4 Minutes To Read

အမှန်တကယ် ရေရှည်အလုပ်ဖြစ်မည့် နည်းလမ်းအဖြေများကို ဖော်ဆောင်ရာတွင် ဒုက္ခသည်များ၏ အသံကို နားထောင်ခြင်း။  ။နေရပ်ပြန်ရေး စဥ်းစားနေသော ကရင်ဒုက္ခသည်များ

4 Minutes To Read
  • English
  • ဒုက္ခသည်များအတွက် ကူညီဖြေရှင်းမည့် နည်းလမ်းများသည် အဘယ်ကြောင့် ဒုက္ခသည်များ ၏ အသံကို အလေးထားတာဝန်ခံမှုရှိသော နည်းလမ်းများဖြစ်သင့်သည်ကို Aryuwat Raruen မှ ရှင်းပြထားပါသည်။

    မူရင်းပို့စ်အား ၈ ရက် စက်တင်ဘာလ ၂၀၂၁ ခုနှစ်တွင် ထုတ်‌ဝေခဲ့ပြီး အင်္ဂလိပ်ဘာသာဖြင့် ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

    Aryuwat Raruen ကိုယ်တိုင်ရိုက်ကူးထားသော ထိုင်း-မြန်မာ နယ်စပ် ပြောင်းဒုက္ခသည် စခန်းတခု

    မြန်မာအစိုးရ အဆက်ဆက်သည် ပြည်နယ်အသီးသီးနှင့် ပြည်နယ်သားများအပေါ် လွှမ်းမိုးချုပ်ကိုင်ခြင်းဖြင့် ၎င်းတို့အာဏာတည်မြဲရန် ကြိုးစားခဲ့ကြသည်။ ၎င်းတို့၏ ကြိုးစားမှုများသည် ဗမာ့ တပ်မတော်နှင့် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ကဲ့သို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းများအကြား ပဋိပက္ခများသာ အမြစ်တွယ်၊  ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ အကျိုးဆက်အားဖြင့် လက်နက်ကိုင်အဖွဲ့စည်း အဖွဲ့၀င်များနှင့် စစ်ရှောင် ဒုက္ခသည်များသည် ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။ ၁၉၈၀ နှင့် ၁၉၉၀ နှောင်းပိုင်း နှစ်များတွင် ထိုင်းနှင့် မြန်မာ နယ်စပ်တလျှောက်တွင် ဒုက္ခသည်စခန်း ၄၀ ကျော် ရှိခဲ့သည် (Kasetsisi 2001; Trichote 2004; Vaddhanaphuti and Sitthikriengkrai 2016) ။  အစပိုင်းတွင် ထိုင်း အာဏာပိုင်များသည် ဒုက္ခသည်များအား လူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာ ပံ့ပိုးမှုများ၊ ယာယီ ခိုလှုံခွင့်များပေးခဲ့သည်။ သို့သော် ၁၉၉၀ နှောင်းပိုင်းကာလများတွင် ယာယီ ဒုက္ခသည်စခန်းများကို ဗမာ့ တပ်မတော်မှ  မကြာခဏ တိုက်ခိုက်သည့်အတွက် ထိုင်းအာဏာပိုင်များက ၎င်းတို့ စီမံရ လွယ်ကူစေရန် ဒုက္ခသည်များကို ဒုက္ခသည်စခန်းကြီးများထဲသို့ ရောနှော စုပေါင်းထားခဲ့သည်။ ယခုဆိုလျှင် ထိုင်းနယ်စပ် ခရိုင်လေးခု ဖြစ်သည့် တတ်၊ မယ်ဟောင်ဆောင်၊ ကဥ္စနပုရီ၊ ရာဇပုရီ တို့ရှိ ဒုက္ခသည်စခန်း ကိုးခုသာလျှင် အကူညီများ ရရှိတော့သည်။ လက်ရှိတွင် ထိုင်း-မြန်မာ နယ်စပ်တွင် ဒုက္ခသည်‌ပေါင်း ကိုး‌ထောင်ကျော် ရှိပြီး အများစုမှာ ကရင် ဒုက္ခသည်များ ဖြစ်ကြသည်။ အများစုမှာ ဒုက္ခသည်အဖြစ် ခိုလှုံ နေရသည်မှာ ဆယ်စုနှစ် သုံးခုစာ ရှိပြီ ဖြစ်သည်။

