4 Minutes To Read

ငါ့နိုင်ငံ

4 Minutes To Read
  • English
  • ရေးသားသူ၊ ဓာတ်ပုံ – KSN

    ပျောက်ဆုံးသွားတဲ့မိမိကိုယ်ကို ပြန်လည်ရှာဖွေဖို့ ဖြတ်သန်းခဲ့ရတဲ့ အခိုက်အတန့်ကာလတစ်ခုအကြောင်းဖြစ်ပါတယ်။

     

    ပြန်စရာအိမ်ရှိရဲ့သားနဲ့ မပြန်ဖြစ်ခဲ့တာ ၁ နှစ်ကျော်ကြာြပီ။ ဘယ်သူမဆို အချိန်မရွေး တစ်ခု ခုဖြစ်သွားနိုင်တဲ့ လက်ရှိအခြေအနေတွေမှာတော့ အိမ်ပြန်ချင်တဲ့ဝေဒနာဟာ စတင် စွဲကပ်တာပါပဲ။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းပြီး လူဖမ်း၊ လူသတ်တာ တွေလုပ်တယ်။ နေ့မြင် ညပျောက် ကာလတွေ။ ရှောင်ပုန်းနေရတဲ့ ဖေဖေနဲ့လည်း မတွေ့ရတာကြာြပီ။

    Related

    ဇွန်လနှောင်းပိုင်းကာလတွေဟာ အလွန်ခက်ခဲလှတဲ့ ကိုဗစ်တတိယလှိုင်းဒုက္ခသုက္ခတွေရဲ့ အစပျိုးအချိန်။ ပြီးတော့ မြို့ပြပျောက်ကျားတိုက်ပွဲတွေ အုံနဲ့ကျင်းနဲ့ မျှော်လင့်ချက်တွေ၊ မရေရာ မှုတွေနဲ့ စမ်းတဝါးဝါးကာလတွေထဲမှာ။ တိုက်ပွဲခေါ်တဲ့နေ့ (D-Day) ဆိုတာ လူပြောသိပ်များနေတဲ့ ကာလ။ ဒီတော့ စစ်တပ်က ထောက်ပို့လမ်းကြောင်းတွေကိုပိတ်ဆို့တဲ့ အနေနဲ့ ကိုဗစ်နဲ့အချိန်အခါကိုက် တင်းကြပ်တာတွေလုပ်တော့တယ်။ နယ်ဝေး ခရီးသွားလမ်းကြောင်းတွေမှာ အစစ်အဆေး ပိုစိပ် လာတယ်။ ကျွန်မရဲ့ အခြေအနေကရော လုံခြုံရေးအတွက် စိတ်ပူစရာအခြေအနေမှာ ရှိလား၊ မရှိဘူး လားဆိုတာ မသေချာ။ ကျွန်မက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အကြောင်းတွေကို ဓာတ်ပုံ မှတ် တမ်းယူတဲ့သူ  အများက အာရုံစိုက်မိသူတော့မဟုတ်။ စိုးရိမ်စရာလို့ သတ်မှတ်ရင်ရသလို၊  စိုးရိမ်စရာ မလိုဘူးလို့လည်း ယူဆလို့ရတဲ့ အခြေအနေမှာရှိတယ်။ လူတိုင်းလိုလို ဒီလိုအခြေအနေ မျိုးကြုံ တွေ့နေ ရတာပါပဲ။ ဘာပဲဖြစ်ဖြစ် ကင်မရာကိုတော့ ယူလာခဲ့ချင်တယ်။ ကင်မရာအကြီးတော့ မယူဝင့်။ အစစ် အဆေးနဲ့တိုးရင် စကားတွေပြောနေရမယ်။ ဒီတော့ အပျော်တမ်းရိုက်တဲ့ ကင်မရာ အသေးကို ယူလာ ခဲ့လိုက်တယ်။ အိမ်ပြန်ဖို့အတွက် တွေးတောရ၊ ပြင်ဆင်ရတာမှာ အခုလို တစ်ခါမှ ရှုပ်ရှုပ်ထွေးထွေး မရှိခဲ့ဘူး။ ပုံမှန်လမ်းကြောင်းမဟုတ်တဲ့နည်းလမ်းနဲ့ ပြန်ခဲ့လိုက်တယ်။

