်သည့် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအား ထပ်မံချဲ့ထွင်ကာ လုပ်ငန်းဆောင်တာများအား ဗဟိုပြုထားသည့် မူ၀ါဒဖြစ်သည်။

    အိန္ဒိယနိုင်ငံရှိ မူ၀ါဒရေးဆွဲအကောင်အထည်ဖော်သူများအနေဖြင့် ထိုအတိတ်ကာလများတွင် မြန်မာ နိုင်ငံ၏ စစ်အာဏာရှင်များနှင့် အပြုသဘောင်ဆောင်သည့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုကဲ့သို့ လက်တွေ့ကျသည့် မူဝါဒကြောင့် အိန္ဒိယနိုင်ငံအစိုးရနှင့် မြန်မာစစ်ခေါင်းဆောင်တို့အကြား အပြန်အလှန်ယုံကြည်မှုများ ရရှိခဲ့ကြပြီး ထိုပူးပေါင်းဆောင်ရွက်မှုများသည် အင်ဒို-မြန်မာနယ်စပ်ရှိ သောင်းကျန်းပုန်ကန်သူများအား ရှင်းထုတ်နှိမ်နှင်းပစ်ရာတွင် အရေးအကြီးဆုံး အခန်းကဏ္ဍ မှပါ၀င် ခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံကိုလည်း ထည့်သွင်းစဥ်းစားရန်လိုအပ်ပါသည်။ အိန္ဒိယနိုင်ငံ၏ အိမ်နီး ချင်းနိုင်ငံလည်းဖြစ်သည့် မြန်မာနိုင်ငံအပေါ်တွင် အိန္ဒိယ၏ ပထ၀ီနိုင်ငံရေးစဥ်းစားချက်များမှာ ဘေဂျင်းအစိုးရ၏ တစထက်တစ မြင့်တက်လာကာ ရန်လိုသည့်ပုံသက်ရောက်သည့်နေရာယူမှုသည် အနှောင့်အယှက်၊အဟန့်အတားဖြစ်စေပြီး ထိုအချက်သည် နယူးဒေလီအစိုးရအတွက် စိုးရိမ်မှုများ ပေါ်ပေါက်စေသည်။ ထိုအကြောင်းပြချက်များကြောင့် ဘုံတည်ရှိသည့် မဟာဗျူဟာ အကျိုးစီးပွားများ၊ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပေါ် အခြေခံ၍ ဖြစ်ထွန်းလာသည့် ဆယ်စုနှစ်များစွာ တည်ရှိခဲ့သည့် နှစ်နိုင်ငံသဘောတူညီများအား ပြက်ပျက်စေသည့်ကိစ္စရပ်များအား ၀န်ကြီးချုပ်မိုဒီဦးဆောင်သည့် လက်ရှိအစိုးရအနေဖြင့် ပြုလုပ်လိမ့်မည်မဟုတ်ပ

