5 Minutes To Read

ချင်းပြည်နယ်ရှိ အမြတ်အစွန်းမယူသော အဆင့်မြင့်ပညာကျောင်းများ၊ တက္ကသိုလ်များ၏ အသက်ရှင်ရပ်တည်ရေးမှသည် ရေရှည်တည်တံ့မှုဆီသို့

5 Minutes To Read
  • English
  • Nitha Bor Siangpum အနေဖြင့် ယခုဆောင်းပါးတွင် ချင်းပြည်နယ်ရှိ အမြတ်အစွန်းမယူသော အဆင့်မြင့်ပညာကျောင်းများ၏ ရေရှည်တည်တံ့မှုများနှင့် ပက်သတ်၍ ဆွေးနွေးထားပါသည်။

    ယခုပို့စ်အား သြဂုတ်လ ၂၅ ရက်နေ့၊ ၂၀၂၁ တွင် စတင်ပုံနှိပ် ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။ အင်္ဂလိပ်ဆောင်းပါးအား ဖတ်ရှုလိုပါက ဤလင့်ခ် တွင်ဖတ်ရှုနိုင်ပါသည်။

    ပညာရေးကဏ္ဍတွင် နှစ်ပေါင်းများစွာ ချို့တဲ့သည့် ရင်းနှီးမြှပ်နှံမှုများသာပေးခဲ့ခြင်းနှင့် ဗဟိုချုပ်ကိုင်မှု အလွန်အမင်းများပြားမှုတို့ကြောင့် မြန်မာ့အဆင့်မြင့် ပညာကဏ္ဍသည် အဖက်ဖက်၌ ဖွံ့ဖြိုးမှု အလွန်အမင်းနောက်ကျကျန်ရစ်နေခဲ့ရသည်။  သုတေသနပြုချက်များအရလည်း ပညာရေးကဏ္ဍအနေဖြင့် မည်သည့်စံနှုန်းနှင့်မဆို တိုင်းတာပါက အလွန်နိမ့်ပါးနေပြီး ကြီးမားသော စိန်ခေါ်မှုများနှင့်လည်း ကြုံတွေ့နေရကြောင်း တွေ့ရှိရသည်။ လူသားတစ်ဦးအတွက်မူ နိုင်ငံတော်မှ ရရှိနိုင်သော အဆင့်မြင့်ပညာ၏ အခန်းကဏ္ဍသည် လုံလောက်မှုမရှိပါ။  မြန်မာနိုင်ငံရှိ လူလတ်တန်းစား ကျောင်းသူကျောင်းသားများ၏ အနည်းငယ်သော ပမာဏဖြစ်သည့် လူငယ် ၁၁ ရာခိုင်နှုန်း သည်သာလျှင် အဆင့်မြင့် ပညာကို လက်လှမ်းမှီကြောင်းတွေ့ရှိရသည်။ ထို့ကြောင့် အမြတ်အစွန်းယူသော (သို့မဟုတ်) အမြတ်အစွန်းမယူသော ပုဂ္ဂလိက ပညာရေးကဏ္ဍသည် မြန်မာနိုင်ငံ အဆင့်မြင့် ပညာကဏ္ဍအတွက် အရေးပါသော အဖွဲ့အစည်းများဖြစ်လာကြသည်။ သို့သော်ငြားလည်း မြန်မာ့ပညာရေးကဏ္ဍအား လေ့လာကြရာတွင် မြန်မာနိုင်ငံရှိ အမြတ်အစွန်းမယူသည့် အဆင့်မြင့်ပညာကဏ္ဍကို လုံလောက်သည့် သုတေသနပြု လေ့လာချဥ်းကပ်မှုများ မရှိပဲ လျစ်လျူရှုထားကြောင်း တွေ့ရှိရပါသည်။ ပုဂ္ဂလိက၏ အမြတ်အစွန်းမယူသည့် အဆင့်မြင့်ပညာအဖွဲ့အစည်းများသည် နိုင်ငံတွင်းရှိ ပြည်သူများအနေဖြင့် အဆင့်မြင့်ပညာကို လက်လှမ်းမှီနိုင်ရန် ဆောင်ရွက်ထားပြီး နိုင်ငံတော်၏ အဆင့်မြင့် ပညာကဏ္ဍရှိ အားနည်းချက်များအား ဖြည့်ဆည်းပေးနိုင်သောကြောင့် ပုဂ္ဂလိက၏ အမြတ်အစွန်းမယူသည့် အဆင့်မြင့်ပညာအဖွဲ့အစည်းများအပေါ် သုတေသနပြုမှုများ များပြားစွာရှိသင့်ပါသည်။

    သို့ပါသော်ကြောင့် မိမိအနေဖြင့် သုတေသန အထောက်အပံ့ရရှိခဲ့သည့် အစီအစဥ်တစ်ရပ်၏ အကူအညီဖြင့် မြန်မာနိုင်ငံရှိ ဝေးလံခေါင်ဖျားသည့် ဒေသတစ်ခုဖြစ်သော ချင်းပြည်နယ်အတွင်းရှိ အမြတ်အစွန်းမယူသည့် အဆင့်မြင့်ပညာကျောင်းများနှင့် အဖွဲ့အစည်းများ၏ ရေရှည်တည်တံ့မှုအတွက် လိုအပ်သည့် အကြောင်းအချက်များကို သုတေသနပြုလေ့လာခဲ့ပြီး ယခု Tea Circle ဆောင်းပါးတွင် ထည့်သွင်းဖော်ပြထားပါသည်။ မိမိအနေဖြင့် ချင်း ခရစ်ယာန် တက္ကသိုလ်တွင် ဆရာမတစ်ဦးအနေဖြင့် လုပ်အားပေးခဲ့သည့် အတွေ့အကြုံနှင့် ချင်းပြည်နယ် ဟားခါးမြို့ရှိ အမြတ်အစွန်းမယူသည့် ပုဂ္ဂလိက ကျောင်းတစ်ကျောင်းတွင် လုပ်အားပေးလုပ်ခဲ့သည့် အတွေ့အကြုံများမှတစ်ဆင့် ယခု သုတေသန လေ့လာမှုအား ပြုလုပ်ရန် တွန်းအားများရရှိခဲ့ခြင်းဖြစ်ပါသည်။ ယခု လေ့လာမှုသည် ချင်းပြည်နယ်ရှိ အဆင့်မြင့် ပညာအဖွဲ့အစည်းများအနေဖြင့် အရင်းအမြစ်အသစ်များ လိုက်လံရှာဖွေရေးထက် လက်ရှိတွင် ရှိနှင့်ပြီးသော အရင်းအမြစ်များအား မည်သို့မည်ပုံ အကောင်းဆုံး အသုံးချနိုင်မည်ကို သိရှိနိုင်စေရန် ရည်ရွယ်ပါသည်။