    ကျွန်မ အိမ်ကိုရောက်တဲ့နေ့က ဇွန်လ ၂၉ ရက်။ မှတ်မှတ်ရရ ရောက်ရောက်ချင်းညဟာ သေ နတ်သံတွေ မိုးမွှန်လို့ပါပဲ။ မနက်ဖြန် ၃၀ ရက်နေ့ဟာ တိုက်ပွဲခေါ်တဲ့နေ့လို့အွန်လိုင်းမှာ ပြန့်နှံ နေခဲ့တဲ့ အတွက် အင်အားပြ ခြောက်လှန့်ပုံပါပဲ။ ည ၉ နာရီ ၄၀ လောက်ကတည်းက ဖောက်တဲ့ သေနတ်တွေဆို အချက် ၁၀၀ မကပါဘူး။ အိပ်ခန်းနေရာက လမ်းမဘေးဆိုတော့ ခေါင်းကို ပုထားရတာတယ်။

    ဓာတ်ပုံ – KSN

    မေမေကတော့ တရားထိုင် မပျက်။ “သေနတ်သံတွေ… ခဏဝပ်ထားပါလား”လို့ ပြောတော့… ဘာမှစိုးရိမ်ဟန်မပြ။ ထိုင်မြဲအတိုင်း သာ။ ဘေးနားက ၁၃ နှစ်အရွယ်တူလေးကလည်း သေနတ်ဖောက် သံကို လိုက်ရေတွက်နေသေးတာ။ ကျွန်မတစ်ယောက်သာ အိပ်ယာပေါ်မှာ ပက်လက် တောင့်တောင့် ကြီး။ သေနတ်ပစ်ခတ်တာကို ရန်ကုန်မှာ ကြုံဖူးပေမယ့် စက်သေနတ်ပစ်သလို တရစပ် ကျတော့ မကြုံ ဖူးသေး၊ ထိတ်လန့်မိတာအမှန်။ အခုတော့ စစ်ကြီးဟာ နိုင်ငံရဲ့ အကြား မလပ်မကျန် ဆိုက်ဆိုက်မြိုက် မြိုက်ရောက်လာခဲ့ပေါ့။  နေ့စဉ်ဘဝမှာ လက်နက်ကိုင် အကြမ်းဖက်မှုနဲ့ မလုံခြုံမှုကို လက်ပွန်း တတီး ရင်ဆိုင်ကြုံတွေ့ရသူတွေမဟုတ်တဲ့ ပြည်မနေဗမာများအတွက်တော့ အတွေ့အကြုံ အသစ်တွေ။ ကိုယ် ချင်းစာတရားဆိုတာကို အခုမှပဲ ပတ်ပတ်နပ်နပ် သဘောပေါက် ကြတော့တယ်။ အခုလို မြို့ပေါ် မှာ သေနတ်တရစပ်ဖေါက်တာကတော့ ဒါပထမဆုံးလို့ ပြောကြတယ်။ ရွာတွေဖက်ကို တော့ ညဖက်ဆို သေနတ်လာဖေါက်နေကျ။ ခြောက်ဟန်၊ လှန့်ဟန်နဲ့ ရွာစပ် ခပ်လှမ်း လှမ်းကနေ သေနတ်လာဖေါက် တယ်။ တစ်ရက်မှာ အဖွားရဲ့ ရွာကိုရောက်တော့ အဖွားနဲ့ ကြီးဒေါ်အပျို ကြီးတွေကို မေးကြည့်မိတယ်။ “သေနတ်သံကြားတော့ ဘယ်လိုနေသတုန်း”လို့ မေးတော့ အသက် ၆၀ အရွယ် အဒေါ်က ဘေးသွား ဟက်ပက် ရယ်ကျဲကျဲနဲ့  “အစတော့လန့်တာပေါ့အေ၊ နောက်တော့လည်း ဒီအတိုင်းပဲ လာလာလုပ်နေ တာဆိုတော့ အာရုံမစိုက်တော့ပါဘူး” လို့ဆိုတယ်။ သူတို့က တစ်သက်လုံး စပါးစိုက်၊ ပဲစိုက်နဲ့ ရွာမှာပဲ ဘိုးစဉ်ဘောင်ဆက် အေးအေးလူလူ နေလာကြသူတွေ။ အခုလို ပစ်တာ ခတ်တာတွေ ကျတော့ သူတို့ အတွက် အဆန်းဖြစ်လို့နေတော့တယ်။ ဒါပေမယ့် အခုကာလတွေထဲ ဒီအကြမ်းဖက် မှုတွေကို မြို့ပေါ် နေသူရော၊ ရွာဖက်မှာနေသူတွေပါ ကျင့်သားရသွားရပုံပါပဲ။ ကျွန်မတစ်ယောက်သာ အခြေအနေ အသစ်မှာ စိတ်ရော လူရော အထိုင်တကျဖြစ်အောင် ကြိုးစားယူနေရတယ်။ အကြမ်းဖက်မှုဟာ နေရာတိုင်းမှာ။ မြို့လည်း မြို့အလျောက်၊ ရွာလည်းရွာအလျောက်။