    တံခါးဖွင့်မူဝါဒ

    နယူးဒေလီ အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် သတိကြီးစွာထား၍ လက်တွေ့ကျကျ ဆက်ဆံနေစဥ်တွင် “မီဇီုအမျိုးသားတပ်ဦး (Mizo National Front)မှ ဦးဆောင်သည့် မီဇိုရမ်အစိုးရနှင့် နယ်စပ်ဒေသများရှိ အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံမှထွက်ပြေးတိမ်းရှောင် လာ ကြသည့် ဒုက္ခသည်များအား နွေးထွေးစွာကြိုဆိုခဲ့ကြသည်။  “တံခါးဖွင့်မူဝါဒ” ဟု ခေါ်ဆိုနိုင်သည့် မူဝါဒမှတဆင့် ပြည်နယ်၀န်ကြီးချုပ်ဖြစ်သူ Pu Zoramthanga နှင့် မီဇီုရမ်လွှတ်တော်အမတ် Rajya Sabha Pu K. Vanlalvena တို့အနေဖြင့် “ဒုက္ခသည် ညီအစ်ကိုမောင်နှစ်မတွေကို မြန်မာပြည်သို့ အတင်းပြန်ပို့ခြင်းဟာ သူတို့ကို အသတ်ခံခိုင်းသကဲ့သို့သာ ဖြစ်စေမည့်အတွက် ဒုက္ခသည်များအား နေရပ်သို့ အတင်းပြန်လည်ပို့ဆောင်ရန် မဖြစ်နိုင်ကြောင်း” ပြောဆိုခဲ့ပါသည်။ ကျေးလက်ကောင်စီများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများသည် ဗဟိုအစိုးရမှ ထောက် ပံ့မှုရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ မီဇိုရမ်ဒေသရှိ ချင်းတိုင်းရင်းသားဒုက္ခသည်များအား ကူညီရန် ၀ိုင်းဝန်းကြိုးပမ်းအားထုတ်မှုများပြုလုပ်လျက်ရှိပါသည်။ ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲများနှင့် အများ ပြည်သူမှလှူဒါန်းသည့် အကူအညီနည်းလမ်းပေါင်းစုံများမှတဆင့် ဒုက္ခသည်များ၏ ၀ေဒနာများ သက် သာစေရန် မီဇိုရမ်အရပ်ဖက်အဖွဲ့အစည်းများမှ များစွာကူညီထောက်ပံ့လျက်ရှိပါသည်။

    အဆိုပါ ကူညီထောက်ပံ့မှုများကြောင့် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ပြည်နယ်လေးခုမှ ဒုက္ခသည်များအား ဖမ်းဆီးထိန်းသိမ်း၍ နေရပ်ပြန်ပို့ရန်ဟူသည့် ၎င်း၏ ကနဦး ညွှန်ကြားချက်အား ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီးဌာနမှ ပြန်လည် ရုတ်သိမ်းခဲ့ရသည်။ အိန္ဒိယနိုင်ငံသည် ၁၉၅၁ ခုနှစ် တွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီမှု ကွန်ဗင်းရှင်း (သို့မဟုတ်) ၎င်း၏ ၁၉၆၇ခုနှစ် ပရိုတိုကောတွင် လက်မှတ်ရေးထိုးခြင်းမရှိသည့်အတွက် ဒုက္ခသည်များ (သို့မဟုတ်) ခိုလှုံခွင့်တောင်း သူများအနေဖြင့် မကြာခဏဆိုသလို ‘တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများ’ ဟူသည့် အမျိုးအစားတွင် သတ်မှတ်ခံရလေ့ရှိပြီး  နိုင်ငံတော်အဆင့် ဥပဒေဘောင်မရှိသည့်အတွက် ဒုက္ခသည်များ၏ တရားဝင် အကာအကွယ်များ ဆုံးရှုံးခဲ့ရသည်။ UNHCR၏ အကူအညီနှင့် အကာအကွယ်များ ရယူနိုင်ရန်နှင့် တတိ ယနိုင်ငံသို့ ပြောင်းရွှေ့အခြေချနေထိုင်ရန် ကြိုးပမ်းရန် မြန်မာဒုက္ခသည် အနည်းငယ်သည်သာ နယူး ဒေလီသို့ ရောက်ရှိလာနိုင်သည်၊ ထို့အပြင် ယင်းလုပ်ငန်းစဉ်သည် နှစ်ပေါင်းများစွာ ကြာမြင့် နိုင်သည်။ နယူးဒေလီတွင်နေထိုင်ရသော မြန်မာဒုက္ခသည်များအနေဖြင့် လူမျိုးရေး၊ ယဉ်ကျေးမှုနှင့် ဘာသာစကားအရ ခွဲခြားဆက်ဆံမှုများ၊ စားဝတ်နေရေး အလွန်အမင်း ခက်ခဲကျပ်တည်းမှုနှင့် ၎င်းတို့၏ အနာဂတ်အတွက် မရေရာမသေချာမှုများနှင့် မကြာခဏ ရင်ဆိုင်နေရသည်။ ထို့အတွက်ကြောင့် ချင်းတိုင်းရင်းသားများအတွက် အကောင်းဆုံးနှင့် ဘေးကင်းလုံခြုံမှုအရှိဆုံးရွေးချယ်မှုမှာ မီဇိုရမ်တွင် ‘ရွှေ့ပြောင်းနေထိုင်သူများ’ အဖြစ် နေထိုင်ရန်နှင့် ၎င်းတို့၏ စား၀တ်နေရေးအား ဖြေရှင်းရန်အတွက် အောက်ခြေသိမ်းအလုပ်များကို ဝင်ရောက်လုပ်ကိုင်ကြရခြင်းဖြစ်ပါသည်။

