4 Minutes To Read

“အိပ်မက်မက်ခွင့်ပင် မသာတော့ပါ” ထိုင်းနိုင်ငံရှိ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အသက်မွေးဝမ်းကြောင်းပြုနေကြရသော မြန်မာအမျိုးသမီးများအပေါ် ကိုဗစ်ကပ်ရောဂါ၏ ရိုက်ခတ်မှု။

4 Minutes To Read
  • English
  • Sofie Mortensen နှင့် Saw Aung Htun Lin တို့မှ ထိုင်းနိုင်ငံ၊ ဖော့ဖရာဒေသတွင်းရှိ အမျိုးသမီးများအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါ ရိုက်ခတ်မှုနှင့် ပတ်သက်၍ ထင်ဟပ်လေ့လာသုံးသပ်ထားပါသည်။  

    ထိုင်းနိုင်ငံ ဖော့ဖရာဒေသရှိ နှင်းဆီပန်းစိုက်ခင်းတွင် အလုပ်လုပ်ကိုင်နေကြသော အမျိုးသမီးများ။ ရိုက်ကူးသူ၊ Sofie Mortensen.

    ယခုဆောင်းပါးအား ဇွန်လ ၆ရက်၊ ၂၀၂၂ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာြဖင့် ရေးသားထားသော မူရင်းဆောင်းပါးအား ဖတ်ရှုလိုပါက ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။ကိုဗစ်-၁၉ကပ်ရောဂါသည် ထိုင်းနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ထုတ်လုပ်မှုများအပေါ် အရှိန်အဟုန် ရပ်တန့်သွားစေသည့်အခါတွင် ၎င်းကဏ္ဍတွင် အသက်မွေးဝမ်းကြောင်း ပြုနေကြရသည့် မြန်မာနိုင်ငံမှ လာရောက်ရွှေ့ပြောင်းလုပ်ကိုင်နေသည့် အလုပ်သမားများအပေါ်တွင်လည်း ကြီးစွာသော ဒုက္ခဆိုးကျိုးများ ဖြစ်ပေါ်စေခဲ့သည်။ [1]

    မူလအစမှာပင် တရက်တာလုပ်အားခ သတ်မှတ်ချက်ဖြစ်သည့် ၃၁၅ ဘတ်ထက်ဝက်ကိုသာရရှိပြီး ဆိုးရွားသည့် လုပ်ငန်းခွင်အခက်အခဲများနှင့် ကြုံတွေ့နေရကြသည့် ထိုရွှေ့ပြောင်းလုပ်သားများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပုံမှန်ဝင်ငွေရရှိနိုင်သည့် လုပ်ငန်းများ ဆုံးရှုံးသွားကြသည့်အတွက် အကြွေးနွံတွင် နစ်မွန်းရတော့သည်။ ထိုရိုက်ခတ်မှုများသည် မိသားစု၏ စိတ်ရောကိုယ်ပါ ကျန်းမာရေးအတွက် ဂရုစိုက်နေရသည့် ရွှေ့ပြောင်းလုပ်သား အမျိုးသမီးများအပေါ် ပြင်းထန်သည့် စိတ်ဖိစီးမှုများ ဖြစ်ပေါ်စေပြီး ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးများလည်း ထိခိုက်ယိုယွင်းလာခဲ့ရသည်။ ကိုဗစ်ကပ်ရောဂါ၏ နောက်ဆက်တွဲပေါ်ပေါက်လာသည့် စီးပွားရေး ရိုက်ခတ်မှုများကြောင့် မြန်မာနိုင်ငံမှ လာရောက်ကြသည့် ရွှေ့ပြောင်းလုပ်သားများအကြား ကျား၊မ တန်းတူညီမျှမှုမရှိခြင်းများလည်း ပိုမိုဆိုးရွားလာခဲ့သည်။