    ဒီမှာတော့ တစ်နေ့တစ်နေ့ထွေထွေထူးထူး လုပ် စရာမရှိ။ ကျွန်မနေခဲ့တဲ့ မြို့ကြီးမှာတော့ လုပ်စရာ ဟာ တစ်ခုမဟုတ် တစ်ခုရှိနေတတ်တယ်။ နယ်ပြန်ရောက် တာနဲ့ အရာအားလုံးနဲ့ ကင်းဝေးသွားသလိုပဲ။ စွန့်စား ရတာမရှိတော့ လူကပိုလို့ထိုင်းလာတယ်။ စိုးရိမ်စိတ် ပိုများလာတယ်။ အေးအေးသက်သာနေရပေမယ့် စိတ်ဖိစီးမှုကတော့ တအိအိပုံကျလာတယ်။ မြို့ကြီးမှာ ကိုဗစ်တတိယလှိုင်းအခြေအနေ တစတစ ပိုဆိုး လာ နေပြီ။ အောက်စီဂျင်လက်လှမ်းမမီမှာ၊ ပြတ်လပ်မှာကို အထိတ်တလန့် ပူပန်နေကြရပြီ။ အောက်စီ ဂျင်စလင်ဒါ နဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်မရတော့။

    အဆမတန်ဈေးတက်ကုန်တယ်။ အခြေခံဆေးပစ္စည်း တွေလည်း ဝယ်ရခက်လာတယ်။ ဇူလိုင်ပထမ အပတ် ထဲမှာ ကျွန်မရဲ့နယ်မြို့လေးကို ကန့်သတ်အပြင်ထွက်ခွင့် (lockdown) စသတ်မှတ်တယ်။ မနက် ၆ နာရီကနေ မနက် ၁၁ နာရီထိသာ တစ်အိမ်တစ်ယောက် အပြင် ထွက်ခွင့်ပေးတယ်။ ထွက်ရင်လည်း ရပ်ကွက်အုပ်ချုပ် ရေးမှုးလက်မှတ်နဲ့ ဈေးဝယ်ထွက်တာ ခွင့်ပြုကြောင်း စာရွက်ပိုင်းလေး ပါရတယ်။ ဒီစာရွက်ပိုင်းပါ၊ မပါကို ဈေးအပေါက်နှစ်ခုမှာ ခုံချဂိတ်တားပြီး စစ်ဆေး တာတွေ လုပ်ကြတာ။ လူတိုင်းဟာ ဒီ ၅ နာရီကျော်အတွင်းကို ကသုက်ကရက် ကသုတ်ကရက် အလျင် စလို လုပ်ကြကိုင်ကြ သွားကြလာကြရတယ်။ ဈေးထဲက ဈေးသည်တွေဆိုလည်း မနက် ၉ နာရီ ဝန်း ကျင်လောက်ဆိုတာနဲ့ “လာကြပါဟဲ့….ယူကြပါဟဲ့… အလကားကိုပေးနေတာ…လာကြပါဟဲ့” လို့ ဝယ် သူကို အော်ရင်းခေါ်ရင်း ရေးကြီသုတ်ပြာ ဈေးရောင်းကြရတယ်။ အခြားလက်ဖက်ရည်ဆိုင်၊ ကုန် ခြောက်ဆိုင်တွေလည်း ၁၁ နာရီကျော်ရင် ပိတ်ရတယ်။ အခက်က ကျွန်မတို့အိမ်မှာ အလုပ်လုပ်တဲ့ သူတွေကို ညနေအလုပ်ပြီးရင် အိမ်ပြန်လွှတ်လို့မရတော့။ သူတို့ကလည်း အပြင်မထွက်ရအချိန်ကို မထွက်.