    မြစ်ကမ်းပါးပေါ်ရှိ ဒုက္ခသည်စခန်းရှိ ချင်းတိုင်းရင်းသားဒုက္ခသည်ကလေးများ။ Credit: Vanneihthanga Vanchhawng/Mizo Special Report

    အိန္ဒိယနိုင်ငံ၏ခေါင်းဆောင်များအနေဖြင့် အိန္ဒိယ-မြန်မာ၏ ရှုပ်ထွေးပွေလီသော နယ်စပ်ဖြတ်ကျော် ဆက်နွယ်မှုများနှင့် အထူးသဖြင့် ချင်း၊ ကူကီးနှင့် မီဇိုးပြည်နယ်တို့ရှိ လူမျိုးစု-ယဉ်ကျေးမှုဆိုင်ရာ အားပြိုင်မှုများအား ကောင်းစွာနားလည်သဘောပေါက်ပါက ဗဟိုအစိုးရအနေဖြင့် အဆိုပါ ပြဿနာအပေါ်တွင် ပတ်သက်၍ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ သောင်မတင်ရေမကျဖြစ်နေမည့် အနေအထားနှင့် ကြုံတွေ့ရမည်မဟုတ်ပေ။ ထို့အပြင် အိန္ဒိယနိုင်ငံအနေဖြင့် အတိတ် ကာလ တွင်ဖြစ်ပေါ်ခဲ့သည့် တိဘက် (သို့မဟုတ်) အာဖဂန်ဒုက္ခသည်များနှင့် ပတ်သက်သည့် အရေး ကိစ္စများတွင် ၎င်းတို့အနေဖြင့် ကြီးမားသည့် နားလည်သဘောပေါက်မှုများပေးခဲ့ကြပြီး လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကိုလည်း ပေးအပ်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ နိုင်ငံ ရေးသပွတ်အူသည် ရိုဟင်ဂျာများမှသည် ကရင်နီတိုင်းရင်းသားများနှင့် ချင်းတိုင်းရင်းသားများစသည့် တိုင်းရင်းသားလူနည်းစုများအပေါ်တွင် အလွန်ကြီးမားပြင်းထန်သည့် ရိုက်ခတ်မှုကိုပေါ်ပေါက် စေ ပါသည်။ ထိုတိုင်းရင်းသားများအနေဖြင့် ၎င်းတို့၏ ဒေသများတွင် ခြေကုပ်ယူကာ တိုင်းရင်းသား စစ်တပ်များဖွဲ့စည်းပြီး မြန်မာစစ်တပ်အားပြန်လည်တိုက်ခိုက်ခဲ့ကြသော်လည်း အင်အားအနေဖြင့်မူ မယှဥ်နိုင်အောင် နည်းပါးပါသည်။ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ကိုလိုနီခေတ်အလွန် နိုင်ငံ တော်အား ပြန်လည်တည်ဆောက်ရခြင်းမှာ လွန်စွာစိန်ခေါ်မှုပြင်းထန်သည့် လုပ်ငန်းစဥ်ဖြစ်ပြီး မြန်မာ နိုင်ငံသည် စစ်အာဏာသိမ်းမှုကြောင့် အရေးအခင်း၊ ပဋိပက္ခများကို ကြုံတွေ့နေကြရသည့်အတွက် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဥ်သည် မဖြစ်နိုင်အောင်လောက်ပင်  ခက်ခဲ့သွားခဲ့သည်။