    ဒုက္ခသည်များအပေါ် ကမ္ဘာ၏ အာရုံစိုက်အလေးထားမှုသည် ၂၀၁၁ ခုနှစ်မှစ၍ လျော့ပါး ပျောက်ကွယ် လာပြီး ဒုက္ခသည်များ၏ အနာဂတ်မှာလည်း မသေချာမရေရာ ဖြစ်လာသည်။ ‌ထိုင်း-မြန်မာ နယ်စပ်ရှိ အိုးအိမ် စွန့်ခွါတိမ်းရှောင်ရသူ ဒုက္ခသည်များအတွက် လုံခြုံစိတ်ချရသည့်၊ လက်တွေ့ အလုပ်ဖြစ်နိုင်မည့်  နည်းလမ်း အဖြေ များ ပေးရန်ဆိုလျှင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့စည်းများအနေဖြင့် ဒုက္ခသည်များ၏ အသံနှင့် အမြင်များကို ထည့်သွင်းစဥ်းစားရမည် ဖြစ်ပါသည်။ စာရေးသူ ကိုယ်တိုင်သည် ထိုင်း-မြန်မာ နယ်စပ် တွင် ကြီးပြင်းလာသည့် ကရင်တယောက်ဖြစ်သည့်အလျောက် ဒုက္ခသည်အရေးကိစ္စသည် စာရေးသူအတွက် ရင်ဘတ်ချင်းနီးစပ်သည့် အလွန်အရေးကြီးကိစ္စ တခုဖြစ်ပါသည်။ ကျွန်တော်သည် တတ်ခရိုင် မဲဆောက်မြို့ တွင် အခြေ စိုက်သည့် Partners Relief and Development Foundation နှင့်အတူ၊ ဒုက္ခသည်များနှင့်အတူ အလုပ် လုပ် နေသည် မှာ သုံးနှစ်မျှရှိပြီ ဖြစ်ပါသည်။

    မဲဆောက်ရှိ ဒုက္ခသည်များသည် ကျွန်တော်တို့နှင့်ရင်းနှီးကြပြီး သူတို့နှင့်ပြောဆိုဆက်ဆံရသည်မှာ ကျွန်တော့် နေ့စဥ်ဘ၀၏ တစိတ်တပိုင်းဖြစ်လို့နေသည်။ ကျွန်တော့် ဇာတိမြေသို့ ကားစီးပြန်သည့် အခါများတွင် ကရင် ဒုက္ခသည်များနှင့် တွေ့ဆုံသည်။ သူတို့နှင့်စကားပြောရသည်ကို ကျွန်တော်နှစ်ခြိုက်သည်။ သို့ဖြစ်၍လည်း ကရင်ဒုက္ခသည် အများစုနှင့် ကျွန်တော် ရင်းနှီးလာခြင်း ဖြစ်သည်။ ဒုက္ခသည်သူငယ်ချင်းတယောက်ဆိုလျှင် ကျွန်တော်အလုပ်လုပ်သည့် ဖောင်ဒေးရှင်းတွင် လုပ်ကိုင်သည်။ ဒုက္ခသည်စခန်းမှ နေရပ်မြန်မာပြည်သို့ ပြန်ရန် သို့မဟုတ် စား၀တ်နေရေးအတွက် အလုပ်လုပ်ရန်အတွက် ဒုက္ခသည်စခန်းမှ ထွက်ခွာသွားသူများထက်၊   အခြားဘေးကင်းရာသို့ ပြောင်းရွှေ့ ခိုလှုံရန် သို့မဟုတ် အကူညီ အထောက်ပံ့များ ပိုမိုရရှိလာရန် ဒုက္ခသည် စခန်းတွင် စောင့်ဆိုင်းသူများ ရှိနေသည့်အပေါ် ကျွန်တော်နားမလည်နိုင် ဖြစ်လာသည်။ ထိုနားမလည်မှုက ကျွန်တော့်အား ချင်းမိုင် (ဇင်းမယ်) တက္ကသိုလ်တွင် တိုင်းရင်းသား‌လူမျိုးရေးရာနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဘာသာရပ်ဖြင့် မဟာတန်း တက်ရောက်ရန် တွန်းအားဖြစ်စေခဲ့သည်။

