6 Minutes To Read

ဖခင်မှသားများသို့၊ မိခင်မှသမီးများသို့” …….. အိမ်တွင်း၊ မိသားစုတွင်း အကြမ်းဖက်မှုများအား မြန်မာနိုင်ငံတွင် မျိုးဆက်များအကြား လက်ဆင့်ကမ်းသယ်ဆောင်မှု တည်ရှိနေပါသလား။

6 Minutes To Read
  • English
  • မြန်မာနိုင်ငံတွင် ဖြစ်ပွားတတ်သည့်  မိမိနှင့် အတူနေချစ်သူ၊ အိမ်ထောင်ဖက်မှ အကြမ်းဖက်မှုကျုး လွန်ခြင်းကို ဖြေရှင်းရန်အတွက် မျိုးဆက်တစ်ဆက်မှ နောက်တစ်ဆက်သို့ လက်ဆင့်ကမ်း သယ် ဆောင်သည့် အကြမ်းဖက်မှု သံသရာစက်၀န်းကို ဖြတ်ပစ်ရန် လိုအပ်ကြောင်း အေးသီရိကျော်နှင့် မင်းတင့်ဗိုလ်တို့မှ ယခုဆောင်းပါးတွင် ဆွေးနွေးထားပါသည်။

    Related

    အကြမ်းဖက်မှုများကို တွေ့ကြုံခံစားလာရသော (သို့မဟုတ်) ၎င်းအကြမ်းဖက်မှုများကို မြင်တွေ့ ဖူးသော ကလေးသူငယ်များအနေဖြင့် ၎င်းအကြမ်းဖက်မှုများသည် ပုံမှန် အနေအထားဖြစ်သည်ဟု တွေးခေါ်၊ယုံကြည်လာတတ်ကြောင်း သုတေသန တွေ့ရှိချက်များအရ သိရှိရသည်။ မိဘ အချင်းချင်းကြား အကြမ်းဖက်မှုများဖြစ်ကြသည့် ဖခင်မှ မိခင်သို့ (သို့မဟုတ်) မိခင်မှ ဖခင်သို့ အကြမ်းဖက်ပြုမူမှုများအား တွေ့မြင်ခံစားလာရသည့် သားသမီးအနေဖြင့် ၎င်းတို့ အရွယ် ရောက်ကြီးပြင်းလာသည့်အခါတွင်၎င်းတို့နှင့်အတူနေချစ်သူ၊ အိမ်ထောင်ဖက်၏ အကြမ်းဖက် ခြင်းကို ပိုမိုခံစားရစေနိုင်သည့် အကြောင်းအရင်းတစ်ခုမှာ မိဘ အချင်းချင်း ကြားဖြစ်ပွားသည့် အကြမ်းဖက်မှုဖြစ်သည်ဆိုသည့် ခိုင်မာသည့်ခန့်မှန်းမှုများ ရှိသည်။  အရေးကြီးသည့်အချက်မှာ ဖို၀ါဒီကြီးစိုးသည့် ယဥ်ကျေးမှုရှိသော လူမှုနယ်ပယ်များတွင် ဖခင်မှမိခင်သို့ အကြမ်းဖက်သည့် အနိုင်ကျင့်စော်ကားမှုများ ပိုမိုများပြားကြောင်း တွေ့ရှိရသည်။