    လက်ရှိတွင် မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ၎င်းတို့၏ အစိုးရအဖွဲ့အတွင်း ချင်းတိုင်းရင်းသားနှစ်ဦးအား အရေးပါသည့် ရာထူးများပေးအပ်၍ ခန့်အပ်ထားခြင်းသည် ကမ္ဘာ အနှံ့တွင်တည်ရှိနေသည့် ချင်းတိုင်းရင်းသားများအတွက် သိသာထင်ရှားသည့်အောင်မြင်မှု တစ်ရပ် ဖြစ်ပါသည်။ ပြီးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစိုးရသက်တမ်းတွင် ဒုသမ္မတအနေဖြင့် တာ၀န်ထမ်းဆောင်ခဲ့သူမှာ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူဖြစ်ပြီး ထန်တလန်မြို့ ဇာတိ ဖြစ်ပါသည်၊ ထို့အပြင် ချင်းတိုင်းရင်းသား လွှတ်တော်အမတ်များလည်း ရှိခဲ့ပါသည်။ ၎င်းအသိ အမှတ်ပြုမှုများသည် ၁၉၄၇ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ရေးထိုးခဲ့သည့် ပင်လုံငြိမ်းချမ်းရေး သဘောတူညီချက်စာချုပ်တွင် ပါ၀င်လက်မှတ်ရေးထိုးခဲ့ကြသည့် ခေါင်းဆောင်များနှင့် ထိုအသိုင်း အဝိုင်းများအတွက် သိသာထင်ရှားသည့် အောင်မြင်မှုတစ်ရပ်ဖြစ်ပါသည်။ ပင်လုံငြိမ်းချမ်းရေး စာချုပ်တွင် ပါ၀င်လက်မှတ်ထိုးခဲ့သော်ငြားလည်း ချင်းတိုင်းရင်းသားများအနေဖြင့် ဗမာလူမျိုးစုများ၏ ခွဲခြားဆက်ဆံခြင်းများကို ကြုံတွေ့ခံစားခဲ့ကြရပါသည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သည်လည်း စစ်အုပ်စု၏ အာဏာကိုသာ မြဲမြံခိုင်မာစေရန် တည်ဆောက်ထားခြင်းဖြစ်ပြီး အားလုံး အကျုံး၀င်ပါဝင်နိုင်မည့် ဖယ်ဒရယ်စနစ်နှင့် တိုင်းရင်းသားလူနည်းစုများ၏ ဖူလုံရေးတို့ကို အားပေး ထောက်ပံ့သည့် နိုင်ငံရေးစနစ်ဖြစ်လာစေရန် လိုအပ်သည့် အပြောင်းအလဲများကို ဖော် ဆောင်နိုင် ရန်ကိုမူ ပိတ်ပင်တားဆီးထားသည်။