    တိုင်းရင်းသားလူမျိုးရေးရာလေ့လာမှု နှင့် ဖွံ့ဖြိုးရေး စင်တာ (CESD) တွင် လေ့လာဆည်းပူးရသည့် အဓိက ပထမ ရည်ရွယ်ချက်မှာ ဒုက္ခသည်များဆိုင်ရာ  မူဝါဒအပြောင်းလဲဖြစ်ပေါ်စေရေး တွန်းတိုက်ဆောင်ရွက်ရန် မဟုတ်ဘဲ ဒုက္ခသည်များ၏ ပြဿနာများ၊ ဘဝများ နှင့် အိပ်မက်များကို နက်နက်နဲနဲ နားလည်နိုင်ရန် လေ့လာလို ခြင်းဖြစ်သည်။ နေရပ်စွန့်ခွါ ရွှေ့ပြောင်းမှုကို ဖြစ်ပေါ်စေသည့် အခြေနေ ဖြစ်တည်ပုံ အကြောင်းတရားများ နှင့် ပိုမိုကျယ်ပြန့်သောအင်အားစုများကို နားလည်ရန် ကျွန်တော်လပေါင်းများစွာ အချိန်ယူခဲ့ရသည်။ ဒုက္ခသည်များအတွက် အ‌ထောက်ကူဖြစ်မည့် ရလဒ်များကို ဖန်တီးရန်ဆိုလျှင် ရေရှည် အလုပ်ဖြစ်မည့်နည်းလမ်းများကို အဖြေရှာဖော်ထုတ်နေသည့် နိုင်ငံတကာ အဖွဲ့စည်းများအနေဖြင့် ဒုက္ခသည် များ၏ အသံကို နားထောင်ရန် လိုအပ်သည်ဟု ကျွန်တော်နားလည်လာခဲ့သည်။  နေရာသစ်များတွင် ဘဝ တလျှောက်လုံး အခြေချ နေထိုင်ရမည့် ဒုက္ခသည်များအတွက် အဆိုပါကိစ္စရပ်နှင့်ပတ်သတ်၍ အနဲဆုံး မည်သို့ ဖြစ်သင့်သည် ဆိုသည့် ရွေးချယ်စရာ ပေးသင့်ပါသည်။

    ရေရှည်အလုပ်ဖြစ်မည့် နည်းလမ်းအဖြေများ?

    ဒုက္ခသည်စခန်းများသည် ယာယီအတွက် ရည်ရွယ်သော်လည်း ဒုက္ခသည်များအတွက် ရေရှည်အလုပ် ဖြစ်မည့် နည်းလမ်းများ လိုအပ်ပါသည်။ အထူးသဖြင့် နိုင်ငံတကာရန်ပုံငွေများ လျော့ပါး ပျောက်ကွယ် သွား နိုင်သည့်အတွက် ကူညီဖြေရှင်းမည့်နည်းလမ်းများသည် ၎င်းတို့အတွက် ရေရှည်အလုပ်ဖြစ်မည့် နည်းလမ်း မျိုးဖြစ်ရန် လိုအပ်သည်။ ဒုက္ခသည် စခန်းများပိတ်သိမ်း နိုင်ရန်မျှော်လင့်ချက်ဖြင့် ထိုင်း-မြန်မာ နယ်စပ်မှ ဒုက္ခသည်များအပါအဝင် ဒုက္ခသည်များအတွက် ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး  (UNHCR) မှ ထုတ်ဖော် ထားသည့် နည်းလမ်း အဖြေ သုံးခုမှာ အခြားဘေးကင်းရာအရပ်သို့ ရွှေ့ပြောင်း အခြေချနေထိုင် ခြင်း၊ မိမိနေထိုင်သည့် ဒေသရှိ လူမှုအသိုက်၀န်းများနှင့် ပေါင်းစည်းနေထိုင်ခြင်း နှင့် မိမိဆန္ဒအလျောက် နေရပ်ပြန်ခြင်း တို့ဖြစ်ပါသည်။