    မြန်မာ့လူ့အဖွဲ့အစည်းသည် ဖို၀ါဒီကြီးစိုးသည့် လူ့အဖွဲ့အစည်းဖြစ်ပြီး ကျား၊မ မညီမျှမှု ဖြစ်ရပ် များကိုလည်း မြန်မာနိုင်ငံအ၀ှမ်းတွင် တွေ့ရှိနိုင်သည်။ ယခုဆောင်းပါးကို ရေးသားသော သုတေသီများအနေဖြင့် မျိုးဆက်တစ်ဆက်မှ နောက်တစ်ဆက်သို့ လက်ဆင့် ကမ်း သယ် ဆောင်တတ်သော အကြမ်းဖက်မှုများသည် မြန်မာနိုင်ငံတွင် တည်ရှိနေပါကြောင်း အထူးပြု ဆွေးနွေးလိုပါသည်။ မျိုးဆက်တစ်ဆက်မှ နောက်တစ်ဆက်သို့ လက်ဆင့် ကမ်းသယ်ဆောင်သော အကြမ်းဖက်မှုဆိုသည်မှာ မိခင်နှင့်ဖခင်နှစ်ဦးကြား ရန်လိုသည့် အကြမ်းဖက်မှုများအား ကလေး သူငယ်ဘ၀တွင် မြင်တွေ့ခံစားခဲ့ကြရသူများအနေဖြင့် ၎င်းတို့ အရွယ်ရောက် ကြီးပြင်း လာကြသည့်အခါတွင် ၎င်းတို့ကိုယ်တိုင် အကြမ်းဖက်မှု ကျူးလွန်ကြသူများ (သို့မဟုတ်) အတူနေချစ်သူနှင့်် အိမ်ထောက်ဖက်များမှ အကြမ်းဖက်မှုကျူးလွန်ခြင်းကို ခါးစည်းခံ ကြ ရသောသူများ ဖြစ်လာခြင်းဆိုသည့် ဖြစ်ရပ်တို့အကြား တည်ရှိသည့် ဆက်နွယ်မှုကို ရည်ညွှန်းသော စကားရပ်တစ်ခု ဖြစ်ပါသည်။

    အတူနေချစ်သူ၊ အိမ်ထောက်ဖက်များမှ ကျူးလွန်သော အကြမ်းဖက်မှုနှင့် ပက်သတ်၍ ပိုမိုနားသိရှိနားလည်စေရန် မကြာသေးမီကာလများမှ အစပြု၍ ကြိုးပမ်း အားထုတ် မှုများရှိလာကြသော်လည်း မျိုးဆက်တစ်ဆက်မှ နောက်တစ်ဆက်သို့ လက်ဆင့် ကမ်း သယ်ဆောင်တတ်သော အကြမ်းဖက်မှုများအကြောင်းကို ထဲထဲ၀င်၀င် ပြောဆို ဆွေးနွေးရန်နှင့် ငြင်းခုံရန် လိုအပ်လာပါသည်။ ဖခင်မှမိခင်သို့ ကျူးလွန်သော အကြမ်းဖက်မှုများကို မြင်တွေ့ ကြီးပြင်းလာရသောကြောင့် မျိုးဆက်တစ်ဆက်မှ နောက်တစ်ဆက်သို့ ထို အကြမ်းဖက်မှုများကို လက်ဆင့်ကမ်းသယ်ဆောင်ခြင်း ဖြစ်ရပ်များကို နိုင်ငံတော်အစိုးရမှ​ဦးဆောင်ကောက်ယူထားသည့် လူဦးရေးစစ်တမ်းများတွင်ပင် တွေ့ရှိနိုင်ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ယခု အကြောင်းအရာနှင့်ပက်သတ်သည့် အချက်အလက်များရှားပါးမှုကြောင့် ယင်းအကြမ်းဖက်မှု များသည် မည်သို့မည်ပုံ လက်ဆင့်ကမ်းသယ်ဆောင် တတ်သည် ဆိုသည့်အချက်ကို အပြည့် အ၀နားလည်နိုင်စွမ်းမရှိသေးပါ။