    နယ်စပ်ဒေသများအကြား ယဥ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်ရာဘာသာ၀င်အုပ်စု၊ ရည်မှန်း ချက်များနှင့် နေထိုင်မှုပုံစံများ ကွာခြားမှုများရှိသည့်အတွက် အတိတ်ကာလတွင် မီဇိုရမ် တိုင်းရင်း သားများမှာ မြန်မာနိုင်ငံရှိ ချင်းတိုင်းရင်းသားများအား နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ခြင်း မရှိပေ။ ၎င်းချင်းတိုင်းရင်းသားများသည် သံသယအမြင်ဖြင့် အကြည့်ခံခဲ့ရပြီး ၎င်းတို့၏ တိုင်းရင်း သား အုပ်စုများ အသီးသီးရှိကြသော်လည်း  ၎င်းတို့အား ဗမာများ၊ နိုင်ငံခြားသားများဟူ၍သာ သတ်မှတ် ခဲ့ကြသည်။ တရားမဝင်မူးယစ်ဆေး ရောင်း၀ယ်ဖောက်ကားမှုများ၊ အရက်ချက်ခြင်း၊ တရားမဝင် ကုန်ကူးခြင်းနှင့် ထိုကဲ့သို့ ပြည်တွင်းရာဇဝတ်မှုများအား ချင်းတိုင်းရင်းသားများမှသာ ကျူးလွန် သည့်သဖွယ် သတ်မှတ်၍ ၎င်းတို့အား နှိမ့်ချခွဲခြားဆက်ဆံခြင်းနှင့် တံဆိပ်ကပ်ခြင်းများ ပြုလုပ် ခဲ့ကြသည်။ McConnachie ရေးသားသည့် Boundaries and Belonging in the Indo-Myanmar Borderlands: Chin Refugees in Mizoram ဆိုသည့် စာအုပ်နှင့် Sahana Basavapatna’s ရေးသားသည့် Chins in Mizoram: The Case of Borders Making Brothers Illegal တို့တွင် ဖော်ပြပါ အရေးကိစ္စများနှင့် ပတ်သက်သည့် အမြင်များအားထည့်သွင်းစဥ်းစားထားသည်ကို တွေ့ရှိနိုင်ပါသည်။

    သို့ရာတွင် မီဇီုကျောင်းသားသမဂ္ဂနှင့် Zo Re- Unification Organization (ZORO) စသည့် ကျောင်းသူကျောင်းသားများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ မရပ်မနား ကြိုးပမ်းအားထုတ် မှုများ ကြောင့် နယ်စပ်ဒေသများတွင် ညီရင်းအစ်ကိုစိတ်ဓာတ်နှင့် ဘုံတူညီသည့် တိုင်းရင်းသား မျိုးနွယ် စုအရင်းအမြစ်များအပေါ်ထားရှိသည့် အမြင်များ တဖြည်းဖြည်းပြောင်းလဲလာခဲ့ကြသည်။ နယ်စပ် ဒေသအချင်းချင်းကြား ကူးလူးဆက်ဆံမှု မြင့်မားလာခြင်းနှင့် ဆက်သွယ်ရေးနည်းပညာများ ပိုမို ကောင်းမွန်လာခြင်းသည် ထိုကွာဟချက်များအား လက်ရှိအခြေအနေတွင် တံတားသဖွယ် ပေါင်းစည်း စေနိုင်ပါသည်။

     