။ ရှောင်တခင်တွေ့ရင် ဒဏ်ငွေ တစ်သောင်းဒဏ်တပ်တယ်။ တစ်သောင်းထက် ပိုတောင်း တာမျိုးလည်း ရှိတယ်လို့ သိရပြန်တယ်။ ပေးရရင် နေ့တွက်လုပ်အားခလေး ကုန်ချေမယ်။ မေမေက မနက်၊ နေ့လည်စာ၊ ညစာ ၃ နပ် လူ ၄ ယောက်စာ ပြင်ရတော့တယ်။ လော့ဒေါင်းသတ်မှတ်တာက ရက်ပြည့်တာနဲ့ ထပ်တိုးရက်ကြေငြာတာပါပဲ။  ဒီလိုနဲ့ ၂ ပတ်လောက်ရှိလာတော့ မေမေလည်း ရပ် ကွက်ချင်းဆက် လမ်းကြားတွေကနေ ကွေ့ရှောင်ပြီး အလုပ်သိမ်းချိန်ဆို အိမ်ပြန်ကြတော့တယ်။ တလောကအွန်လိုင်းမှာ နွားကျောင်း၊ ဆိတ်ကျောင်းထွက်ဖို့ အပြင်ထွက်ခွင့်ထောက်ခံစာ ဆိုတာ တွေ့လိုက်ရတော့ ရယ်ချင်ချင် ဖြစ်မိသေး။ အာဏာရှင်တွေလုပ်လိုက်ရင်ဖြင့် ဒီလိုချည်းသာ။

    စစ်အာဏာရှင်ပေးတဲ့ ဒုက္ခဝန်တွေကို ထမ်းရတာ မျိုးဆက် ၃ ဆက်ရှိပြီလို့ဆိုရမယ်။ အာဏာသိမ်းတဲ့ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မှတ်မှတ်ရရပြန်ကြားယောင်နေမိတာက ကျွန်မ ခပ် ငယ်ငယ်ကတည်းက နားယဉ်ပြီးသားဖြစ်တဲ့ ဖေဖေရဲ့ ဟောစတမ်းတွေ။ “ငါ့သားကြီးတဲ့အခါ ခေတ်ကောင်းပြီ။ ကြိုးစား။” လို့တဖွဖွ ပြောဖူးတယ်။ ဒီလိုနဲ့ ခေတ်ကမကောင်းသေး။ ကျွန်မ အရွယ်ရောက်လာတော့ “သမီး စာကြိုးစား၊ သမီးကျရင်တော့ ခေတ်ကောင်းမီမှာ” လို့ ဆိုပြန်တယ်။ ဒီလိုနဲ့ ခေတ်ကမကောင်းသေးပြန်။ အစ်ကိုတောင် ကလေးတွေရနေပြီ။ ဒါလည်းပြောသေးတာ။ “ငါ့မြေးတွေခေတ်ဆို ခေတ်ကောင်းပြီ။” တဲ့။ သူ (ဖေဖေ) ဖေဖော်ဝါရီ ၁ ရက်၊ အာဏာစသိမ်းတဲ့ နေ့က အဖမ်းခံရတယ်။ တကယ်ဆို အဲ့ဒီနေ့က ကျွန်မရဲ့ ၃၃ နှစ်ပြည့်မွေးနေ့။ ပြီးတော့ ဒီနှစ် ၂၀၂၁ မှာ ရှစ်လေးလုံးအရေးတော်ပုံ ၃၃ နှစ်ပြည့်သတဲ့။ ဒီစကားတွေနဲ့ ဒီအဖြစ်အပျက်ဟာလည်း ရယ် ချင်ပက်ကျိပဲ။   