    သုတေသီ အေးသီရိကျော်မှ ယခင်ပြုလုပ်ခဲ့ဖူးသော သုတေသနအတွေ့အကြုံများနှင့် သူမ၏ မဟာဘွဲ့သုတေသနကျမ်းပြုစုစဥ်တွင် ပြုလုပ်ခဲ့သော အင်တာဗျူးများအရ မျိုးဆက်တစ်ဆက်မှ နောက်တစ်ဆက်သို့ လက်ဆင့်ကမ်း သယ်ဆောင်သော အကြမ်းဖက်မှုများသည် မြန်မာ့ လူ့အဖွဲ့အစည်းအတွင်းရှိ ရှေးရိုးစွဲကြီးသော မိသားစုပုံစံများတွင် တွေ့ရှိရကြောင်း ညွှန်းဆိုပြနေပါသည်။ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်အစိုးရ၏ လက်ရှိ မိသားစု တည်ဆောက်ရေး အစီအမံများတွင် အကြမ်းဖက်မှုများအားဖြေရှင်းသည့် နည်းလမ်းများကိုပါ ထည့်သွင်းစဥ်းစား၊ သုံးသပ်ရေးဆွဲရန် လိုအပ်လာကြောင်း ဆွေးနွေး ငြင်းခုံလိုပါသည်။​ နိုင်ငံတော်အစိုးရမှ ထုတ်ပြန်သော ၂၀၁၅အစီရင်ခံစာတွင် မိသားစု၏ အခန်းကဏ္ဍကို လူမှုသဟဇာတဖြစ်ရေးအတွက် အခြေခံအုတ်မြစ်အဖြစ် ထည့်သွင်းဖော်ပြထားပြီး မိသားစုများ ကွဲကွာခြင်းနှင့် ၎င်းဖြစ်ရပ်များကြောင့် စိတ်ဒဏ်ရာခံစားရခြင်းများအားလျှော့ချရန် ကြိုးပမ်းမည်ဟု ရေးသားထားပါသည်။ ၎င်းဖော်ပြချက်သည် အတူနေအိမ်ထောင်ဖက်၏ အကြမ်းဖက် မှုကျူးလွန်ခြင်းကို ခံစားကြရသော မိသားစုအခြေအနေများတွင်လည်း မိသားစု တစ်ကွဲ တစ်ပြားမဖြစ်ရေးကိုသာ အရေးအကြီးဆုံးဦးစားပေးအနေဖြင့်သတ် မှတ်ထားသကဲ့သို့ ဖြစ်နေပါသည်။​ လိင်အခြေပြုခွဲခြားတတ်သည့် ယုံတမ်းစကားများသည် မိသားစုတွင်း ဖို၀ါဒီ ကြီးစိုးမှုကို ပိုမိုအားကောင်းစေသည့် လွှမ်းမိုးမှုများကို ဖြစ်စေပြီး အတူနေ ချစ်သူ၊ အိမ်ထောင်ဖက်မှ အကြမ်းဖက်ခံရမှုကို ပိုမိုအားကောင်းစေသည့်အတွက် ၎င်းအကြမ်းဖက်မှု သံသရာကို ဖြတ်ပစ်ရန် လိုအပ်လာပါသည်။

    Featured image courtesy of Wint Hte

    လက်တွေ့ကွင်းဆင်း သုတေသနပြုချက်များအရ အကြမ်းဖက်မှုသည် အကြမ်းဖက်မှု အသစ်များကို ထပ်မံဖြစ်ပွားစေကြောင်း တွေ့ရှိရပါသည်။

    ယခင်ပြုလုပ်ထားခဲ့သည့် သုတေသနပေါင်း ၁၂၄ စောင်အရလည်း မိမိနှင့် အတူနေချစ်သူ၊ အိမ်ထောင်ဖက်များမှ အကြမ်းဖက်မှုကျူးလွန်ခြင်းများကို မြင်တွေ့ခဲ့ရသည့် ကလေး သူငယ်များသည် အမျိုးသားဖြစ်ပါက ၎င်းတို့ကိုယ်တိုင် အကြမ်းဖက် မှုကျူး လွန်သူများအဖြစ် ကြီးပြင်းလာကြပြီး အမျိုးသမီးများဖြစ်ပါက အကြမ်းဖက်မှုဒဏ်ကို ကြိတ်မှိတ်ခံစား ရသည့် သူများအနေဖြင့်ကြီး ပြင်းလာတတ်ကြသည်ဆိုသည့် ခိုင်မာအားကောင်းသည့် ဆက်နွယ် မှုများရှိကြောင်း မြင်တွေ့နိုင်ပါသည်။ သို့သော်လည်း မိဘများအနေဖြင့် ၎င်းတို့ အချင်းချင်းကြား ကျူးလွန်သည့် အနိုင်ကျင့်မှုများသည် ကလေးသူငယ် များကြီး ပြင်းလာသည့်အခါ ၎င်းတို့၏ အတူနေချစ်သူ၊ အိမ်ထောင်ဖက်များမှ အနိုင်ကျင့်မှုများ ခံစား ရမှုနှင့်ပက်သတ်သည့်  နောက်ဆက်တွဲ အတွေ့အကြုံများကိုတိုက် ရိုက်သော်လည်းကောင်း၊ သွယ်၀ိုက်၍သော် လည်းကောင်း လွှမ်းမိုးနိုင်သည့် လမ်းကြောင်းများနှင့် ဖြစ်စဥ်များရှိ၊ မရှိကိုမူယခင် သုတေသနလေ့လာမှု စာတမ်းများတွင် ရှင်းလင်းစွာ ဖော်ထုတ်ရေးသားထားခြင်းမရှိကြောင်း တွေ့ရှိရပါသည်။