    မြန်မာ့လူမှုအဖွဲ့အစည်းတွင် ကျား၊မတန်းတူညီမျှမှုများ များပြားလာပြီဟု လူအများကထင်မြင်ကြသော်ငြားလည်း ဖိုဝါဒီကြီးစိုးသည့် ကိုလိုနီစနစ်နှင့် စစ်အုပ်ချုပ်ရေးအောက်တွင် နှစ်လရှည်ကြာ အမျိုးသမီးအခွင့်အရေးများ ဆုံးရှုံးခဲ့ကြရပြီး ကျား၊မ လုပ်ခလစာ တန်းတူညီမျှခြင်း မရှိခြင်းသည်လည်း ပိုမိုဆိုးရွားလာခဲ့ရသည်။ အမျိုးသားများအား မိသားစုအတွက် ပင်မဝင်ငွေရှာဖွေပေးသူများအဖြစ် သတ်မှတ်လက်ခံထားကြသော်လည်း အမျိုးသမီးများ၏ ပင်မတာဝန်အား အိမ်တွင်းမှုနှင့် အိမ်ထောင်ထိန်းသိမ်းရေး လုပ်ငန်းများအပေါ်တွင်သာ သတ်မှတ်လက်ခံထားကြသည်။ အဆိုပါ လူမှုရေးဆိုင်ရာ ယုံတမ်းစကားများသည် နယ်စပ်ကိုဖြတ်ကျော်ကာ ထိုရွှေ့ပြောင်းလုပ်သားများအပေါ်တွင်လည်း သက်ရောက်မှုရှိသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့ အင်တာဗျူးပြုလုပ်ခဲ့သော ဖော့ဖရာခရိုင်ရှိ အမျိုးသမီး၄၀ဦးအနေဖြင့် ချက်ပြုတ်လျှော်ဖွတ်ခြင်းသည် “အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦး၏ တာဝန်” ဟု ဖြေဆိုခဲ့သည်။ အချို့အမျိုးသမီးများမှာ ယခုအချက်ပေါ်တွင် ဂုဏ်ယူကျေနပ်ကြသော်လည်း အမျိုးသမီးအများစုမှာ ဤအချက်အပေါ်တွင် ကြီးမားနက်ရှိုင်းသည့် မကျေနပ်မှုများရှိကြောင်း တွေ့ရှိရပါသည်။ ခင်ပွန်းနှင့် သားသမီးသုံးယောက်အား ဂရုစိုက်နေရသည့် သန်းမင်းအနေဖြင့် “အိမ်အလုပ်က သိပ်ပျင်းဖို့ကောင်းတယ်၊ အိမ်အလုပ်မှာက လုပ်စရာက ဒီတခုပဲရှိတယ်၊ အဲ့ဒါကိုပဲ အမြဲလုပ်နေရပြီးတော့ ဘာလစာဝင်ငွေမှလည်း မရဘူး။ ကျွန်မကတော့ ကျွန်မယောကျာ်းကို သူပဲ အိမ်မှာနေပြီး အိမ်အလုပ်လုပ်သင့်တယ်လို့ ပြောပစ်လိုက်တယ်။”

    အဆိုပါ အဖြေကို ထင်ဟပ်စဥ်းစားခြင်းဖြင့် သားသမီးငယ်များ မွေးဖွားထားသည့် အမျိုးသမီးများအနေဖြင့် လယ်ယာထဲတွင် အနည်းငယ်မျှသာ အလုပ်လုပ်ကိုင်နိုင်သည်။​ သို့ရာတွင် အသက်၃၃နှစ်ရှိပြီး အတန်ငယ် အရွယ်ရောက်ပြီးသည့် သားသမီးသုံးဦးရှိသည့် စိုးမင်းအတွက်မူ အခြေအနေများမှာ တမူကွဲပြားလေသည်။ သူမအနေဖြင့် လယ်ယာထဲတွင် အလုပ်လုပ်ရသည့်အပြင် အိမ်ပြန်ရောက်လျှင်လည်း အိမ်မှုကိစ္စများလုပ်ရသေးသည့်အတွက် ဝန်ကိုနှစ်ဆ ပိုမိုထမ်းရသည် “အိမ်မှာက ပိုပြီး စိတ်ဖိစီးမှုများတယ်၊ ပုံမှန်ဆိုရင် အပြင်မှာလည်း အလုပ်လုပ်၊ အိမ်ပြန်ရောက်တော့လည်း အိမ်အလုပ်တွေ သိမ်းကျုံးလုပ်ရေးသေးတယ်” ဟု ဖြေဆိုခဲ့သည်။

     