    မြန်မာနိုင်ငံရှိ အများပြည်သူဆိုင်ရာ အဆင့်မြင့်ပညာရေး အဆောက်အအုံများ

    မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာကဏ္ဍသည် ဗဟိုချုပ်ကိုင်မှု အလွန်များပြားပြီး နိုင်ငံတော်မှ ထိန်းချုပ်ထားခြင်းကို ခံရသည်ဖြစ်သည်။ ဥရောပသမ္မဂ၏ ရန်ပုံငွေဖြင့်  ပြုလုပ်ခဲ့သော လေ့လာမှုတစ်ခု၏ CHINLONE ၂၀၁၈ အစီရင်ခံစာအရ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အဆင့်မြင့်ပညာ တက္ကသိုလ် ၁၇၄ ကျောင်းလုံးအား အစိုးရမှသာ ထိန်းချုပ်၍ စီမံခန့်ခွဲကြောင်းကို လေ့လာနိုင်ပါသည်။ CHINLONE ဆိုသည့်အမည်မှာ ‘Connecting Higher Education Institutions for a New Leadership in National Education’ ၏ အတိုကောက်ဖြစ်ပြီး မြန်မာမှုပြုပါက “နိုင်ငံတော်၏ ပညာရေးကဏ္ဍတွင် ဦးဆောင်မှုအသစ်ဖြစ်လာစေရန်အတွက် အဆင့်မြင့်ပညာအဖွဲ့အစည်းများအား ချိတ်ဆက်ခြင်း” ဟု အဓိပ္ပာယ်ရပါသည်။ “CHINLONE” ဆိုသည့် စကားလုံးသည် မြန်မာလို “ခြင်းလုံး” ဟု အသံထွက်ပြီး ၄င်းမှာ ပူးပေါင်းလုပ်ဆောင်မှုနှင့် အသင်းအဖွဲ့ဖြင့် လုပ်ဆောင်မှုကို အားပေးသည့် မြန်မာ့ရိုးရာ အားကစားတစ်ခု၏ အမည်လည်းဖြစ်ပါသည်။ ၄င်းစီမံကိန်းတွင် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန အပါအ၀င် အဆင့်မြင့်ကဏ္ဍအား စီမံခန့်ခွဲရာတွင် ပါ၀င်ပက်သတ်နေသော အခြားသော ၀န်ကြီးဌာန (၈) ခုမှလည်း ပါ၀င်ခဲ့ပါသည်။

    မြန်မာနိုင်ငံတွင်မူ ပုဂ္ဂလိကဏ္ဍအနေဖြင့် အမြတ်အစွန်းယူသည်ဖြစ်စေ၊ အမြတ်အစွန်းမယူသည်ဖြစ်စေ၊ ၄င်းပုဂ္ဂလိက ကဏ္ဍရှိ အဆင့်မြင့်ပညာအဖွဲ့အစည်းများအား နိုင်ငံတော်မှ တရား၀င်တက္ကသိုလ်များအနေဖြင့် အသိအမှတ်မပြုပါ။  မေလ၊ ၂၀၂၀ ခုနှစ်မှ စတင်ပြီး “Private HEIs Form” ဟု ခေါ်သည့် ပုဂ္ဂလိက အဆင့်မြင့်ပညာကျောင်းများ ဖြည့်စွက်ရသည့် လျှောက်လွှာများမှတစ်ဆင့် ပုဂ္ဂလိက အဆင့်မြင့်ပညာကျောင်းများအား မှတ်ပုံတင်ခြင်းကို စတင်ခွင့်ပြုခဲ့ပါသည်။ အစိုးရအနေဖြင့် ၄င်းပုဂ္ဂလိကကျောင်းများ၏ မှတ်ပုံတင်ခြင်းမှတစ်ဆင့် ထိုကျောင်းများအနေဖြင့် အသိအမှတ်ပြုမှုရယူနိုင်ရန် လမ်းကြောင်းတစ်သွယ် ဖြစ်လာလိမ့်မည်ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း မည်သည့် အဆင့်မြင့်ပညာကျောင်းများ၊ တက္ကသိုလ်များမှ အသိအမှတ်ပြုမှုမရခင် ထိုနှစ်အတွင်းမှာပင် ၄င်း မှတ်ပုံတင်ခြင်းလုပ်ငန်းစဥ်အား အစိုးရမှ ပြန်လည် ပိတ်သိမ်းခဲ့သည်။

    ချင်းပြည်နယ်တွင် အဆင့်မြင့်ပညာရေးအား လက်လှမ်းမှီနိုင်မှု

    နိုင်ငံနှင့်အ၀ှမ်းတွင် နိုင်ငံတော်၏ အဆင့်မြင့် တက္ကသိုလ်များ မည်သို့မည်ပုံ တည်ရှိနေကြောင်းကို လေ့လာကြည့်ကြပါစို့။ ၂၀၁၂ ခုနှစ်တွင်မူ မြန်မာနိုင်ငံအဝှမ်းတွင် အဆင့်မြင့် ပညာတက္ကသိုလ်ကျောင်းပေါင်း ၁၆၄ ကျောင်းရှိခဲ့ပါသည်၊ Myanmar Comprehensive Education Sector Review ၏ အစီရင်ခံစာအရ မန္တလေးတိုင်းတွင် အဆင့်မြင့်ပညာကျောင်းပေါင်း ၃၆ ကျောင်း၊ ရန်ကုန်တိုင်းတွင် ၃၃ ကျောင်း၊ စစ်ကိုင်းတိုင်းတွင် ၁၄ ကျောင်း အသီးသီးရှိခဲ့ကြသော်လည်း မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်များဖြစ်ကြသော ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်မူ အဆင့်မြင့်ပညာ တက္ကသိုလ်ကျောင်းများ ၃ ကျောင်းသာရှိသည်ကိုလည်း တွေ့ရပါသည်။

    Myanmar Comprehensive Education Sector Review ၏ အစီရင်ခံစာအရ ၏ အစီရင်ခံစာအရ​ ချင်းပြည်နယ်တွင်ရှိသော အဆင့်မြင့်ပညာတက္ကသိုလ် ကျောင်း၃ကျောင်းဖြစ်သည့် ကလေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ကလေး)၊ ကွန်ပျူတာ သိပ္ပံတက္ကသိုလ် (ကလေး)တို့သည့် စစ်ကိုင်းတိုင်း ကလေးမြို့တွင်သာ တည်ရှိကြသည်။ ကလေးမြို့သည် ချင်းပြည်နယ်၏ မြို့တော်ဖြစ်သော ဟားခါးမြို့မှ အနည်းဆုံး ၆ နာရီခန့် ကားဖြင့်သွားရသည့် အကွာအ၀ေးတွင် တည်ရှိပြီး ရာသီဥတုနှင့် လမ်းအခြေအနေများသည် မိုးရာသီတွင် အဆိုးဆုံး အခြေအနေများကို ရောက်ရှိနိုင်သောကြောင့် ဟားခါးမှ ကလေးသို့ ခရီးသွားလာရခြင်းသည် အလွန်ခက်ခဲနိုင်သည်။

    ပုံမှာ ဟားခါ-ကလေး လမ်းအား သြဂုတ်လ ၂၀၂၀ တွင် ရိုက်ကူးထားသည့် ပုံဖြစ်သည်။ (Image courtesy of Zing Peng, Studio TnC)

    ထို့ကြောင့် ၂၀၁၂ ခုနှစ်တွင် ချင်းပြည်နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့သည့် အများပြည်သူဆိုင်ရာ အဆင့်မြင့်ပညာတက္ကသိုလ်များ တစ်ခုမှ ရှိမနေပါဟု ပြောနိုင်ပါသည်။ ပထမဦးဆုံး အများပြည်သူဆိုင်ရာ တက္ကသိုလ်ဖြစ်သည့် ဟားခါးတက္ကသိုလ်အား ၂၀၁၆ ခုနှစ် ရောက်မှသာ ဟားခါးမြို့တွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။

    ၄င်းဖြစ်ရပ်သည် အဘယ်ကြောင့် ပြဿနာရှိနေပါသနည်း။ ချင်းမိသားစု တစ်စု အနေဖြင့် ကလေးမြို့သို့ သွားရန် ခရီးစရိတ်အား ၄င်းတို့ပိုင်ဆိုင်သည့် ၀က်တစ်ကောင် (သို့မဟုတ်) နှစ်ကောင်အား ရောင်းချမှသာလျှင် ရနိုင်သည်။ နေထိုင်ရန် ကုန်ကျစရိတ်မှာမူ ဒီထက်မက ပိုမိုများပြားနိုင်ပါသည်။ လူမှုအသိုင်းအ၀ိုင်းအတွင်း ချို့တဲ့နွမ်းပါး၍ အခွင့်အလမ်းရရှိနိုင်မှု နည်းပါးသော လူငယ်များအတွက်မူ နေရပ်မှ ၀ေးလံခေါင်ဖျား ခရီးသွားနိုင်မှသာ တက္ကသိုလ်မှ ဘွဲ့ရယူနိုင်မည်ဖြစ်သော်ကြောင့် လွန်စွာ ငွေကုန်ကြေးကျများသည့် ကိစ္စတစ်ခုဖြစ်နေပါသည်။ မြန်မာနိုင်ငံရှိ အခြားအရပ်ဒေသများတွင်လည်း အဆင့်မြင့်ပညာရေးကို လက်လှမ်းမှီရန်အတွက် အခက်အခဲတစ်ခုအနေဖြင့် တည်ရှိနေသော်လည်း ချင်းပြည်နယ်၏ ဝေးလံခေါင်ဖျားသည့် ပထဝီဝင် အနေအထားနှင့် ၄င်းဒေသတွင် အစိုးရမှ လုံလောက်သော အဆင့်မြင့် ပညာတက္ကသိုလ်များကို ပံ့ပိုးခြင်းမရှိနိုင်သည့်အတွက် ချင်းပြည်နယ်၏ အခြေအနေမှာ အခြားအရပ်ဒေသများထက် ပိုမိုသိသိသာသာ ဆိုးရွားပါသည်။

    ချင်းပြည်နယ်ရှိ အမြတ်အစွန်းမယူသည့် အဆင့်မြင့် ပညာတက္ကသိုလ်ကျောင်းများ

    ၂၀၂၁ ခုနှစ်တွင် ချင်းပြည်နယ်တွင် ဟားခါးတက္ကသိုလ်၊ ဟားခါး ပညာရေးကောလိပ်၊ အစိုးရနည်းပညာ တက္ကသိုလ်၊ ဟားခါး သားဖွားမီးယပ် သင်တန်းကျောင်း၊ ဖလမ်း သူနာပြု သင်တန်းကျောင်းနှင့် လွန်ပီး စိုက်ပျိုးရေး အထက်တန်းကျောင်း စသည်ဖြင့် အဆင့်မြင့်ပညာတက္ကသိုလ်ကျောင်းပေါင်း ၆ ကျောင်း ရှိလာခဲ့သည်။ သို့သော်လည်း ၄င်း ၆ ကျောင်းတွင် တစ်ကျောင်းတည်းကသာ တက္ကသိုလ်ဖြစ်ပါသည်။​

    ထို့ကြောင့် ယနေ့ထိတိုင်အောင် ချင်းပြည်နယ်တွင်ရှိသော သက်တမ်းအကြာမြင့်ဆုံးနှင့် တည်ထောင်မှုအားအကောင်းဆုံး အဆင့်မြင့်ပညာ အဖွဲ့အစည်းများ၊ ကျောင်းများမှာ ရပ်ရွာအခြေပြု အမြတ်အစွန်းမယူသည့် အဆင့်မြင့်ပညာကျောင်းများနှင့် အဖွဲ့အစည်းများသာ ဖြစ်ပါသည်။ လက်ရှိတွင် ချင်းပြည်နယ်တွင် နိုင်ငံတော်မှ ဖွင့်လှစ်ထားသော အများပြည်သူဆိုင်ရာ အဆင့်မြင့်ပညာ ကျောင်းပေါင်း ၆ကျောင်းနှင့် အမြတ်အစွန်းမယူသည့် ပုဂ္ဂလိက ကျောင်းပေါင်း ၁၃ ကျောင်းရှိပါသည်။​ ၄င်းတို့တွင် ချင်း ခရစ်ယာန် တက္ကသိုလ်၊ ချင်း ခရစ်ယာန် ဘာသာရေးကျောင်း၊ ဝီတိုရိယ အကယ်ဒမီနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးသည့် လူမှုပတ်ဝန်းကျင်အတွက် ချင်းလူမျိုးများ၏ ဆောင်ရွက်မှု (Chin Initiative for Sustainable Society) စသည့် ကျောင်းများ ပါ၀င်ပါသည်။ ထိုကျောင်းများအနက် မည်သည့်ကျောင်းကမှ အဆင့်မြင့်တက္ကသိုလ်ကျောင်းများအဖြစ် မြန်မာနိုင်ငံ ပညာရေး၀န်ကြီးဌာန လက်အောက်တွင် မှတ်ပုံတင်ထားခြင်းမရှိပါ။ မိမိအနေဖြင့် ၄င်းကျောင်းများကို ရေတွက်ရာတွင် တစ်ကျောင်း၊ နှစ်ကျောင်းခန့် ကျန်ရစ်ခဲ့နိုင်သောကြောင့် စုစုပေါင်း ကျောင်းများမှာ ၁၃ ကျောင်းထက် ပိုနိုင်ပါသည်။ ၄င်းကျောင်းများကို တရားဝင် မှတ်တမ်းတင်ထားသည့် စာရင်းမရှိပါ။