    ဒုက္ခသည်များအနေဖြင့် မိမိတို့၏ မူလနိုင်ငံသို့ ပြန်ရန်မဖြစ်နိုင်သည့်အခါတွင် ပထမ နည်းလမ်းအဖြေ  ဖြစ်သည့် အခြားဘေးကင်းရာအရပ်သို့ ရွှေ့ပြောင်း အခြေချနေထိုင်ခြင်းအား စဥ်းစားသည်။ ရွှေ့ပြောင်း အခြေချ နေထိုင်ခြင်းသည် ဒုက္ခသည်များအနေဖြင့် အခြားနိုင်ငံတခုတွင် ပိုမိုတည်ငြိမ်သည့် ဘဝ တခု ရှာဖွေနိုင်ရန် အထောက်ကူပေးသည်။ ၂၀၀၅ ခုနှစ်တွင် အမေရိကန်အစိုးရသည် ထိုင်း-မြန်မာ နယ်စပ်မှ ဒုက္ခသည်များအား လက်ခံရန် သဘောတူခဲ့သည်။ သို့သော် ၂၀၁၄ ခုနှစ်တွင် အဆိုပါနည်းလမ်းသည် ရပ်တန့် သွားခဲ့သည်။ ယနေ့တွင် အမေရိကန်၏ ‌ရွှေ့ပြောင်းအခြေချ နေထိုင်ရေး အစီစဥ်တွင် အမည်စာရင်း ပေးသွင်း ထားပြီး ပြောင်းရွှေ့ရန် စောင့်ဆိုင်းနေသည့် ဒုက္ခသည်များ ရှိနေသေးသည်။ အချို့ ဒုက္ခသည်များသည် အဆိုပါအစီစဥ် တနေ့ ပြန်လည်စတင်မည်အထင်ဖြင့် ဆက်လက်စောင့်ဆိုင်းနေကြသည်။

    မိမိတို့နေထိုင်ရာအရပ်ဒေသရှိ လူမှုအသိုက်၀န်းတွင် ‌ပေါင်းစည်းနေထိုင်ခြင်းဖြစ်သည့် ဒုတိယ နည်းလမ်းတွင် ဒုက္ခသည်များသည် ၎င်းတို့ ခိုလှုံရာ ပထမ နိုင်ငံတွင် ဘဝတခု အပြည့်အဝ တည်ဆောက်နိုင်ရန် လိုအပ်သည့် ဘာသာစကားနှင့် အခြား ကျွမ်းကျင်မှုများအတွက် အကူညီများရရှိသည်။ သို့သော်လည်း ထိုင်းနိုင်ငံသည် ၁၉၅၁ ခုနှစ် ဒုက္ခသည်ဆိုင်ရာညီလာခံ အဖွဲ့၀င်နိုင်ငံ မဟုတ်သည့်အတွက် ဒေသတွင်း‌ပေါင်းစည်းရေးသည် လက်တွေ့တွင် မဖြစ်နိုင်ပေ။ သို့သော်လည်း အချို့ ဒုက္ခသည်များမှာ  မိမိနည်းလမ်းဖြင့် ဒေသခံများနှင့် ပေါင်းစည်းနေထိုင် နိုင်ရန် ကြိုးစားကြသည်။ ‌ဒေသခံလူမှုအသိုင်း၀ိုင်းနှင့် ဆက်ဆံရေးတည်ဆောက်နိုင်ရန် ထိုင်းကျောင်းများ သို့ မိမိတို့၏သားသမီးများစေလွှတ်ခြင်းမျိုးရှိသကဲ့သို့ အချို့ကိစ္စရပ်များတွင် ဒုက္ခသည် များသည် ထိုင်းနိုင်ငံသားများနှင့် လက်ထက်ကြသည်လည်း ရှိသည်။

    တတိယနည်းလမ်းသည် မိမိတို့သဘောဆန္ဒအလျောက် မိမိ၏မူလနိုင်ငံ နေရပ်သို့ပြန်ခြင်းဖြစ်သည်။ လက်ရှိတွင် ထိုင်းနိုင်ငံရှိ ဒုက္ခသည်များအတွက် တခုတည်း‌သော တရား၀င်လုပ်ဆောင်နိုင်သော နည်းလမ်းတခုလည်းဖြစ်သည်။ အချို့ ဒုက္ခသည်များအနေဖြင့် ထိုင်းနိုင်ငံတွင် ၎င်းတို့၏ စား၀တ်နေရေး အခြေနေ ယိုယွင်းဆိုးရွားမည်ကို စိုးရိမ်မှုများရှိပြီး မြန်မာနိုင်ငံသို့ အမှန်တကယ် ပြန်ချင်စိတ်ရှိသော်လည်း အချို့မှာ ၎င်းတို့သဘော ဆန္ဒမပါဘဲ “မိမိတို့ဆန္ဒအလျောက်” ဟုဆိုကာ အတင်းကျပ်ပြန်ရန် စေခိုင်းခံရခြင်း မျိုးရှိသည်။ အဘယ်ကြောင့်ဆိုသော် ကုလသမဂ္ဂ မဟာမင်းကြီးရုံး၏ နေရပ်ပြန်ရေးဆိုသည်မှာ အစိုးရထိန်းချုပ်ထားသော ဒေသများသို့ ပြန်ပို့ခြင်းဖြစ်ပြီး ဒုက္ခသည်အများစု၏ နေအိမ်များမှာ ကေအဲန်ယူ ထိန်းချုပ်နယ်မြေများတွင် ရှိသောကြောင့် အဆိုပါနည်းလမ်းကို လက်မခံလိုခြင်းဖြစ်သည်။ မြန်မာသို့ နေရပ်ပြန်ရေးမှာ အလွန်ရှုပ်ထွေးသော ပြဿနာဖြစ်ပြီး ဒုက္ခသည်အချို့ကသာလျှင် ကုလသမဂ္ဂ မဟာမင်းကြီးရုံး ၏ နေရပ်ပြန်ပို့ရေး နည်းလမ်းဖြင့် ပြန်ကြသည်။ အချို့ဒုက္ခသည်များမှာ ကေအဲန်ယူ ထိန်းချုပ်နယ် မြေများသို့ ပြန်ရန် ရွေးချယ်သော်လည်း အဆိုပါလမ်းကြောင်းမှာလည်း စိန်ခေါ်မှုများ သောလမ်းကြောင်းဖြစ်ကြောင်း ကျွန်တော်လင်းပါမည်။