    ကမ္ဘာနှင့်အ၀ှမ်းဖြစ်ရပ်များအပေါ် အခြေခံထားသည့် သုတေသနများအရလည်း မိခင်နှင့် ဖခင်အချင်းချင်းကြား အကြမ်းဖက်မှုကျူးလွန်ခြင်းကို ကြုံတွေ့ဖူးသော ကလေးသူငယ် အယောက်စီတိုင်းသည် အတူနေချစ်သူ၊ အိမ်ထောင်ဖက်မှ အကြမ်းဖက်မှု ကျူးလွန်ခြင်းကို ကိုယ်တိုင်ကိုယ်ကျ ဆက်လက်ကျူးလွန်သည့် (သို့မဟုတ်) ၎င်းဒဏ်များကို ခံစားရသောသူများအနေဖြင့် မဖြစ်မနေ ကြီးပြင်းလာကြခြင်း မရှိကြောင်းကိုလည်း တွေ့ရှိရပါသည်။ မိခင်နှင့်ဖခင်အချင်းချင်းကြား ကျူးလွန်ကြသည့် အကြမ်းဖက်မှုများသည် ကလေးသူငယ်များ အရွယ်ရောက်ကြီးပြင်းလာကြသည့်အခါ ၎င်းတို့၏ အတူနေချစ်သူ၊အိမ်ထောင်ဖက်မှ ကျူးလွန် သည့် အကြမ်းဖက်မှုများကို မဖြစ်မနေခံစားရမည်ဆိုသည့် အခြေအနေတစ်ရပ်ဖြင့် မရှိနိုင် သော်လည်း မိသားစုတွင်းအကြမ်းဖက်မှုများကို မြင်တွေ့၊ ခံစားကြီးပြင်းလာကြရသူများအနေဖြင့် အတူနေချစ်သူ၊ အိမ်ထောင်ဖက်များမှ ကျူးလွန်သော အကြမ်းဖက်မှုများကို ကြုံတွေ့ ရနိုင်သည်ဆိုသည့် စိန်ခေါ်စွန့်စားမှုများရှိနေနိုင်သေးသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် မိမိတို့အနေဖြင့် မိခင်၊ဖခင်အချင်းချင်းကြား အကြမ်းဖက်မှုများနှင့် အနိုင်ကျင့်မှုများကို မြင်တွေ့ ကြီးပြင်းလာကြသည့် ကလေးသူငယ်များ အရွယ် ရောက်ကြီးပြင်းလာကြသည့်အခါ ၎င်းတို့ ကိုယ်တိုင် အတူနေချစ်သူ၊ အိမ်ထောင်ဖက်များအပေါ် အနိုင်ကျင့်၊အကြမ်းဖက်မှုများ ကျူးလွန်ခြင်း (သို့မဟုတ်) အကြမ်းဖက်မှုများကိုခါးစည်းခံခြင်းစသည့် ဖြစ်ရပ်များ မြန်မာနိုင်ငံအတွင်း ဖြစ်ပွား နေမှုများကို လေ့လာဆွေးနွေးရန် ရည်ရွယ်ပါသည်။