    ချင်းပြည်နယ်တွင် ရပ်ရွာပြည်သူလူထုမှ ဦးဆောင်၍ ပညာဖြန့်၀ေခြင်းလုပ်ငန်းစဥ်များသည် ၁၉၅၃ ခုနှစ်တွင် ဖလမ်းမြို့တွင် ပထမဦးဆုံး ခရစ်ယာန်သမ္မာကျမ်းစာကျောင်း စတင်တည်ထောင်စဥ်မှ အစပြုခဲ့ခြင်းဖြစ်ပါသည်​။ အမြတ်အစွန်းမယူသည့် အဆင့်မြင့်ပညာအဖွဲ့အစည်းများ၏ အဓိကရည်ရွယ်ချက်မှာ မြို့ကြီးပြကြီးများတွင် တက္ကသိုလ်ပညာကို သွားရောက်ဆည်းပူးရန် မတတ်နိုင်သည့် လူငယ်များအနေဖြင့် အဆင့်မြင့်ပညာကို လက်လှမ်းမှီစေရန်ဖြစ်ပါသည်။​ ချင်းလူမျိုးများအနေဖြင့် ဗမာလွှမ်းမိုးသည့် ပညာရေးစနစ်တွင် ချင်းလူမျိုးများ၏ ဖြစ်တည်မှု၊ ယဥ်ကျေးမှုနှင့် ချင်းလူမျိုးများ၏ သမိုင်းကြောင်းများကို ၄င်းရပ်ရွာအခြေပြု အဆင့်မြင့်ပညာရေးမှတစ်ဆင့် သင်ကြားနိုင်ကြပါသည်။​

    ဖလမ်းမြို့တွင် တည်ရှိသည့် Chin Christian Institute of Theology ချင်း ခရစ်ယာန် ဘာသာရေးကျောင်း၏ ဓာတ်ပုံဖြစ်ပါသည်။ (Image courtesy of Zing Peng, Studio TnC)

    ကိုယ်ထူကိုယ်ထ တည်ထောင်ထားရသည့် ကျောင်းများဖြစ်သောကြောင့် ၄င်းအဆင့််မြင့်ပညာကျောင်းများအနေဖြင့် ငွေကြေးအခက်အခဲကို မကြာခဏကြုံတွေ့ကြရပါသည်။ ထို့ကြောင့်မို့ ၄င်းကျောင်းများအနေဖြင့် ကျောင်း၏ ရုပ်ပိုင်းဆိုင်ရာ၊ အဆောက်အအုံပိုင်းဆိုင်ရာ အခက်အခဲများနှင့် အရင်းအမြစ်ရှားပါးမှု စိန်ခေါ်မှုများအကြား ရုန်းကန်ရမှုများရှိကြပါသည်။​ ၄င်း အဆင့်မြင့်ပညာကျောင်းများအနေဖြင့် ရင်ဆိုင်ရသော အခက်အခဲများတွင် အရည်အသွေးပြည့်၀သော ဆရာ၊ ဆရာမများ ရှားပါးခြင်း၊ အရင်းအမြစ်များကို စီမံခန့်ခွဲနိုင်မှု အားနည်းခြင်းနှင့် ကျောင်းသူ၊ ကျောင်းသားများ၏ တတ်မြောက်မှုနှင့် တိုးတက်မှုကို စစ်ဆေးရာတွင် လုံလောက်မှုမရှိနိုင်ခြင်းစသည့် စိန်ခေါ်မှုများ ပါ၀င်ပါသည်။ ၄င်းကျောင်းများမှ ကျောင်းသူ၊​ကျောင်းသားများအနေဖြင့် မြန်မာအစိုးရမှ တရား၀င်အသိအမှတ်ပြုသည့် ဘွဲ့များရယူနိုင်ရန်အတွက်လည်း အ၀ေးသင်တက္ကသိုလ်များကို တက်ရောက်ကြရသည်။ ထို့ကြောင့် ရပ်ရွာအခြေပြု အဆင့်မြင့်ပညာကျောင်းများအနေဖြင့် နိုင်ငံတော်မှ ဖွင့်လှစ်သော တက္ကသိုလ်များ၏ အချိန်ဇယားများပေါ် မူတည်၍လည်း ကျောင်းချိန်များကို ညှိနှိုင်းသတ်မှတ်ရသည်။

    အမြတ်အစွန်းမယူသည့် အဆင့်မြင့်ပညာကျောင်းများ၏ အခြားသော စိန်ခေါ်မှုတစ်ခုမှာ မည်သည့်ဘာသာစကားဖြင့် သင်ကြားမည်ကို ဆုံးဖြတ်ရခြင်းဖြစ်သည်။ ဒေသခံ အဆင့်မြင့်ပညာကျောင်းများအနေဖြင့် ဘာသာစကားပြဿနာသည် မရှိသလောက် နည်းပါးမည်ဟု တွေးနိုင်သော်လည်း ချင်းပြည်နယ်တစ်ခုတည်းတွင်ပင် ဘာသာစကားမျိုးကွဲပေါင်း ၅၀ ခန့်ရှိပါသည်။ ထို့ကြောင့် ချင်းပြည်နယ်ရှိ အဆင့်မြင့်ပညာအဖွဲ့အစည်းများအနေဖြင့် ဘာသာစကားအရ လွန်စွာကွဲပြားမှုများသည့် စာသင်ခန်းများကို ကြုံတွေ့ရပါသည်။ ချင်းလူမျိုးအများစု၏ ဒုတိယ (သို့မဟုတ်) တတိယ ဘာသာစကားဖြစ်သည့် ဗမာစကားဖြင့်လည်း စာသင်ခန်းများတွင် ရံဖန်ရံခါ ထည့်သွင်းပြောဆို၊ သင်ကြားလေ့ရှိပါသည်။