    အနာဂတ်သို့ မျှော်ရည်ခြင်း

    ချင်း-မီဇိုနယ်စပ် ဆွေးနွေးချက်များတွင် ကြားရဖန်များသည့် ‘သွေးသည် ရေထက်ပျစ်သည်’ ဆိုသည့် အဓိပ္ပါယ်မှာ ကနဦးကာလကတည်းက တူညီမှုရှိထားကြသည့်လူမျိုးစုများသည် အမျိုးသားမှတ်ပုံတင် (သို့မဟုတ်) နိုင်ငံသားဖြစ်မှုအား မျှဝေထားခြင်းများထက် ပိုမိုခိုင်မာသည့် ချိတ်ဆက်မှုဖြစ်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်ပါသည်။ သို့ပါသော်ကြောင့် ချင်းလူမျိုးတစ်ဦးသည် မြန်မာနိုင်ငံသားမဖြစ်ခင်ကတည်းက ချင်းလူမျိုးဖြစ်ပြီး မီဇိုလူမျိုးများအတွက်သည်လည်း ထိုနည်းတူပင်ဖြစ်ပါသည်။ နိုင်ငံနှစ်နိုင်ငံအကြား တည်ရှိနေသည့် ကိုလိုနီခေတ်အလွန် နယ်နိမိတ်စည်းဘောင်များသည် အထက်ပါအခြေအနေတွင် အကျုံးမဝင်နိုင်ပါ။ သို့သော်လည်း မီဇီုလူမျိုးများအနေဖြင့် နိုင်ငံတော်အစိုးရ၏ ကူညီထောက်ပံ့မှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အားပေးကူညီမှုများမရရှိပဲ ချင်းတိုင်းရင်းသားများအား ရေ ရှည်တွင်နိုင်ငံရေးခိုလှုံခွင့်ပေးနိုင်မည်မဟုတ်ပါ။  အောက်တိုဘာ ၂၀၂၁ခုနှစ် နှောင်းပိုင်းတွင် ကောက်ယူ ခဲ့သည့် စာရင်းဇယားများအရ မီဇိုရမ်ပြည်နယ်၏ တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ နယ်စပ် ခရိုင်များ မှတဆင့် ၀င်ရောက်လာကြသည့် ဒုက္ခသည်ပေါင်း ၁၃၀၀၀ကျော်ရှိပြီး ထန်တလန်နှင့် အခြား ဒေသများတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ထိုလူဦးရေအရေအတွက်မှာ ပိုမိုများပြား လာ နိုင်ဖွယ်ရှိပါသည်။  အခက်အခဲ၊အကျပ်အတည်းများနှင့် ကြုံတွေ့နေပြီး ထိလွယ်ရှလွယ်ဖြစ်နေသည့် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အလျင်စလိုဖြေရှင်းရန်လိုအပ်သည့် လုံခြုံရေး အကျိုးစီးပွား မဟုတ် သည့်အတွက် နယူးဒေလီအနေဖြင့် ၀င်ရောက်ကူညီဖြေရှင်းရန်မှာ သိသာထင်ရှားပြီး လိုအပ်မှု လည်းရှိပါသည်။

    မြစ်ကမ်းနံဘေးရှိ ဒုက္ခသည်စခန်းတွင် ချင်းတိုင်းရင်းသားဒုက္ခသည်များ ဝိုင်းဖွဲ့ စားသောက် နေကြပုံ။ Credit: Vanneihthanga Vanchhawng/Mizo Special Report

    ထို့အပြင် အိန္ဒိယနိုင်ငံ၏ ခေါင်းဆောင်များနှင့် မူဝါဒရေးဆွဲအကောင် အထည် ဖော်သူ များ အနေ ဖြင့်လည်း အိန္ဒိယ-မြန်မာနှစ်နိုင်ငံအကြား ဆက်ဆံမှုများအတွက် ပိုမိုအရေးပါသည့် နယ်စပ် ကူးလူးဆက်သွယ်ရေးများအား မသိကျိုးကျွံမပြုသင့်ပါ။ အိန္ဒိယနိုင်ငံ၏ နယ်နိမိတ်တောင်ပိုင်းတွင် တည်ဆောက်လျက်ရှိပြီး မြန်မာနိုင်ငံနှင့်လည်း ကုန်သွယ်မှုများမြင့်တက်လာစေရန် ရည်ရွယ်သည့် ‘Act East’ စီမံကိန်း၏ တစိတ်တပိုင်းဖြစ်ပြီး Kaladan Multi-Modal Transit Transport Project (KMMTTP) စီမံကိန်းအား အိန္ဒိယနိုင်ငံ၏ အရှ့တောင်ပိုင်းတွင်တည်ရှိသော နယ်စပ်ဒေသဖြစ်သည့် Zokhawthar တွင် လုပ်ငန်းများစီမံဆောင်ရွက်နေခြင်းအတွက် မီဇိုရမ်ဒေသသည် အဆိုပါ စီမံကိန်း များအတွက် အချက်အခြာကျသည့်နေရာတွင် တည်ရှိနေပါသည်။ ယင်းစီမံကိန်းသည် အိန္ဒိယ နိုင်ငံအတွက် ရည်မှန်းချက်မြင့်မားသည့် စီမံကိန်းဖြစ်ပြီး မီဇိုရမ်နယ်စပ်သည် ၎င်းစီမံကိန်းအတွက် မရှိမဖြစ်အရေးပါသည့် ဆုံမှတ်တွင် တည်ရှိနေပါသည်။ ရွှေ့ပြောင်းဒုက္ခသည်များ၏ နယ်စပ် ဖြတ်ကျော်ရွှေ့လျားမှုများသည် ယခုအချိန်တွင် ပိုက်စိပ်တိုက် စောင့်ကြည့်ခံနေရသည့်အတွက် ၎င်း ဒုက္ခသည်အရေးကိစ္စများအားဖြေရှင်းရာတွင် ဖွံ့ဖြိုးရေးနှင့် လုံခြုံရေးကဏ္ဍများအား မျှတစွာ ထောက်ရှု ၍ဖြေရှင်းရန်လိုအပ်ပါသည်။