    “မိမိတို့နေအိမ်” စိုးမင်းအနေဖြင့် သူမ အိမ်မှုကိစ္စများလုပ်ရသည့် နေရာကို လိုက်လံပြသကာ အိမ်မှုကိစ္စများသည် “လယ်ယာအလုပ်ထက်ပင် ပိုမိုအချိန်ကြာမြင့်ကြောင်း” ပြောပြခဲ့သည်။

    အိမ်တွင်းမှုနှင့် အိမ်အလုပ်များမှာ ဘဝများရပ်တည်ရှင်သန်နိုင်ရန် အထောက်အပံ့ဖြစ်သော်လည်း အိမ်မှုကိစ္စလုပ်ခြင်းသည် လူမှုအဖွဲ့အစည်းတွင် ကာလရှည်ကြာစွာ တန်ဖိုးထားခြင်းခံရမှုမရှိပဲ အခကြေးငွေလည်း မရရှိပေ။ အမျိုးသမီးများ၏ လုပ်အားများအား တန်ဖိုးထားမှုနည်းပါးခြင်းနှင့်   အခကြေးငွေရရှိမှု နည်းပါးသည့် အချက်အား ဖီးမနစ်များအနေဖြင့်လည်း ကာလရှည်ကြာ ပြောဆိုထောက်ပြခြင်းပြုလာပြီးဖြစ်သည်။  ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးများအနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် အမျိုးသားများနှင့် နှိုင်းယှဥ်ပါက လုပ်ခလစာ ၃၄ ရာခိုင်နှုန်း ကွာဟမှုပြဿနာနှင့် ကြုံတွေ့နေရသည်။ ဖော့ဖရာခရိုင်ရှိ အမျိုးသမီးများအနေဖြင့်လည်း အဆိုပါ အခက်အခဲပြဿနာနှင့် ကြုံတွေ့နေကြရသည်။ အလားတူပင် အသက်၂၁ခန့်ရှိသော သန္တာစိုးအနေဖြင့်လည်း သူမအနေဖြင့် ထိုင်းနိုင်ငံသို့ရောက်ရှိသည့် လွန်ခဲ့သည့် ၆နှစ်တာကာလအတွင်း သင်္ဘောသီး၊ ဌက်ပျောသီးနှင့် ပြောင်းစိုက်ခင်းအစရှိသည်တို့တွင် အလုပ်လုပ်ကိုင်ခဲ့ဖူးသော်လည်း ယခုအချိန်ထိပင် အမျိုးသားနှင့် အမျိုးသမီးကြား လုပ်ခကြေးငွေကွာဟသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရဆဲဖြစ်ပါသည်။ သူမအနေဖြင့် ငယ်ရွယ်စဥ်မှပင် လယ်ယာစိုက်ပျိုးရေး ပြုလုပ်ခဲ့သည့်အတွက် အတွေ့အကြုံများစွာရှိသော်လည်း တရက်တာတွင် လုပ်ခကြေးငွေ ၁၆၀ဘတ်သာ ရရှိပြီး သူမ၏ခင်ပွန်းမှာမူ သူမနှင့်တူညီသည့် ပမာဏကို လုပ်ကိုင်ရသော်လည်း လုပ်ခကြေးငွေအားဖြင့် ဘတ်၂၀၀ရရှိသည်။ ထိုအကြောင်းအရာအား ဆွေးနွေးသည့်အခါတွင်မူ သူမအနေဖြင့် “ဒီနိုင်ငံမှာ ယောကျာ်းနဲ့မိန်းမကို လစာပေးတာ ဒီလိုပဲ မတူဘူးလေ”ဟု ပခုံးတွန့်ကာ ဖြေဆိုလေသည်။ အချို့ အမျိုးသမီးများအနေဖြင့် ၎င်းကိစ္စမှာ မျှတသည်ဟု ယူဆနေကြပြီး အမျိုးသားများအနေဖြင့် ပိုမိုပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင်ကြရသည့်အတွက် ပို၍မြင့်မားသော လုပ်ခလစာကို ရရှိသင့်သည်ဆိုသည့် အမြင်များအား ထပ်မံတိုးပွားအောင် ပြုလုပ်နေသကဲ့သို့ ဖြစ်နေပါသည်။ သို့ရာတွင် အမျိုးသမီးတိုင်းအနေဖြင့် ဤသို့ယူဆခြင်းမရှိပါ။ လူငယ်အမျိုးသမီးတဦးဖြစ်ပြီး အမျိုးသားများနှင့် အလားတူ အလုပ်လုပ်ရသည့် မီမီအနေဖြင့် “တကယ်တော့ ကျွန်မတို့လည်း သူတို့လိုပဲ လစာတူတူပဲရချင်ပါတယ်၊ ဒါပေမယ့် ဒါကြီးက ထုံးစံကြီးလိုဖြစ်နေတယ်၊ ပြောရရင်တော့ မတရားဘူးပေ့ါ၊ ကျွန်မတို့လည်း ဒီအလုပ်ချိန်အတိုင်းပဲ လုပ်ရတာပဲလေ” ဟု ပြောဆိုခဲ့ပါသည်။ အမျိုးသားများမှာ ပိုမိုပင်ပန်းသည့် အလုပ်များလုပ်ရသည်ဆိုသည့် အများလက်ခံထားသည့် အမြင်များရှိသော်လည်း အသက်၁၇နှစ်ခန့်ရှိသည့် အမျိုးသမီးငယ် အောင်ဖြူအနေဖြင့် သူမ၏ ဓာတ်ပုံတွင် အမျိုးသမီးများအနေဖြင့် ခက်ခဲသည့် အလုပ်များဖြစ်ကြသည့် သက်တောင့်သက်သာမရှိသည့်အနေအထားဖြင့် အချိန်ကြာမြင့်စွာ အာလူးစိုက်ပျိုးရခြင်း အစရှိသည့် လုပ်ငန်းများလုပ်ကိုင်ရကြောင်း မှတ်တမ်းတင် ဖော်ပြထားသည်။ သို့သော်လည်း အမျိုးသမီးများအနေဖြင့် လုပ်ခလစာ ပိုမိုနည်းပါးလျက်ရှိနေပြီး အခကြေးငွေမရရှိသည့် လုပ်ငန်းများကိုပါ ဆက်လက်လုပ်ကိုင်နေကြရသည်။ ထိုအချက်များကြောင့်ပင် အမျိုးသမီးများအနေဖြင့် မိသားစု၏ လစဥ်အသုံးစရိတ်များအား ထည့်ဝင်ရာတွင် ပိုမိုနည်းပါးသည့် ပမာဏကိုသာ ထည့်ဝင်နိုင်ပြီး အချို့မှာမူ “ဝင်ငွေပင်မရှိသည့်အတွက်” အသက်၂၆နှစ်ခန့်ရှိသော ချောဇာန်၏ ဖြေဆိုချက်အတိုင်း “ကျွန်မအတွက် သိပ်ကို စိတ်ဖိစီးစရာဖြစ်တယ်” ဟု အမျိုးသမီးများအနေဖြင့် ခံစားကြရပါသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးများမှာ မိသားစုတစုစာ၏ လစဥ်အသုံးစရိတ်အား တွက်ချက်စီမံတာဝန်ယူရသည့်အတွက် ဖြစ်ပါသည်။