    ထိုသို့ အခက်အခဲ၊ စိန်ခေါ်မှုများ ရှိသော်ငြားလည်း ရပ်ရွာအခြေပြု အဆင့်မြင့်ပညာကျောင်းများ၏ အားသာချက်များမှာ ၄င်းစိန်ခေါ်မှုများထက် သာလွန်ကြောင်းနှင့် များပြားကြောင်း တွေ့ရှိရပါသည်။​ ကျောင်းသူ၊ကျောင်းသားတစ်ဦးအနေဖြင့် နိုင်ငံတော်မှ ပံ့ပိုးသည့် အများပြည်သူဆိုင်ရာ တက္ကသိုလ်များတွင် ရရှိနိုင်သော အရည်အသွေးထက် ပိုမိုကောင်းမွန်သော အရည်အသွေးကို ရပ်ရွာအခြေပြု ကျောင်းများမှ ရရှိနိုင်ပါသည်။ စာသင်ကြားသည့် နည်းစနစ်နှင့် သင်ရိုးညွှန်းတမ်းများအားဖြင့်လည်း ကွဲပြားခြားနားမှုများရှိကြပါသည်။ ဥပမာအနေဖြင့် ပုဂ္ဂလိက ရပ်ရွာအခြေပြု အဆင့်မြင့်ပညာကျောင်းများသည် နိုင်ငံတော်မှ ပံ့ပိုးသည့် အများပြည်သူဆိုင်ရာ ကျောင်းများနှင့် နှိုင်းယှဥ်ပါက လူအများပါ၀င်နိုင်ခြင်းကို အားပေးသည့် participatory teaching methods ကို ပိုမို အသုံးပြုခြင်းကြောင့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ၄င်း ပုဂ္ဂလိက ရပ်ရွာအခြေပြု အဆင့်မြင့်ပညာကျောင်းများတွင် ပညာသင်ကြားခြင်းက ပိုမိုထိရောက်နိုင်ပါသည်။

    ၄င်းကဲ့သို့ အားသာချက်များ၏ အရင်းအမြစ်အား လိုက်လံရှာဖွေကြည့်လျှင် ထို ပုဂ္ဂလိက အဆင့်မြင့်ပညာကျောင်းများသည် နိုင်ငံတော်မှ ပံ့ပိုးသည့် အများပြည်သူနှင့်ဆိုင်သည့် တက္ကသိုလ်များကဲ့သို့ မဟုတ်ပဲ အဖွဲ့အစည်းဆိုင်ရာအုပ်ချုပ်မှုတွင် မိမိတို့ကိုယ်တိုင် ပြဌာန်းပိုင်ခွင့်ရှိခြင်းကြောင့် ဖြစ်ပါသည်။ မိမိ၏ ယခု သုတေသနလေ့လာချက်မှာလည်း အဖွဲ့အစည်းဆိုင်ရာအုပ်ချုပ်မှုတွင် မိမိတို့ကိုယ်တိုင် ပြဌာန်းပိုင်ခွင့်ရှိခြင်းသည် အဘယ်ကြောင့် အရေးကြီးသနည်းနှင့် ၄င်းပုဂ္ဂလိက အဆင့်မြင့်ပညာကျောင်းများအနေဖြင့် ထို အခြေအနေအား မည်သို့မည်ပုံ ပိုကောင်းသည့် အခွင့်အရေးအဖြစ် ရယူအသုံးချနိုင်မည်ကို ဆွေးနွေးရန်ဖြစ်ပါသည်။

    အဖွဲ့အစည်းဆိုင်ရာအုပ်ချုပ်မှုတွင် မိမိတို့ကိုယ်တိုင် ပြဌာန်းပိုင်ခွင့်ရှိခြင်း၏ အရေးပါမှု

    အဆင့်မြင့်ပညာကျောင်းများနှင့် တက္ကသိုလ်များအား မိမိတို့ကိုယ်တိုင် ပြဌာန်းပိုင်ခွင့်ရှိခြင်းဆိုသည်မှာ အဘယ်နည်း။ CHINLONE မှ ၂၀၁၈ ခုနှစ်တွင် ထုတ်၀ေခဲ့သည့် အစီရင်ခံစာအရ အဆင့်မြင့်ပညာကျောင်းများနှင့် တက္ကသိုလ်များအား မိမိတို့ကိုယ်တိုင် ပြဌာန်းပိုင်ခွင့်ရှိခြင်းနှင့် ပက်သတ်၍ နိုင်ငံတစ်ကာမှ သတ်မှတ်လက်ခံထားသည့် ကဏ္ဍလေးရပ်ပါ၀င်ပြီး ၄င်းတို့မှာ အဖွဲ့အစည်းဆိုင်ရာ(organizational)၊ ပညာရပ်ပိုင်းဆိုင်ရာ(academic)၊ ၀န်ထမ်းခန့်အပ်မှုပိုင်းဆိုင်ရာ(staffing) နှင့် ငွေကြေးပိုင်းဆိုင်ရာ (financial) တို့ ဖြစ်ကြပါသည်။ ၄င်းကဏ္ဍများကို ကောင်းစွာသဘောပေါက်ရန်အတွက် CHINLONE အစီရင်ခံစာ မှ ရှင်းပြထားသည့် ရှင်းလင်းချက်များကို မိမိအနေဖြင့် အောက်ပါစာပိုဒ်များတွင် ဖော်ပြသွားမည်ဖြစ်ပါသည်။

    အဖွဲ့အစည်းပိုင်ဆိုင်ရာ မိမိတို့ကိုယ်ပိုင် ပြဌာန်းခွင့်ဆိုသည်မှာ အဆင့်မြင့်ပညာကျောင်း၊ တက္ကသိုလ်တစ်ခုခုအနေဖြင့် ၄င်းတို့၏ အဖွဲ့အစည်းနှင့် ဆုံးဖြတ်ချက်ချရေးကိစ္စရပ်များတွင် မိမိတို့ကိုယ်တိုင် စွမ်းဆောင်ရည်ရှိခြင်းကို ဆိုလိုပါသည်။ ၄င်းဖွင့်ဆိုချက်တွင် ထို အဆင့်မြင့်ပညာကျောင်း (သို့မဟုတ်) တက္ကသိုလ်စသည့် အဖွဲ့အစည်းအတွက် ဦးဆောင်သူများအား မဲပေးရွေးချယ်ခြင်းနှင့် ၄င်းအဆင့်မြင့်ပညာကျောင်း (သို့မဟုတ်) တက္ကသိုလ်၏ ပညာရပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံကို ပြုပြင်ပြောင်းလဲခြင်းများ ပြုလုပ်လိုပါက မိမိတို့ကိုယ်ပိုင် သဘောဆန္ဒနှင့် ပြုလုပ်နိုင်ခြင်းဖြစ်သည်။