    ဩဂုတ်လ ၉ ရက်နေ့မှာ ကဗျာဆရာ အောင်ချိမ့် ဆုံးတယ်။ လူကြီးနာပဲ ဆိုပေမယ့် ဒီကာလကြီးထဲဆုံးတော့ ပိုလို့ထိခိုက်ရတယ်။  ဒီကိုဗစ်နဲ့ အာဏာသိမ်းကာလကြီးထဲ အာဏာသိမ်းစစ်ကောင်စီက ဖမ်းလို့၊ သတ်လို့ သေသွားတဲ့ ကဗျာဆရာတွေ များလှပြီ။ စိတ်ကျလို့၊ ဆေးဖိုးမရှိလို့ သေ ကုန်တဲ့ သူတွေလည်းရှိတယ်လို့ ကဗျာစာပေ အသိုင်း အဝိုင်း က မိတ်ဆွေကပြောပြတယ်။

    သူငယ်ချင်း အနုပညာ ရှင်တစ် ယောက် မှတ်တမ်းပြုစုထားတဲ့ စာရင်းအရ ဖေဖော်ဝါရီလကနေ ယနေ့အထိ အာဏာသိမ်း ကာလ အတွင်း စစ်ကောင်စီပယောဂနဲ့သေဆုံးရသူ စာပေ၊ အနုပညာရှင် အယောက် ၁၄၀ ကျော်ပြီ။ စာပေ အသိုင်းအဝိုင်းကသူတွေဆိုတာ ကျွန်မသိပ်မြတ်နိုးတဲ့သူတွေ။ အထူးသဖြင့် ၁၉၈၈ ကိုဖြတ်သန်းခဲ့တဲ့ လူကြီးသူမတွေရဲ့ စာတွေ၊ ကဗျာတွေ၊ အနာတွေကို အခု စစ်အာဏာသိမ်းကာလကြီးထဲမှ ကျွန်မသ ဘောပေါက်တာ။ ကျွန်မချစ်ခင်ရတဲ့၊ ကျွန်မကို ချစ်ခင်ကြတဲ့ လူကြီးသူမတွေရဲ့ မျက်ဝန်းတွေရဲ့ အဓိပ္ပါယ်ကိုအခုမှ သိတော့တယ်။ ကျွန်မကို၊ ကျွန်မတို့အရွယ်လူငယ်တွေကို ချစ်မြတ်နိုးတဲ့စိတ်၊ အားကိုးတဲ့စိတ်၊ တန်ဖိုးထားတဲ့စိတ် နဲ့သူတို့ကြည့်ကြတယ်။ ကျွန်မထက် ငယ်ရွယ်သူ တော်လှန်ရေး မောင်ငယ်၊ ညီမငယ်တွေနဲ့ ဆုံတဲ့အခါတိုင်း ကျွန်မဆီမှာလည်း အဲ့ဒီအကြည့်၊ အဲ့ဒီစိတ် အလိုလို ဖြစ် တည်လာတယ်။ ခေတ်တွေနဲ့ တွဲချည်နှောင်ထားကြတဲ့ မျိုးဆက်တွေရဲ့ ဝေဒနာလို့ပဲ ဆိုရမလား။ ခင်ဗျားကို အသေမသတ်ဘူး၊  အသည်းနှလုံးကိုဖောက်ယူမှာ ဆိုတဲ့ “တကယ်မရှိတဲ့နှစ်များ” စာအုပ်ထဲက ဆရာအောင်ခင်မြင့်ရဲ့ အပြောက အခု ကာလတွေထဲ စိတ်ထဲမှာ ပဲ့တင်ထပ်နေတယ်။