    အာလူးစိုက်ပျိုးနေကြရသည့် အမျိုးသမီးများ၊ ဓာတ်ပုံရိုက်ကူးသူ-အောင်ဖြူ။

    မိမိတို့နှင့် တွေ့ဆုံစကားပြောခဲ့ရသည့် အမျိုးသမီးအားလုံးနီးပါးမှာမူ ၎င်းတို့မိသားစုများ၏ လက်ရှိနှင့် အနာဂတ်ကျန်းမာကြံ့ခိုင်ရေးအတွက် လစဥ်အသုံးစရိတ်အား တွက်ချက်စီမံနေရသည့် ကြီးမာလေးလံသောဝန်ကို ထမ်းပိုးထားကြရကြောင်း ပြောဆိုခဲ့ကြပါသည်။ အဖွဲ့လိုက် ဆွေးနွေးမှုတခုတွင်မူ အမျိုးသမီးငါးဦးအနေဖြင့် “ယောကျာ်းတွေအတွက်တော့ လွယ်တာပေ့ါ။ အပြင်ထွက် အလုပ်လုပ်ပြီး ရတဲ့ ပိုက်ဆံ အပ်ရုံပဲလေ၊ ဘယ်လိုသုံးစွဲရမလဲဆိုတာ သူတို့တွေးစရာမှ မလိုတာ။ ကျွန်မတို့အတွက်ပဲ ဒါကြီးက ဝန်ထုပ်ဝန်ပိုးကြီးဖြစ်နေတာ” ဟု ပြောဆိုဆွေးနွေးခဲ့ပါသည်။ အချို့အမျိုးသမီးများအနေဖြင့် ထိုပူပန်မှုများအား ၎င်းတို့၏ ခင်ပွန်းများနှင့် ဆွေးနွေးတိုင်ပင်နိုင်သော်လည်း အချို့အမျိုးသမီးများမှာမူ ၎င်းတို့ တစ်ကိုယ်တည်းသာ ဖြေရှင်းကြရသည်။ ထိုသို့ တစ်ကိုယ်တည်း ဖြေရှင်းရသူများတွင် အသက်၂၅ နှစ်ခန့်ရှိသည့် စန္ဒာဦးလည်းပါဝင်ပြီး သူမသည် သူမ၏ ခင်ပွန်းနှင့် သားလေးနှင့်အတူ ထိုင်းနိုင်ငံတွင် နေထိုင်နေသည်မှာ ၁၀နှစ်ခန့်ရှိပြီဖြစ်ပါသည်။ သူမအနေဖြင့် “တနေကုန် အလုပ်လုပ်ပြီး မောကြီးပန်းကြီး အိမ်ပြန်လာပြီးရင် အသုံးစရိတ်တွေကိုလည်း စဥ်းစားစီမံရသေးတယ်။ တော်တော်ကို စိတ်ဖိစီးမှုများတယ်၊ တခါတလေ ယောကျာ်းကို ဒေါသထွက်မိတယ်” ဟု ပြောဆိုခဲ့ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း သူမခင်ပွန်းအနေဖြင့် ပုံမှန်ဝင်ငွေရသည့် အလုပ်မရှိသည့်အတွက် သူမတယောက်တည်း၏ လစာဝင်ငွေသည် ၎င်းတို့ မိသားတစုလုံးအတွက် လောက်ဌမှုမရှိခဲ့ပါ။ ထို့အတွက်ကြောင့် သူမအနေဖြင့် အခြားသော အမျိုးသမီးများနည်းတူ လှည့်လည်ကာ ငွေကြေးချေးဌားရခြင်းများ ပြုခဲ့ရပြီး ငွေချေးရာတွင်လည်း အတိုးနှုန်း ၂၀ ရာခိုင်နှုန်းထိ မြင့်မားစွာပေးခဲ့ရသည်။ သို့ပါသော်ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါသည် ၎င်းတို့အတွက် အကြွေးနွံအတွင်း သက်ဆင်းရစေခြင်းကိုသာ ဖြစ်ပေါ်စေခဲ့သည်။ ထို့အပြင် မစန္ဒာဦးကဲ့သို့ အမျိုးသမီးအတွက်မှာမူ ၎င်းဝန်ထုပ်ဝန်ပိုးကိုလည်း သူမတဦးကသာ ထမ်းပိုးနေရသည်ဖြစ်သည်။