    ပညာရပ်ပိုင်းဆိုင်ရာ မိမိတို့ကိုယ်ပိုင် ပြဌာန်းခွင့်ဆိုသည်မှာ  ၄င်း အဆင့်မြင့်ပညာကျောင်း (သို့မဟုတ်) တက္ကသိုလ်စသည့် အဖွဲ့အစည်းအနေဖြင့် ၄င်းတို့၏ ပညာရပ်ပိုင်းဆိုင်ရာ အရေးကိစ္စများကို လွတ်လပ်စွာစီမံခန့်ခွဲနိုင်ခွင့်ရှိခြင်းကို ဆိုလိုပါသည်။  ၄င်းပညာရပ်ပိုင်းဆိုင်ရာ အရေးကိစ္စများတွင် အကယ်ဒမစ် ပရိုဂရမ်များနှင့် သင်ရိုးများအား ဆုံးဖြတ်ခြင်း၊ ကျောင်းသားများ ရွေးချယ်ခြင်းနှင့် အရည်အသွေး အကဲဖြတ်စံနှုန်းများ သတ်မှတ်ခြင်း၊ ၀င်ခွင့်လက်ခံသည့် ကျောင်းသားဦးရေး သတ်မှတ်ခြင်း၊​ သင်ရိုးများရေးဆွဲပြဌာန်းခြင်းနှင့် စာသင်ကြားသည့် နည်းစနစ်များ စသည်တို့ ပါ၀င်ပါသည်။ 

    ၀န်ထမ်းရွေးချယ်ခန့်အပ်ရာတွင် မိမိတို့ကိုယ်ပိုင် ပြဌာန်းခွင့်ရှိခြင်းသည် ၄င်း အဆင့်မြင့်ပညာကျောင်း (သို့မဟုတ်) တက္ကသိုလ်စသည့် အဖွဲ့အစည်းအနေဖြင့် မိမိတို့လိုအပ်သည့် လူသားအရင်းအမြစ်ကို မိမိတို့ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ခန့်အပ်နိုင်ခြင်းကို စွမ်းဆောင်နိုင်စေပါသည်။ ဥပမာအနေဖြင့် အဖွဲ့အစည်းဆိုင်ရာ လွတ်လပ်မှုရှိသည့် အဆင့်မြင့်ပညာတက္ကသိုလ်တစ်ခုအနေဖြင့် အင်္ဂလန်နိုင်ငံမှ အင်္ဂလိပ်လူမျိုး နိုင်ငံခြားသားတစ်ဦးအားလည်း ဗီဇာကိစ္စများအား ထည့်တွက်စဥ်းစားစရာမလိုပဲ ၀န်ထမ်းအဖြစ် ခန့်အပ်နိုင်ခြင်းမျိုး ဖြစ်ပါသည်။​ သို့မဟုတ် စျေးကွက်ရှာဖွေရေး ဘာသာရပ်ကို သင်ကြားရပ်အတွက် ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးအား လာရောက် စာသင်ကြားရန် ဖိတ်ခေါ်ခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။ ၄င်းကဲ့သို့ ဆရာ၊ ဆရာမများ ခေါ်ယူခန့်အပ်ခြင်းအတွက် ပညာရေး၀န်ကြီးဌာန၏ သဘောတူထောက်ခံချက် တောင်းခံရန် မလိုအပ်ခြင်းဖြစ်ပါသည်။

    ဘဏ္ဍာရေးဆိုင်ရာ လွတ်လပ်ခွင့်ရှိခြင်းဆိုသည်မှာ အမြတ်အစွန်းမယူသည့် အဆင့်မြင့်ပညာ ကျောင်း(သို့မဟုတ်)​ တက္ကသိုလ်များအနေဖြင့် ၄င်းတို့၏ ရန်ပုံငွေများနှင့် ဘဏ္ဍာရေးကိစ္စရပ်များကို စီမံခန့်ခွဲရာတွင် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်ခွင့်ရှိခြင်း ဖြစ်ပါသည်။  သို့သော်ငြားလည်း ဘဏ္ဍာရေးဆိုင်ရာ လွတ်လပ်ခွင့်ရှိခြင်းသည် အဆင့်မြင့်ပညာကျောင်း (သို့မဟုတ်) တက္ကသိုလ်များအနေဖြင့် ပုံမှန်တည်ငြိမ်မှုရှိသည့် ၀င်ငွေမရရှိနိုင်ပါက ၄င်းတို့ ကိုယ်တိုင်ရန်ပုံငွေရှာရန် ကြိုးစားရခြင်းကြောင့် တာ၀န်၀တ္တရားများ ပိုမိုများပြားလာနိုင်စေခြင်းနှင့်လည်း ကြုံတွေ့ရနိုင်ပါသည်။

    အထက်တွင် ဖော်ပြခဲ့သည့် ကဏ္ဍလေးရပ်မှာ ပုဂ္ဂလိက အဆင့်မြင့်ပညာကျောင်း (သို့မဟုတ်) တက္ကသိုလ်များအနေဖြင့် နိုင်ငံတော်မှ ပံ့ပိုးသော တက္ကသိုလ်များကဲ့သို့ တရား၀င် ဘွဲ့အပ်နှင်းပိုင်ခွင့်မရှိသော်ငြားလည်း ၄င်း အများပြည်သူဆိုင်ရာ တက္ကသိုလ်များနှင့် နှိုင်းယှဥ်ပါက အထက်တွင်ဖော်ပြခဲ့သည့် ကဏ္ဍလေးရပ်တွင် အဖွဲ့အစည်းဆိုင်ရာ အုပ်ချုပ်မှုတွင် မိမိတို့ကိုယ်ပိုင် ပြဌာန်းခွင့်ဆိုသည့် လွတ်လပ်ခွင့်ရှိသည်။ သို့သော်လည်း ၄င်းလွတ်လပ်ခွင့်များသည် ၂၀၂၁ ဖေဖော်ဝါရီ တစ်ရက်နေ့မတိုင်ခင်အထိသာ ရရှိနေခဲ့ခြင်းဖြစ်ပြီး စစ်အာဏာသိမ်းမှုကြောင့် ၄င်းတို့၏ “အဖွဲ့အစည်းဆိုင်ရာ အုပ်ချုပ်မှုတွင် မိမိတို့ကိုယ်ပိုင် ပြဌာန်းခွင့်” ဆိုသည့် အချက်အပေါ် မည်သို့မည်ပုံ သက်ရောက်မည်နည်းဆိုသည်မှာ ယခုထိတိုင် သေချာရေရာမှု မရှိသေးပါ။