    ခေတ်တိုင်းမှာ လူငယ်မျိုးဆက်တွေဟာ သူတို့မလုပ်ခဲ့တဲ့ အမှားတွေအတွက် အမြဲတမ်း ရှေးဆုံးကနေ တာဝန်ယူပေးကြရတယ်။ ဒါကို “ခေတ်ဝန်ထမ်းတယ်” “တာဝန်ကျေတဲ့မျိုးဆက်” လို့လည်း ဆိုကြသေးတယ်။ ဒီစကားရပ်တွေဟာ မြန်မာ့လူ့အဖွဲ့အစည်းမှာ ယဉ်ပါးပြီးသား။ လူတွေ ကြိုက်ကြတယ်။ ဒါပေမယ့် ဒီစကားရပ်တွေဟာ လက်ရှိမှာတော့ ကျွန်မကို မွန်းကြပ်စေတယ်။ အသက်ရှုရမဝဘူး။ ဖိစီးတယ်။ ကျွန်မ(တို့) ရဲ့ တစ်ကိုယ်ရေဘဝ၊ တစ်ကိုယ်ရေ ရွေးချယ်ခွင့် ပျောက်ဆုံးကုန်တယ်။ ဖြစ်ချင်တာကိုပြောပါဆိုရင်တော့ အရင်လို ကချင်ပြည်နဲ့  ဧရာဝတီ မြစ်ကြောင်း တလျှောက် ခရီးတွေထွက်၊ သုတေသနလုပ်၊ စာတွေရေးချင်တာပေါ့။ ဇာတိနယ်မြို့မှာပဲ ပြန်အခြေချ ချင်တာပေါ့။ အခုအခါမှာ ဒါတွေဟာအဓိပ္ပါယ်မရှိတော့။ မီးလောင်နေတာကို အရင်ငြှိမ်းရမှာ။  

    လက်ရှိအချိန်အခါအတွက်တော့ အမိအဖဆီပြန်နေခွင့်ရတာဟာ အခွင့်ထူးခံလိုပဲ။ ဒါကို ဆန့် ကျင်ချင်တဲ့စိတ်ကလည်း ထကြွလို့နေတယ်။ အမှန်မှာတော့ မိဘနားနေချင်သေးတုန်း။ ဒါကိုပဲ ထပ် တောင့်တတုန်း။ ဒါပေမယ့် စိတ်ဟာ အမြဲညှိုးငယ်လို့နေတယ်။ မပျော်ဘူး။ မရွှင်ဘူး။ သူငယ်ချင်း မိတ်ဆွေတွေ ကြုံနေရတဲ့ဒုက္ခတွေအတွက် ကျွန်မရဲ့လက်ရှိဖြစ်တည်မှုအပေါ် ရှက်ရွံ့အားနာ စိတ်ဝင် မိတယ်။ ကျွန်မဒီအတိုင်း ရပ်မနေဘူးဆိုတာတော့ သိပ်သေချာပါတယ်။ ကျွန်မက စိတ်ပျော်တာကို ပဲလုပ်တဲ့သူ။ ကျွန်မကိုယ်ကျွန်မ အသေချာပြန်ဆန်းစစ်ရတယ်။ ကိုယ့်အထိုင်ကိုယ် နေရာချရ၊ ရွေး ရတယ်။

    စက်တင်ဘာ ၅ ရက်နေ့မှာ မိတ်ဆွေတစ်ယောက်ဆုံးတယ်။ သူနဲ့က ဒီအာဏာသိမ်းကာလထဲမှ ပြန်ဆုံကြတာ။ ညသန်းခေါင်ကြီး သူဆုံးကြောင်းဖုန်းဝင်လာတော့ ကျွန်မ မငိုပါဘူး။ ကျွန်မသိလိုက် တယ်။ သူ့ပါဝါတွေ ကျွန်မဆီထားခဲ့တယ်။ ကျွန်မက ဆက်လက်သယ်ဆောင်ရမှာပဲ။ စက်တင်ဘာ ၂၄ မှာ ကျွန်မထွက်လာခဲ့လိုက်တယ်။

    Related Articles
    No related posts