    အောက်ပါစာပိုဒ်များတွင်မူ မိသားစုတွင်းအကြမ်းဖက်မှုများကို လောင်စာဖြည့်ပေးနေသည့် ကြောင်းကျိုးမဆီလျော်သည့် လိင်အခြေပြု ယုံတမ်းစကားများကို ဆွေးနွေးထားပါသည်။ မြန်မာနိုင်ငံရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကျူးလွန်ခြင်းများကို အဆုံးသတ်ရန်အတွက် မိသားစုဖွဲ့စည်းပုံတွင် တည်ရှိသည့် ယုံတမ်းစကားများနှင့် ကြောင်းကျိုးမဲ့သည့် အတွေးအမြင်များကို ပြောင်းလဲရန်လိုအပ်ကြောင်း ငြင်းခုံဆွေးနွေးလိုပါသည်။ ဤဆောင်းပါးပါ အချက်အလက်များကို ဆောင်းပါးရေးသားသူ သုတေသီများအနက်မှတစ်ဦးဖြစ်သော အေးသီရိကျော်အနေဖြင့် London School of Economics and Political Science (LSE) သို့ တင်သွင်းခဲ့သော “မိခင်မှသမီးများသို့… မြန်မာနိုင်ငံတွင် ဖခင်နှင့်မိခင်ကြားဖြစ်ပွားသော အကြမ်းဖက်မှုများကို မျိုးဆက်တစ်ဆက်မှနောက်တစ်ဆက်သို့ မည်သို့မည်ပုံလက်ဆင့်ကမ်းသယ်ဆောင်နေသနည်း” ဆိုသည့် မဟာဘွဲ့သုတေသနစာတမ်းရေးသားစဥ်တွင် ပြုလုပ်ခဲ့သော အင်တာဗျူးများမှရရှိသော အချက်အလက်များကို အခြေပြုလေ့လာဆန်းစစ်ထားခြင်းဖြစ်ပါသည်။

    အိမ်တွင်းအကြမ်းဖက်မှုများကို လောင်စာဖြည့်နေကြသည့် လိင်အခြေပြုခွဲခြားထားသည့် အဆိပ်သင့်အတွေးအခေါ်များ

    ယောက်ျားများအား အလုံးစုံသောအာဏာကို အပ်နှင်းသည့် အတွေးအခေါ်များသည် “အိမ်ဦးနတ်” ဆိုသည့် မိသားစုအတွင်းတွင် ယောက်ျားကိုသာ ဘုရားသဖွယ်ကိုးကွယ်သည့် အတွေးအမြင်မှ ဆင်းသက်လာပါသည်။ ယင်းအတွေးအမြင်များသည် မိဘများမှသော်လည်းကောင်း၊ ယောက္ခထီး၊ ယောက္ခမများမှသော်လည်းကောင်း လူမှုအဖွဲ့အစည်းအတွင်းရှိ ယုံတမ်း စကားများ အနေဖြင့် သော်လည်းကောင်းတည်ရှိနေပြီး ထိုအမြင်များ ဆက်လက်အားကောင်းနေစေရန် မိသားစု များနှင့်ကျောင်းများမှတစ်ဆင့် ဆက် လက်ပံ့ပိုးနေသည့် အနေအထားများတွင် တည်ရှိနေနိုင်ပါသည်။