    ကပ်ဘေးကာလအတွင်း အမျိုးသမီးအများအနေဖြင့် ၎င်းတို့မိသားစုများ ဆင်းရဲတွင်းနှင့် အကြွေးနွံအတွင်း တစထက်တစ သက်ဆင်းရခြင်းများကို ကြုံတွေ့လာကြရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီကာလတွင် အမျိုးသမီးများအနေဖြင့် လွန်စွာနည်းပါးသည့် လုပ်ခလစာ အခက်အခဲများဖြင့်ကြုံတွေ့နေရသော်လည်း အဆိုပါအလုပ်များမှာ တည်ငြိမ်မှုရှိပြီး အမျိုးသမီးများအနေဖြင့် ဝင်ငွေအနည်းငယ် စုဆောင်းမိခြင်းများရှိခဲ့သည်။ ထို့ကြောင့် ဇင်မာအနေဖြင့် “ပုံမှန်ဝင်ငွေရတဲ့ အလုပ်မရှိတော့ ရတဲ့ပိုက်ဆံကလည်း နေထိုင်စားသောက်စရိတ်ကို မကာနိုင်ဘူးလေ၊ တော်တော်ကို ရုန်းကန်ရတယ်။” ဟု ဝမ်းနည်းစွာဖြင့် ပြောဆိုခဲ့သည်။ ၎င်းဖြစ်ရပ်များသည် လက်ရှိကာလတွင်သာမကပဲ ထိုအမျိုးသမီးများ၏ အနာဂတ် မျှော်လင့်ချက်နှင့် အိပ်မက်များဖြစ်သည့် မြန်မာနိုင်ငံတွင် မြေဝယ်နိုင်ရန်၊ အိမ်ပြန်ရန်အစရှိသည့် မျှော်လင့်ချက်များအပေါ်တွင်ပါ ရိုက်ခတ်မှုများရှိပါသည်။ ယခုအခါတွင်မူ ထိုအိပ်မက်များနှင့် ပိုမိုဝေးကွာခဲ့ရပြီဖြစ်ရာ ၂၁နှစ်ခန့်ရှိသော မိုးအနေဖြင့် “အိပ်မက်မက်ဖို့တောင် မဖြစ်နိုင်တော့ဘူးလေ၊ အခုကာလမှာဆို အရမ်းရုန်းကန်ရလွန်းလို့ ဘာမှလည်း စိတ်မကူးနိုင်ဘူး၊ ခုတော့ ဘာမှကို မျှော်လင့်ချက်မထားပဲ အသက်ရှင်ရပ်တည်နိုင်ဖို့ပဲ ကြိုးစားနေရတယ်” ဟု ပွင့်လင်းစွာ ဖြေဆိုခဲ့သည်။

    ထို့အပြင် မာအောင် ဆွေးနွေးသကဲ့သို့ ၎င်းတို့အနေဖြင့် ခက်ခဲပြီး အန္တရာယ်များသည့် ထိုင်းနိုင်ငံတွင် နေထိုင်ရသည့် ဘဝများတွင်သာ ဆက်လက်နေထိုင်နေကြရသည်။ မာအောင်အနေဖြင့် “ ကျွန်မလည်း အရင်ကလို မပျော်တော့ဘူး။ ဒီမှာဆို အမြဲစိုးရိမ်ပူပန်နေရတယ်၊ ပြီးတော့ ဘာမှလည်း လွတ်လပ်မှုမရှိဘူး” ဟု ဖြေဆိုခဲ့ပါသည်။ သားသမီး၃ဦးအား ပြုစုပျိုးထောင်နေရသည့် ဆန်းဖြိုးအနေဖြင့် သူမ၏ ဘဝတွင် ပင်ပန်းဆင်းရဲကြီးစွာ ရုန်းကန်နေရပြီး ခန့်မှန်းနိုင်ခြင်းမရှိသည့် အနာဂတ်သည်လည်း ခက်ခဲလွန်းလှသည့်အတွက် သူမအတွက် အခက်ခဲဆုံး နေ့ရက်များတွင် သူမကိုယ်သူမ အဆုံးစီရင်ရန်ပင် တွေးတောမိကြောင်း ပြောဆိုခဲ့ပါသည်။

    “ကျွန်မဘဝနဲ့တော့ ဒီတိမ်တိုက်တွေဟာ ပြဒါးတလမ်း၊ သံတလမ်းပါပဲ။ ဒီ တိမ်တိုက်တွေလိုပဲ ဘယ်လို ပူပန်မှုပါ မပါပဲ လေနှင်ရာလွင့်လိုက်ချင်ပါတယ်” ဟု နှင်းဝါမှ ဖြေဆိုခဲ့သည်။