    ကျွန်တော်သုတေသနလုပ်စဥ်တွင် နယ်စပ်ဒေသရှိ ရွာအတော်များများသို့ ခရီးထွက်ခွင့်ရခဲ့သကဲ့သို့ ကရင်ပြည်နယ်ရှိ ကေအဲန်ယူ ထိန်းချုပ်နယ်မြေသို့ ပြန်ရန် ရွေးချယ်ခဲ့သည့် ဒုက္ခသည်များစွာနှင့် လည်း တွေ့ခွင့်ရခဲ့သည်။ အများစု ပြန်ကြသည့် အကြောင်းရင်းသည် ဒုက္ခသည်စခန်းများမှတဆင့် ၎င်းတို့ထံပေးပို့သည့် အကူညီများ လျော့ကျသွားခြင်းကြောင့်ဖြစ်သည်။  ထိုင်းနိုင်ငံ၏ မူဝါဒ စည်းမျဥ်းစည်းကမ်းများအရ ဒုက္ခသည်များသည် ဒုက္ခသည်စခန်းမှ တရားဝင်ထွက်ခွာ၍ မရပေ။ ၎င်းတို့အနေဖြင့် အကူညီများ တောင်းခံရန်နှင့် ပိုလွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် တောင်းခံရန် တရား၀င် လမ်းကြောင်းများမရှိဘဲ နှုတ်ဆိတ်နေရသည်။ သို့ ဖြစ်၍ ရန်ပုံငွေ အရေအတွက်နှင့် ရန်ပုံငွေပေးသည့် အမျိုးအစားများ လျော့နည်းလာသည့်အခါ ၎င်းတို့အပေါ် တိုက်ရိုက်သက်ရောက်စေသည်။ ကျွန်တော့် အင်တာဗျူးတွင် ဖြေဆိုခဲ့သူအချို့က ရန်ပုံငွေလျော့ကျခြင်းကြောင့် ၎င်းတို့လိုအပ်သည့် အခြေခံ လိုအပ်ချက်လေးမျိုးဖြစ်သော အဝတ်အစား၊ စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းနှင့် ဆေးဝါးများ မရရှိကြောင်း ပြောဆိုကြသည်။

    နေရပ်ပြန်ရေးနှင့်ပတ်သတ်၍ ဒုက္ခသည်များ မည်သို့စဥ်းစားသနည်း

    Aryuwat Raruen ကိုယ်တိုင် ရိုက်ကူးခဲ့သော ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်ရွာများထဲမှ တရွာ

    ကရင်ဒုက္ခသည်တဦးဖြစ်သူ နော်ဆူပိုး (အမည်လွှဲ) သည် မကြာမီက မြန်မာနိုင်ငံတွင်း  အစိုးရ ထိန်းချုပ် သည့် နေရာတခုမဟုတ်သည့် ဒေသသို့ ပြန်ရန် ဆုံးဖြတ်ခဲ့သည် ။ သူမသည် ကေအဲန်ယူ ထိန်းချုပ်နေရာသို့ သွားရန် ရွေးချယ်ခဲ့သည်။ ကျွန်တော့် သီးစစ် စာတမ်းအတွက် ဒေတာ အချက်လက်များ ကောက်ယူနေစဥ်က သူမနှင့် သူမ၏ မိသားစုတို့နှင့်အတူ နေ့လည်စာစားရန် ဖိတ်ကြားပြီးနောက် သူမ၏ စခန်းမှထွက်ခွာသည့် အတွေ့ အကြုံကို ပြောပြခဲ့သည်။