    အမြတ်အစွန်းမယူသော အဆင့်မြင့်ပညာကျောင်း (သို့မဟုတ်) တက္ကသိုလ်များအနေဖြင့် ၄င်းတို့၏ လုပ်ငန်းများကို ရေရှည်တည်တံ့စေရန် မည်ကဲ့သို့ ထိန်းသိမ်းနိုင်မည်နည်း။

    ယခုနှစ်နှောင်းပိုင်းတွင် ပုံနှိပ်ထုတ်၀ေမည့် မိမိ၏ သုတေသနတွင် အမြတ်အစွန်းမယူသည့် အဆင့်မြင့်ပညာ ကျောင်း (သို့မဟုတ်)​ တက္ကသိုလ်များအနေဖြင့် ၄င်းတို့၏ အဖွဲ့အစည်းဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသုံးပြု၍ ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းများရရှိနိုင်ရန် မည်သို့မည်ပုံ ဆောင်ရွက်နိုင်မည်ကို မိမိအနေဖြင့် ဆွေးနွေးငြင်းခုံထားပါသည်။ ၄င်းကဲ့သို့ လုပ်ဆောင်ခြင်းသည် အဆင့်မြင့်ပညာကျောင်း (သို့မဟုတ်) တက္ကသိုလ်များ၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်ရုံမျှမက ၄င်းတို့အား ရန်ပုံငွေထောက်ပံ့နေသော အဖွဲ့အစည်းများအနေဖြင့်လည်း ၄င်းတို့၏ အများနှင့်မတူ၊ ထူးခြားသည့် အခန်းကဏ္ဍနှင့် စွမ်းဆောင်ရည်များကိုလည်း ပိုမိုသတိထားမိလာစေရန် ကူညီနိုင်ပါလိမ့်မည်။ သို့ပါသော်ကြောင့် ၄င်းအဆင့်မြင့်ပညာကျောင်း (သို့မဟုတ်) တက္ကသိုလ်များ၏ ရေရှည်တည်တံ့နိုင်မှုအတွက်လည်း အကျိုးပြုနိုင်ပါလိမ့်မည်။ ထိုကဲ့သို့ ဖြစ်လာစေရန် မည်သို့လုပ်ဆောင်ရမည်နည်း။ 

    ယခုဆောင်းပါးသည် သုတေသန အစီရင်ခံစာ အပြည့်အစုံမဟုတ်သည့်အတွက် မိမိအနေဖြင့် အမြတ်အစွန်းမယူသည့် ပုဂ္ဂလိက အဆင့်မြင့်ပညာကျောင်း (သို့မဟုတ်) တက္ကသိုလ်များအနေဖြင့် မဖြစ်မနေလုပ်ရမည့်၊ လုပ်ဆောင်နိုင်မည့် အခန်းကဏ္ဍတို့ကိုသာ ဆွေးနွေးချင်ပါသည်။ မိမိအနေဖြင့် အထူးအကြံပြုလိုသည်မှာ အမြတ်အစွန်းမယူသည့် အဆင့်မြင့်ပညာကျောင်း (သို့မဟုတ်) တက္ကသိုလ်များအနေဖြင့် ပြည်တွင်း၊ပြည်ပရှိ တက္ကသိုလ်ရပ်၀န်းများနှင့် ကွန်ယက်ချိတ်ဆက်ထားမှုကို တိုးမြှင့်ပြီး ၄င်းတို့နှင့် ပူးပေါင်းချိတ်ဆက်မှု တိုးမြှင့်ရန်ဖြစ်ပါသည်။

    အထက်တွင် ဖော်ပြခဲ့သည့် ချင်းပြည်နယ်ရှိ အမြတ်အစွန်းမယူသည့် အဆင့်မြင့်ပညာ ကျောင်းများ၊ တက္ကသိုလ်များအနေဖြင့် ပြည်တွင်း၊ ပြည်ပရှိ တက္ကသိုလ် အဝန်းအ၀ိုင်းနှင့် ကွန်ယက်ချိတ်ဆက်ထားမှုများ ရှိနှင့်ပြီးသားပါသည်။ ၄င်းကဲ့သို့ နိုင်ငံတစ်ကာ ချိတ်ဆက်ထားမှုများရှိသည့်အတွက် ကျောင်းသူ၊ ကျောင်းသားများနှင့် ၀န်ထမ်းများအနေဖြင့် ၄င်းတို့၏ နိုင်ငံရပ်ခြားရှိ မိတ်ဖက်တက္ကသိုလ်များတွင် ပညာဆည်းပူးနိုင်ခွင့်နှင့် လေ့လာရေးခရီးစဥ်များတွင် ပါ၀င်နိုင်ခွင့်စသည့် အခွင့်အလမ်းများကို ရရှိနိုင်ပါသည်။​ အံ့သြစရာကောင်းသည်မှာ ၄င်းအမြတ်အစွန်းမယူသည့် အဆင့်မြင့်ပညာ ကျောင်းများနှင့် တက္ကသိုလ်များသည် ၄င်းတို့အချင်းချင်းကြား ကွန်ယက်ချိတ်ဆက်မှုထက် ပြင်ပတွင်ရှိသော တက္ကသိုလ်များနှင့် ကွန်ယက်ချိတ်ဆက်မှုက ပိုမိုများပြားနေသည့် အချက်ပင်ဖြစ်ပါသည်။ နိုင်ငံတစ်ကာနှင့် ချိတ်ဆက်မှုသည် အရေးကြီးသည်ဟု ဆိုသော်ငြားလည်း ပြည်တွင်းရှိ တက္ကသိုလ်အချင်းချင်း ချိတ်ဆက်ထားမှုကြောင့်လည်း ထိုအမြတ်အစွန်းမယူသည့် အဆင့်မြင့်ပညာကျောင်းများ (သို့မဟုတ်) တက္ကသိုလ်များအနေဖြင့် အချင်းချင်း ကူညီမှုများပေးပြီး အတူတစ်ကွ တိုးတက်မှုကို ဖော်ဆောင်နိုင်ခြင်းကြောင့် ပြည်တွင်းရှိ တက္ကသိုလ်များ အချင်းချင်း ချိတ်ဆက်ထားမှု၏ အရေးပါမှုကိုလည်း လျစ်လျူမရှုသင့်ပါ။​ အမှန်စင်စစ်တွင်မူ ချင်းပြည်နယ်ရှိ ပညာရေးကဏ္ဍကို ဦးဆောင်နေသူများနှင့် အင်တာဗျူးလုပ်ကြည့်သည့်အခါတွင် ၄င်းတို့အနေဖြင့် ပြည်တွင်းရှိ တက္ကသိုလ်များ အချင်းချင်း မိတ်ဖက်အနေဖြင့် ချိတ်ဆက်ထားရန် လိုအပ်သည့် အချက်ကို ဆွေးနွေးခဲ့သော်လည်း ၄င်းကိစ္စကို အကောင်အထည်ဖော်ရန် မည်သူတစ်ဦးတစ်ယောက်ကမှ စတင်ခြင်းမရှိသေးသည်ကိုလည်း တွေ့ရှိရပါသည်။ ကျောင်းအုပ်တစ်ယောက်ကမူ “ကျွန်တော်တို့ ချင်းလူမျိုး ခေါင်းဆောင်တွေဟာ အမြဲကိုပဲ တစ်ခြားလူတွေ၊ တတိယပါတီတွေက ၀င်လာပြီးမှ ဒီလိုကိစ္စတွေကို လာလုပ်ပေးတာမျိုးကို စောင့်တတ်ကြတယ်၊ ဒါဟာ ကျွန်တော်တို့ရဲ့ အားနည်းချက်ပဲ” ဟု မှတ်ချက်ပေး ဖြေဆိုခဲ့ပါသည်။