    ဥပမာအနေဖြင့်ပြောရသော် မြန်မာ့အစိုးရကျောင်းများ၏ ဒုတိယတန်းဖတ်စာတွင် သင်ကြားရသော ကဗျာတစ်ပုဒ်သည် ဖခင်များမှမိသားစုတစ်ခုလုံးကို ရှာဖွေကျွေးမွေးရသည့်အတွက်၊ ဖခင်များ သည်သာတစ်ဦးတည်းသောငွေရှာသူများဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့သည်သာ ချစ်ခင်တွယ်တာ စရာဟု သင်ကြားထားပါသည်။ မိခင်များအနေဖြင့် အနေအထားအဖုံဖုံတွင် ငွေကြေး ရှာဖွေရသူများဖြစ်လာကြသော်လည်း အိမ်ထောင်စုစာရင်းများတွင်မူ ဖခင်ကိုသာ အိမ်ထောင် အကြီးအကဲအနေဖြင့် သတ်မှတ်ကြပြီး မိခင်များအနေဖြင့် အလုပ်အကိုင်ရှိသည့်တိုင်အောင် ၎င်းတို့၏နေရာအားမှီခိုအနေဖြင့်သာ သတ်မှတ်ကြပါသည်။ ဖခင်အား ချစ်ခင်တွယ်တာစရာ အိမ်ထောင်ဦးစီးအဖြစ် သတ်မှတ်ထားခြင်းသည် ဖခင်အနေဖြင့် ၎င်း၏အာဏာကို အလွဲသုံးစား ပြုလုပ်လာပါကလည်းနား လည်လက်ခံဖွယ်ရာဖြစ်အောင် တွန်းပို့ပေးသကဲ့သို့ဖြစ်နေပါသည်။​ ထို့အပြင် “သားကိုသခင်၊ လင်ကို ဘုရား” ဟူသော စကားပုံသည် ဖခင်နှင့်လင်ယောကျ်ားများအား ပြိုင်ဖက်ကင်းသူများအဖြစ်ကို အလိုအလျောက်ရရှိစေရန် ပံ့ပိုးနေပါသည်။ မိမိတို့ အင်တာ ဗျူး မေးမြန်းခဲ့သောသူတစ်ဦးအနေဖြင့် သူမအနေဖြင့် သူမခင်ပွန်းအား မည်သို့မည်ပုံဆက်ဆံရမည်ကို သင်ကြားခံခဲ့ရကြောင်း အောက်ပါအတိုင်း ဖြေဆိုခဲ့ပါသည်။

    “ကျွန်မက ညအိပ်ယာ၀င်ရင် ယောကျ်ားကို ကန်တော့ပြီးမှ အိပ်ယာ၀င်ဖို့ အသင်ခံခဲ့ရပါတယ်၊ ကျွန်မတို့အမေတွေကိုလည်း ကျွန်မတို့အဖွားတွေက ဒီလိုပဲသင်ခဲ့ကြပါတယ်။ ဒါဟာ ကျွန်မတို့ရဲ့ ရိုးရာဓလေ့ထုံးတမ်းဆိုင်ရာတာ၀န်လို့ အသင်ခံခဲ့ရတာ ဖြစ်ပါတယ်။”

    ၎င်းထုံးတမ်းအစဥ်အလာများသည် ယောကျ်ားများအနေဖြင့် မိသားစုတွင်း ဦးဆောင်သူများ ဖြစ်ကိုဖြစ်ရမည်ဟု သတ်မှတ်ထားသည့် သတ်မှတ်ချက်များနှင့် တွေ့ကြုံလာသည့်အခါ ပိုမိုဆိုးရွား ပြင်းထန်သည့် အဖြစ်များကိုဖြစ်စေနိုင်ပါသည်။​ မိသားစု၏အကြီး အကဲအဖြစ် သတ်မှတ် ထားသောဖခင်များကိုသာ ဆန္ဒမဲပေးခွင့်ပြုထားသည့် မြို့တော်စည်ပင်သာယာရွေးကောက်ပွဲများ ၏စနစ်များကြောင့် ၂၀၁၉ခုနှစ်မတိုင်ခင်အထိ အမျိုးသမီးများနှင့်လူငယ်များသည် မြို့တော် စည်ပင်သာယာရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးခွင့်မရှိပါ။ ၂၀၁၉မတ်လမှစတင်၍သာလျှင် အသက် ၁၈ နှစ်ပြည့်ပြီး မည်သူမဆို မြို့တော်စည်ပင်သာယာရွေးကောက်ပွဲများတွင် ဆန္ဒမဲ ပေးခွင့်ရှိလာခြင်းဖြစ်ပါသည် (McRae, 2019)။ ထိုအချက်သည် မြန်မာ့လူ့အဖွဲ့အစည်းတွင် ဓလေ့ထုံးတမ်းဆိုင်ရာအရခွဲခြားထားသည့် လိင်အခြေပြုခွဲခြားမှုများ မည်မျှပင်အမြစ်တွယ် နေ ကြောင်း မီးမောင်းထိုးပြထားပါသည်။ တောင်အာရှ၊ အရှေ့အာရှနှင့် အာရှတိုက်၏ များစွာသော ဒေသများတွင်လည်း ယောကျ်ားကိုသာ ပိုမိုတန်ဖိုးထားသည့်​ ဓလေ့ထုံးတမ်းများရှိသည့် အတွက် ထို ဒေသများရှိ လူ့အဖွဲ့အစည်းအများစုသည် သားယောကျာ်းလေးမွေးဖွားသန့်စင်ခြင်းကို သမီးမိန်း ကလေးမွေးဖွားလာခြင်းထက်ပင် ပိုမိုလှိုက်လှဲစွာပျော်ရွှင်ကြိုဆိုကြကြောင်းလည်း တွေ့ရပါသည် (OHCHR, UNFPA, UNICEF, UN WOMEN, WHO, 2011)။