    အိန္ဒိယနိုင်ငံသို့ခိုလှုံလာသော ချင်းတိုင်းရင်းသားဒုက္ခသည်များအတွက် အိန္ဒိယနိုင်ငံသည် ခေတ္တခဏ ၀င်ရောက်တည်းခိုသည့်ဒေသသာြဖစ်၍ အပြီးတိုင်နေထိုင်လိုသည့်နေရာမဟုတ်ပါ။ သို့ပါသော်ကြောင့် ချင်းတိုင်းရင်းသားများ အစုလိုက်အပြုံလိုက် ၀င်ရောက်ခိုလှုံလာခြင်းအပေါ်တွင် အိန္ဒိယနိုင်ငံ၏ အချို့ ဒေသများအပေါ်တွင် သံသယဖြစ်နေသည့် အမြင်များအား ဖြေရှင်းရာတွင် အပြုသဘောဆောင်သည့် ဆွေးနွေးချက်များဖြင့် နိုင်ငံတွင်းသာမက၊ ဒေသတွင်းအမြင်များကိုပါ ပြောင်းလဲပစ်နိုင်ပါသည်။ နယ်စပ် ဒေသများရှိ အားပြိုင်မှုများသည် ဗဟိုအစိုးရ၏ မူဝါဒချမှတ်ဖော်ဆောင်ခြင်းအပေါ်တွင်၌လည်း သက်ရောက်မှုရှိနိုင်သည့်အတွက် နယူးဒေလီအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အကျပ်အတည်း အား ဖြေရှင်းပုံသည် နယ်စပ်ဒေသများရှိ လူမှုအသိုက်အဝန်းများအနေဖြင့် အဆိုပါအခက်အခဲ၊ အကျပ် အတည်းအား မည်သို့မည်ပုံတုန့်ပြန်မည်ဆိုသည့်အပေါ်တွင်လည်း ကြီးမားသောသက်ရောက်မှု ရှိမည် ဖြစ်ပါသည်။

    ဖော်ပြပါ အခြေအနေများသည် ပါ၀င်ပတ်သက်နေသူများအားလုံးအတွက် စွန့်စားရမှုများကြီးမားသည့် အတွက် မူဝါဒရေးဆွဲသတ်မှတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းများ၏ ရှုပ်ထွေးမှုနှင့် အသေး စိတ်လုပ်ဆောင်ရမှုတို့အား ချဥ်းကပ်ရာတွင် ကိုယ်ချင်းစာမှုနှင့် ယထာဘူတကျကျ တွေးခေါ်မြော်မြင်မှု နှစ်ရပ်လုံးလိုအပ်ပါသည်။ နယ်စပ်ဖြတ်ကျော်နေထိုင်ခြင်းအား ပုံဖော်နေသည့် ဇာတ်ကြောင်းများနှင့် စိုးရိမ်ပူပန်ဖွယ်ရာ အရေးကိစ္စများကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ထိလွယ်ရှလွယ်ဖြစ်သော အရေး ကိစ္စများဖြစ်ပြီး နယ်မြေသတ်မှတ်ချက်များကျော်လွန်ကာ သာမန်အချိန်မှာပင် ပြည်သူလူထုအား ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ပေါင်းစည်းပေးနိုင်သည့် သမိုင်း၊ လူမျိုးရေး၊ ယဉ်ကျေးမှု၊ ယုံကြည်ချက်နှင့် ဘာသာဗေဒဆိုင်ရာ ဘုံတူညီမှုများကိုလည်း ဆွေးနွေးနိုင်သည့် အခြေအနေအား ဖန်တီးပေးနိုင်ပါလိမ့်မည်။