    တစ်နိုင်ငံလုံးရှိ အဆင့်မြင့်ပညာ အဖွဲ့အစည်းများ အထူးသဖြင့် ချင်းပြည်နယ်အတွင်းရှိ အဆင့်မြင့်ပညာကဏ္ဍရှိ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ထားခြင်းသည် အောက်ပါအချက်များအရ ၄င်း အမြတ်အစွန်းမယူသည့် အဆင့်မြင့်ပညာကျောင်းများ (သို့မဟုတ်) တက္ကသိုလ်များ၏ ရေရှည်တည်တံ့မှုအတွက် မဖြစ်မနေ အရေးကြီးသည်ဟု မိမိအနေဖြင့် ထင်မြင်ယူဆမိပါသည်။ ပထမဦးဆုံးအချက်မှာ အမြတ်အစွန်းမယူသည့် အဆင့်မြင့်ပညာကဏ္ဍအနေဖြင့် ခိုင်မာစွာ ချိတ်ဆက်ထားမှုများရှိခြင်းကြောင့် နိုင်ငံတော်၏ အဆင့်မြင့်ပညာကဏ္ဍဆိုင်ရာ မူဝါဒအား ပိုမိုအားကောင်းလာစေရန် လွှမ်းမိုးမှုများ ပြုလုပ်နိုင်ပါသည်။ ၄င်းကဲ့သို့ ပြုလုပ်နိုင်ပါက အမြတ်အစွန်းမယူသည့် အဆင့်မြင့်ပညာကဏ္ဍရှိ ကျောင်းများနှင့် တက္ကသိုလ်များ အနေဖြင့် ရေရှည်တွင် တရား၀င်မှု ရယူနိုင်ရေးနှင့် အသိအမှတ်ပြုမှု ရရှိနိုင်ရေးအတွက်လည်း အထောက်အကူရနိုင်သဖြင့် ကျောင်းသူ၊ကျောင်းသားများအနေဖြင့် တက္ကသိုလ်နှစ်ခုကို ပြိုင်တူတက်နေရခြင်းမျိုး မဖြစ်လာနိုင်ရန်လည်း အကူအညီပေးနိုင်သည်။ ဒုတိယအချက်အနေဖြင့်မူ ကွန်ယက်ချိတ်ဆက်ဆောင်ရွက်မှုကြောင့် အရင်းအမြစ်များ မျှ၀ေသုံးစွဲနိုင်သည့်အတွက်လည်း အဆင့်မြင့်ပညာကဏ္ဍ၏ အရည်အသွေး တိုးတက်လာစေရန် အထောက်အကူများစွာဖြစ်စေနိုင်ပါသည်။ နောက်ဆုံး အရေးကြီးသည့် အချက်မှာမူ ကွန်ယက်ချိတ်ဆက်ဆောင်ရွက်ခြင်းကြောင့် အဆင့်မြင့်ပညာကဏ္ဍအတွင်းရှိ ကျောင်းများ၊ တက္ကသိုလ်များအနေဖြင့် အပြန်အလှန်လေ့လာနိုင်ခြင်းကြောင့် ၄င်း အဖွဲ့အစည်းများအသီးသီး တိုးတက်လာနိုင်ရန်အတွက် အထောက်အကူပြုနိုင်ပါသည်။ အခြားသူများနှင့် အတူတစ်ကွ ပူးပေါင်းဆောင်ရွက်ခြင်းမှသည်သာ မိမိတို့ကိုယ်တိုင်အတွက်လည်း ကောင်းကျိုးများကို ဖန်တီးယူနိုင်ပါမည်ဖြစ်ပါသည်။

    Nitha Bor Siangpum သည် နော်၀ေးနိုင်ငံရှိ University of Agderမှ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးနှင့် အစီအစဥ်များ ချမှတ်ခြင်း (Global Development and Planning) ဘာသာရပ်ဖြင့် ၂၀၁၇ တွင် မဟာဘွဲ့ရရှိထားသူတစ်ဦးဖြစ်ပါသည်။ သူမသည် နော်၀ေးနှင့် မြန်မာနိုင်ငံတွင် တစ်လှည့်စီနေထိုင်နေသည့် သုတေသီ၊ သုတေသန အကြံပေးတစ်ဦးဖြစ်ပါသည်။ ယခု သုတေသန အစီရင်ခံစာသည် သူမအနေဖြင့် ပြည်တွင်းသုတေသန အဖွဲ့အစည်းတစ်ခုအတွက် လုပ်ဆောင်ခဲ့သော သုတေသန စီမံကိန်းမှ ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။

    ယခုပို့စ်အား Tea Circle ၏ ဘာသာပြန်အဖွဲ့မှ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုထားခြင်း ဖြစ်ပါသည်။