    ယောကျ်ားများအား အထူးအာဏာအပ်နှင်းထားသည့်ဖြစ်ရပ်များကြောင့် မိသားစုအတွင်းတွင် ယောကျ်ားများအနေဖြင့်အခြားသော မိသားစု၀င်များအား ဆက်ဆံသည့်ပုံစံထက်သာလွန်သည့် ဆက်ဆံခံရခြင်းကို အလိုအလျောက်ရရှိစေရန် အားပေးထောက်ကူသကဲ့ သို့ဖြစ်နေပါသည်။ အိမ်ရှင်မများဖြစ်ကြသော မိခင်များနှင့် ၎င်းတို့၏သမီးအကြီးများသည် ဖခင်၏ လိုအပ်ချက်များကိုဖြည့်ဆည်းရန်တာ၀န်ရှိသည်ဟု မှန်းဆထားမှုများ ရှိလာကြသည်။ မိမိတို့၏ အင်တာ ဗျူးတွင်ပါ၀င်ဖြေဆိုသူများအနက်မှတစ်ဦးကမူ သူမအနေဖြင့် မိသားစုတွင်း ကြီးပြင်း လာမှုကို ယခုကဲ့သို့ပင် ပြန်ပြောင်းပြောပြထားပါသည်။​

    “အဖေ့အတွက် မနက်စာဆိုရင် မနက် ၉း၃၀ နဲ့ ညနေစာဆိုရင် ၄း၀၀ နာရီမှာရအောင် အမေက အဆင်သင့်ပြင်ထားပေးရပါတယ်။ ပြီးရင် အစားအသောက်က အမြဲပူပူနွေးနွေးရှိနေရပါတယ်၊ ကျွန်မအစ်မက ကြားထဲကဒဏ်ခံရပါတယ်၊ အစ်မကအကြီးဆိုတော့အမေ့ကို ထမင်းဟင်း ကူချက်ပေးရတယ်လေ။ အိမ်မှာကျန်တဲ့သူတွေက ဘယ်ချိန်စားစား စားလို့ရတယ်၊ အဖေ့ အတွက်တော့ သူစားစား၊ မစားစား သူပြောတဲ့အချိန်မှာ အဆင်သင့်ဖြစ်နေရပါတယ်။ မဖြစ် နေရင် သူက ပြဿနာရှာတတ်ပါတယ်။”