    နော်ဆူပိုး ၏ ဝါးအိမ်လေးမှာ ရိုးရိုးရှင်းရှင်းဖြစ်သည်။ သူမ စကားပြောသည့်အခါ သမီးနှစ်ယောက်မှာ သူမ၏ အမျိုးသားဘေးတွင် ထိုင်နေသည်။ သူမသည် မူလအစက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)  တပ်မဟာ ၆ နယ်မြေမှ ဖြစ်သည်။ ၎င်းတို့ ရွာတွင် တိုက်ပွဲများ ဖြစ်ပွားသဖြင့် မိသားစုနှင့် အတူ ထိုင်းနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။ ဒုက္ခသည်စခန်းများတွင် ၁၅ နှစ်မျှ နေထိုင်ပြီးနောက် စခန်းသို့ ပို့သည့် စားနပ်ရိက္ခာအကူညီများ သိသိသာသာ လျော့နည်းလာခဲ့သည်။ နော်ဆူပိုးက “ကျွန်မတို့ ချက်ပြုတ်စားသောက်ဖို့ သစ်သား၊ ဝါး ရှာမရလို့ မီးတောင်မွှေးလို့မရခဲ့ဘူး။ ကျွန်မတို့နေ့စဥ်ဘဝက ဆင်းရဲမွဲတေမှုတွေနဲ့ ရင်ဆိုင်ရတယ်။ ထင်းခြောက်ရှာဖို့လေးကို ကျွန်မတို့ စခန်းကနေ ပုန်းလျှိုးကွယ်လျှိုး ထွက်ခဲ့ရတယ်။ ဒါကြောင့် ကျွန်မ မြန်မာနိုင်ငံကို ပြန်ဖို့ဆုံးဖြတ်ခဲ့တာ” ဟု ကျွန်တော့်ကို ပြောပြပါသည်။

    အသက်အများကြီးပိုကြီးသည့် ဦးလေး တီးဝါး (အမည်လွှဲ) က အချို့ ဒုက္ခသည်များအတွက် ကေအဲန်ယူ ထိန်းချုပ်ရာ နယ်မြေသို့ ပြန်ရန် ဘာကြောင့်ပိုလိုလားသည် ဆိုသည့် သူ့အမြင်ကိုပြောပြသည်။ ကေအဲန်ယူထိန်းချုပ် နယ်မြေရှိ ဝမှီးအေး (အမည်လွှဲ) ရွာတွင် ကျွန်တော်သူ့ကိုတွေ့ခဲ့သည်။ ထိုနေ့က ထိပ်ထူတဲ့ နေ့တနေ့ဖြစ်ပြီး အဖေ့ဆိုင်ကယ်အဟောင်းကို စီးလာခဲ့သည့်အတွက် ပြိုမလို မဲမှောင်ညှို့မှိုင်း နေသည့် ကောင်းကင်ကို ကျွန်တော်အကဲခတ် မောင်းနှင်လာခဲ့သည်။ လမ်းတလျှောက်တွင် လယ်သမားများ ပြောင်းမျိုးစေ့ချနေကြပြီး အညိုရောင်ကမ္ဘာမြေကြီးမှ ချောကလက်ကဲ့သို့ ပေါ်ထွက်လာသည့် မြင်ကွင်းအား ကြည့်ရင်း ကျွန်တော့် မျက်နှာပေါ် ရိုက်ခတ်လာသည့်လေကို သဘောကျနေခဲ့သည်။