    မိမိတို့ အင်တာဗျူးပြုလုပ်ခဲ့သည့် အမျိုးသမီးများ၏ ဘဝဇာတ်ကြောင်းများကို ဖတ်ရှုလေ့လာခြင်းအားဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ကျား၊မတန်းတူညီမျှမှု မရှိသည့် အခြေအနေများသည် ၎င်းတို့၏ ဘဝနှင့် ကျန်းမာကြံ့ခိုင်ရေးအပေါ်တွင် ကြီးမားသည့် သက်ရောက်ပုံဖော်မှုရှိကြောင်း တွေ့ရှိနိုင်ပါသည်။ ဖော့ဖရာခရိုင်ရှိ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အမျိုးသမီးအများအနေဖြင့် လုပ်ခလစာ အလွန်နည်းပါးစွာရရှိခြင်းကြောင့် ၎င်းရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဝင်ငွေရပ်တန့်ခဲ့ရသည့် ဒုက္ခ၊အခက်အခဲများကို ခါးစည်းခံနေကြရပါသည်။ ကပ်ရောဂါကာလအတွင်း ဆုံးရှုံးခဲ့ရသည့် စီးပွားရေးအခွင့်အလမ်းများနှင့် အမျိုးသမီးများအနေဖြင့် ဝန်ထုပ်ဝန်ပိုးများ ထမ်းပိုးထားရသည့် ဖိအားများမှာ အနာဂတ်ကာလတခုတိုင်သည်အထိ လျေ့ာကျသွားလိမ့်မည်မဟုတ်ပါ။ မိသားစု စားဝတ်နေရေးနှင့် အသုံးစရိတ်များ အလျင်မီစေရန်၊ ပြေလည်စေရန် ကြိုးပမ်းကာ ၎င်းတို့ဖြစ်ချင်သည့် စိတ်ကူးဆန္ဒများကို ဆိုင်းငံ့ထားရသည့် အမျိုးသမီးများအနေဖြင့် ယခုအခြေအနေတွင် ၎င်းတို့၏ စိုးရိမ်ကြောင့်ကြမှုများ မြင့်တက်လာသည့်အတွက် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး အခက်အခဲများနှင့်ပါ ရင်ဆိုင်နေကြရပါသည်။ အသက်၂၇နှစ်ခန့်ရှိသော နှင်းဝါအနေဖြင့် သူမရိုက်ကူးထားသော ဓာတ်ပုံအား မိမိတို့ကို ပြသ၍ “ကျွန်မတော့ တိမ်တိုက်တွေလိုပဲ လွင့်မျောချင်တာပဲ။ ဘာဖိအား၊ ဘာစိုးရိမ်ကြောင့်ကြမှုမှမရှိပဲ လွတ်လွတ်လပ်လပ် လွင့်မျောချင်တယ်။ ကျွန်မဘဝနဲ့တော့ ဆန့်ကျင်ဘက်ပါပဲ” ဟု စိတ်ပျက်အားငယ်နေသည့် လေသံဖြင့် ဖွင့်ဟပြောဆိုခဲ့ပါသည်။

    Sofie Mortensen သည် University of Copenhagenရှိ Institute for Food and Resource Economics, Section for Global Development ဌာနတွင် ပါရဂူဘွဲ့တက်ရောက်၍ ကျမ်းပြုစုလေ့လာနေသူဖြစ်ပါသည်။ သူမ၏ သုတေသနနယ်ပယ်များမှာ ထိုင်းနိုင်ငံရှိ လယ်ယာစိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများအတွင်း အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံမှ လာရောက်ကြသည့် ရွှေ့ပြောင်းလုပ်သားများ၏ ကျား၊မဖြစ်ခြင်းနှင့် မျိုးဆက်များအလိုက် တွေ့ကြုံရသည့် အတွေ့အကြုံများနှင့် ပြောင်းရွှေ့နေထိုင်ခြင်းနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍပြောင်းလဲမှုတို့အကြား ဆက်နွယ်မှုအား လေ့လာခြင်းများ ပါဝင်ပါသည်။

    Saw Aung Htun Lin သည် မဲဆောက်မြို့ရှိ Social Action for Children and Women (SAW) ဆိုသည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍရှိ ရွှေ့ပြောင်းလုပ်သားများ၏ ကျန်းမာရေးနှင့် အခွင့်အရေးများအတွက် အဓိကထားဆောင်ရွက်သည့် အဖွဲ့အစည်းတွင် စီမံကိန်းအရာရှိအဖြစ် တာဝန်ယူလျက်ရှိပါသည်။ Saw Aung Htun Lin သည် ချင်းမိုင်တက္ကသိုလ်မှ လူမှုသိပ္ပံဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ရရှိထားသူတဦးလည်းဖြစ်ပါသည်။

     Notes

    [1] Estimates show that around half of Thailand’s 3.9 million migrant population, the majority from Myanmar, work in agriculture.

    *ဆောင်းပါးတွင်ပါရှိသူများ၏ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များအား ကာကွယ်ရန်အလို့ဌာ အမည်လွှဲများ အသုံးပြုထားပါသည်။