    မီဇီုလူမျိုးများအနေဖြင့် အတိတ်တွင်ဖြစ်ပေါ်ခဲ့သည့် Rambuai ထကြွပုန်ကန်မှု အဖြစ်အပျက်မှ အနာ ကျက်ကာ ရှေ့သို့တက်လှမ်းနိုင်ခဲ့ပြီးဖြစ်သော်လည်း ချင်းတိုင်းရင်းသားများနှင့် မြန်မာနိုင်ငံတွင်းရှိ အခြားသောတိုင်းရင်းသားများအနေဖြင့် တည်ငြိမ်မှုနှင့် ရေရာသေချာမှုမရှိသည့် အနာဂတ်အား ကြုံတွေ့ရင်ဆိုင်နေရပါသည်။ ထိုအခြေအနေသည် သဘောသဘာ၀အားဖြင့်သာ ကွာခြားမှု ရှိသော်လည်း Rambuai ဖြစ်ရပ်နှင့် အလားသဏ္ဍာန်တူပါသည်။ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံ ရမှုဒဏ်ကြောင့် မှောင်မိုက်နေသည့် မီးခိုးလုံးများဖုံးအုပ်နေသည့် ချင်းတောင်တန်းဒေသများရှိ နေရပ် စွ့န်ခွာထွက်ပြေးလာကြရသည့် ဒုက္ခသည်များအနေဖြင့် အိန္ဒိယနိုင်ငံတွင် ခိုလှုံကြရခြင်းအတွက် မီဇိုရမ်သည် မျှော်လင့်ချက်ရောင်ခြည်တစ်ခုဖြစ်နိုင်ပါသည်။ ASEAN နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း မြန်မာနိုင်ငံ၏ အခြေအနေအား သက်သာကောင်းမွန်လာစေရန် ကူညီဆောင်ရွက်နိုင်ပါသည်။ ထိုကာလမရောက်ရှိနိုင်ခင်တွင် မြန်မာနိုင်ငံပြည်တွင်းရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်စိမ်များသည် မရေရာ၊ မသေချာမှုများနှင့်ပင် ကြုံတွေ့နေရမည်ဖြစ်ပါသည်။

    CV Lalmalsawmi သည် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဖက်ရှိ မီဇိုရမ်ပြည်နယ်သူတစ်ဦးဖြစ်ပြီး Jawaharlal Nehru တက္ကသိုလ်ရှိ the Centre for Indo-Pacific Studies, School of International Studies တွင် Senior Research Fellowတစ်ဦးဖြစ်ခဲ့ပြီး ယခုအချိန်တွင် ပါရဂူဘွဲ့အား ဆက်လက်တက်ရောက်ဆည်းပူးနေပါသည်။  သူမစိတ်၀င်စားသည့် သုတေသနနယ်ပယ်များမှာ အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ဆက်နွယ်ပတ်သက်မှုများ၊ နယ်စပ်ဒေသ အရေးကိစ္စများနှင့် အင်ဒို-မြန်မာ ဒေသတွင်း ချင်းတိုင်းရင်းသားများနှင့် မီဇိုလူမျိုးများ၏ အရေးကိစ္စများ ဖြစ်ကြပါသည်။ သူမအား Facebook ှင့် Twitter မှ ဆက်သွယ်နိုင်ပါသည်။

    ယခုဆောင်းပါးအား Tea Circle ၏ ဘာသာပြန်အဖွဲ့မှ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်ပါသည်။