    ဝမှီးအေးရွာသို့ ကျွန်တော်ရောက်သည့်အခါ ဦးလေး တီး၀ါးနှင့် မတွေ့ခင် လူအများကြီးနှင့် ကျွန်တော် စကားလက်ဆုံကျသည်။ ၎င်းတို့ ကေအဲန်ယူ နယ်မြေတွင် နေထိုင်ရန် ရွေးချယ်ခဲ့သည်မှာ တပ်မတော်၏ သိမ်းပိုက်မှုများစွာ ကြုံတွေ့ခဲ့ ရသောကြောင့် ဖြစ်သည်။ ယနေ့ထိတိုင်တွေ့ကြုံနေရသေးသည်။  ၎င်းတို့သည် အာဏာပိုင်များအပေါ် သံသယရှိနေပြီး ၎င်းတို့၏ ရှုထောင့်မှာ “ကိုယ့်အခွင့်ရေး ရပိုင်ခွင့်အတွက် တိုက်တာကို ကိုယ့်အိမ်ကနေအတင်းကျပ် ဖယ်ထုတ်ခံရပြီး အဲ့လိုတိုက်ခိုက်ဖယ်ထုတ်ခဲ့တဲ့ သူတွေက မင်းပြန်လာလို့ ရပါတယ်လို့ တနေ့ပြောလာရင် မင်းယုံမလား။  မြန်မာ့နိုင်ငံရေးနဲ့ အခြေနေ တွေဟာ ပြောင်းလဲခဲ့ပြီလို့ ထင်ရတယ်၊ ဒါပေမယ့် အာဏာပိုင်အသစ်တွေကို မင်းယုံမလား” ဟူ၍ ဖြစ်သည်။

    “မြန်မာအစိုးရက ဒုက္ခသည်တွေကို လက်ခံချင်တယ်လို့ ပြသဖို့ ကြိုးစားနေပေမယ့် သူတို့ကို ငါတို့ ယုံကြည်လိုက်လို့ မဖြစ်ဘူး” ဟု ဦးလေး တီးဝါးက ဘွင်းဘွင်းပဲ ဆိုပါသည်။ “ဆိတ်ခေါင်းချိတ် ပြီး ဝက်သားရောင်းနေတာ” ဟု ပုံပမာခိုင်းနှိုင်း ပါသည်။  စျေးကြီးသည့် ဆိတ်သား ရောင်းနေဟန်ဖြင့် ဆိတ်ခေါင်းအား ဆိုင်ဦးခန်းတွင် ချိတ်ထားသော်လည်း အမှန်တကယ်မှာ ဝယ်သူများကို တ၀က်စျေး သာရှိသော စျေးပေါသည့် ဝက်သားများကို ဆိတ်သားစျေးဖြင့် လိမ်ညာ ရောင်းချနေခြင်းသာ ဖြစ်သည်ဟု သူဆိုလိုခြင်းဖြစ်သည်။

    ဦးလေးတီးဝါးအနေဖြင့် ကျန်ရှိသည့်သူ့ဘဝအား “မဖြုန်းတီး” လို၍ ဝမှီးအေးရွာသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သူသည် အသက်ကြီးလာပြီ ဖြစ်၍ နေထိုင်ရန် အချိန်သိပ်မကျန်တော့သည့် သူ့  အတွက် သူ့ဘဝအား ဒုက္ခပင်လယ်ဝေစေခဲ့သော၊ ဒဏ်ရာပေးခဲ့သော သူများကို မယုံကြည်တော့ဟု ပြောပြ သည်။ မြန်မာ အာဏာပိုင်များနှင့် ပတ်သတ်ရသည်မှာ အချိန်ဖြုန်းတီးခြင်းသာဖြစ်သည်။  “ဒုက္ခသည်စခန်း မှာထက်စာရင် ဒီနေရာကို ပိုလာချင်ကြတယ်။ ဒုက္ခသည်စခန်းမှာ အကူညီတွေလျော့၊ အလုပ်တွေလည်း ရှာမရဘဲ အခြေနေတွေက အရမ်းဆိုးနေတယ်။ ဦးလေးကအသက်ကြီးလာပြီလေ ၊ ဦးလေးဖျားရင် ဘယ်သူမှ ဦးစားပေး အလုပ်ပေး မှာမဟုတ်ဘူး” ဟု ဦးလေးတီးဝါးက ပြောသည်။

    ဦးလေးတီးဝါး၏ အတွေ့ကြုံများက ဒုက္ခသည်များ၏ခံစားချက်များကို ၎င်းတို့၏စိတ်ဒဏ်ရာများ၊ မမေ့နိုင်စရာ မှတ်ဥာဏ်များက မည်မျှစိုးမိုးနေသည်ကို ပြသသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့

     စစ်တပ်အာဏာသိမ်း မှုပြီး အခြေနေများကို ကြည့်ပါက တပ်မတော်နှင့် KNLA ကဲ့သို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တိုက်ပွဲများအတိုင်းတာတခုရှိနေသေးသည် ကိုတွေ့နိုင်သည်။ 

    အဆိုပါအခြေနေက “ဒုက္ခသည်များ အမှန်တကယ် အိမ်ပြန်နိုင်ပြီလား” ဆိုသည့် မေးစရာဖြစ်လာသည်။

    ထိုင်း-မြန်မာနယ်စပ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်တည်းစတင်ကတည်းမှ ကုလသမဂ္ဂ မဟာမင်းကြီးရုံးနှင့် ထိုင်းအာဏာပိုင်တို့ အားပေးဆောင်ရွက်ခဲ့သည့် အပေါ်မှမူချမှတ် ဆောင်ရွက်သည့် နည်းလမ်းများအား ပြန်လည်စဥ်းစားသုံးသပ်ရန်လိုပါသည်။ အဆိုပါ ဖြေရှင်းသည့် နည်းလမ်းများက ဒုက္ခသည်များ၏ အနာဂတ် ဘဝအပေါ်တိုက်ရိုက်သက်ရောက်မည် ဖြစ်သည်။ အာဏာပိုင်များအားလုံး မည်သည့်ဆုံးဖြတ်ချက်မှ မချမှတ် မဆုံးဖြတ်ခင် ဒုက္ခသည်များ၏ အသံများနှင့် စိတ်ကူးများကို ထည့်သွင်း စဥ်းစား၍ ၎င်းတို့အတွက် အမှန်တကယ်အကျိုးရှိ ရေရှည်အထောက်ကူဖြစ်မည့် ဖြေရှင်းနည်းများကို ဖန်တီးဖော်ထုတ်ကြရန်လိုအပ်ပါသည်။

    Aryuwat Raruen သည် ချင်းမိုင်တက္ကသိုလ် (CMU) ၏ တိုင်းရင်းသားလူမျိုးရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေး အစီစဥ်မှ ပညာရေးဘွဲ့ရကျောင်းသားတဦးဖြစ်သည်။ သူသည် ဒုက္ခသည်များအရေး၊ တိုင်းရင်းသား လူမျိုးအရေး၊ ရွှေ့ပြောင်းနေထိုင်သူများ နှင့် နယ်စပ်ဒေသအရေးများကို စိတ်ဝင်စားသည်။ လက်ရှိတွင် သူသည် ထိုင်းနိုင်ငံ တတ်ခရိုင် မဲဆောက်မြို့ရှိ ဒုက္ခသည်များအတွက် ညှိနှိုင်းရေးမှုးအဖြစ်လည်းကောင်း ရွှေ့ပြောင်းနေထိုင်သူများအတွက် ကျောင်းတွက် ဆရာတဦး အဖြစ် လည်းကောင်း ဆောင်ရွက်နေသည်။ ယခုဆောင်းပါးသည် ယခုနှစ်ကုန်ပိုင်းတွင် ထုတ်ဝေမည့် Moving Around Myanmar: Migration In, From and Back [မြန်မာပြည်အနှံ့ ရွေ့လျားသွားလာခြင်း။    ။ မြန်မာပြည်ထဲ၊ မြန်မာပြည်မှ နှင့် မြန်မာပြည်သို့ ] (ချင်းမိုင်တက္ကသိုလ်မှ ပုံနှိပ်ထုတ်‌ဝေမှု) စာအုပ်တွင် သူပါ၀င်ရေးသားခဲ့သည့်အခန်း တခန်းပေါ် အခြေခံသည်။

    ယခုပို့စ်အား လက်ဘက်ရည်ဝိုင်း ဘာသာပြန်အဖွဲ့မှ ပြန်ဆိုသည်။

    ကိုးကား

    Kasetsiri, C. (2001). Burma: History and Politics [ဗမာနိုင်ငံ – သမိုင်းနှင့်နိုင်ငံရေး]. The Foundation for the Promotion of Social Sciences and Humanities Textbooks Projects.
    Trichote, P. (2004). The Policy of Burma Repatriation from Thailand Research Project [ထိုင်းမှ ဗမာသို့ နေရပ်ပြန်ရေးမူဝါဒ သုတေသန စီမံကိန်း]. Institute of Asian Studies. Chulalongkorn University.
    Vaddhanaphuti, C. & Sitthikriengkrai, M. (2016). The Alternative of Policy to Solving the problem of refugees in temporary shelters [ယာယီခိုလှုံရာနေရာများရှိ ဒုက္ခသည်များ၏ ပြဿနာ အဖြေရှာ‌ ရေး အခြားမူဝါဒသစ်]. National Human Rights Commission of Thailand.