    ထို့အပြင် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း သိသာထင်ရှားသည့် စကားလုံးတစ်ခုမှာ “ကာမပိုင်လင်” ဆိုသည့် စကားလုံးဖြစ်ပါသည်။ ထိုစကားလုံးသည် လင်နှင့်မယားကြား အိမ်ထောင်ရေးသုခ ခံစားလိုသည့်ဖြစ်ရပ်များတွင် အမျိုးသမီးမှလိင်စိတ်ဆန္ဒမရှိသည့်တိုင် သူမ၏ယောကျ်ားမှ ဆန္ဒရှိလာပါကလိုက်လျောပေးရမည်ဆိုသည့် အမျိုးသားများအနေဖြင့် အချိန်မရွေး လိင်ဆက်ဆံ ပိုင်ခွင့်ရှိသည်ဆိုသည့် ရပိုင်ခွင့်ကို အပ်နှင်းထားခြင်းဖြစ်သည်။ အိမ်ထောင်ရေးများတွင် အမျိုး သမီးများအား အပိုင်ဆိုင်ခံပစ္စည်းများအဖြစ် သတ်မှတ်ထားခြင်းသည် မြန်မာ့လူ့အဖွဲ့အစည်းတွင် နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်လျက်ရှိနေပါသည်။ မိန်းမများအား ရိုက်နှက်ခြင်းကိုလည်း လက်ခံ နိုင်သည့်၊ အမျိုးသမီးများစည်းကမ်းရှိအောင် သွန်သင်သည့်အပြုအမူဟုဆိုကာ ခွင့်ပြုထား ခြင်းများရှိသည်ကိုလည်း တွေ့ရှိရသည်။ အချို့မိသားစုများတွင် အမျိုးသမီးများကိုယ်တိုင်ကပင် ၎င်းတို့၏ အိမ်ထောင်ရှင်မ တာ၀န်၀တ္တရားများကို ပျက်ကွက်ပါက ရိုက်နှက် အပြစ်ပေး ခံရန်ထိုက်တန်သည်ဟု ယုံကြည်လက်ခံထားကြသည်။ ထိုကဲ့သို့ အဆိပ်အတောက်ဖြစ်စေသည့် အယူအဆများသည် မြန်မာနိုင်ငံတွင်း တစ်စထက်တစ်စ များပြားလာသော အိမ်တွင်း အကြမ်း ဖက်မှုများနှင့် ၎င်းအကြမ်း ဖက်မှုများ မျိုးဆက်တစ်ဆက်မှ နောက်တစ်ဆက်သို့ လက်ဆင့် ကမ်းရန် တွန်းအားပေးနေသကဲ့သို့ ဖြစ်နေသည်။ အမျိုးသားများမှ အကြမ်းဖက် မှုများကိုကျူးလွန်ခြင်းနှင့် အမျိုးသမီးများအားရိုက်နှက်တတ်သည့် စိတ်နေသဘောထားများ၏ ဆက်နွယ်မှုများနှင့်ပက်သတ်၍ လေ့လာထားသည့် အချက်အလက်များမှာ အနည်းငယ်မျှ သာရှိသော်လည်း လေ့လာမှုပြုထားပြီးသော သုတေသနအချက်အလက်များအရ မြန်မာ နိုင်ငံတွင် မိသားစုတွင်းအကြမ်းဖက်ခံရသော အမျိုးသမီးများ၏ ၃၅ ရာခိုင်နှုန်းသည် ဖခင်မှ မိခင်သို့ကျူးလွန်သော အကြမ်းဖက်မှုများကို ကြုံတွေ့ခဲ့ရဖူးသည့် အတိတ်များရှိခဲ့ကြောင်း သိရှိရပါသည်။ အကြမ်းဖက်မှုများကိုလက် ဆင့်ကမ်းသယ်ဆောင်တတ်သောနည်းလမ်းများကို လေ့လာမှုများသည် အပြည့်အ၀ ပြီးပြည့်စုံခြင်းမရှိသေးသော်ငြားလည်း လက် ရှိရှိထားပြီးသော ကမ္ဘာလုံးဆိုင်ရာ လေ့လာမှုများအနေဖြင့် သားယောကျာ်းလေးများအနေဖြင့် ၎င်းတို့၏ ကလေးသူငယ်ဘ၀တွင် အတူနေချစ်သူ၊အိမ်ထောင်ဖက်အချင်းချင်းမှ ကျူးလွန်သည့် အကြမ်း ဖက်မှုများကို မြင်တွေ့လာရခြင်း၊ ၎င်းသည်ပုံမှန်အနေအ ထားဟု နားလည်လက်ခံ တတ် လာခြင်းကြောင့် အရွယ်ရောက်ကြီးပြင်းလာသည့်အခါ ၎င်းအကြမ်းဖက်မှုများကို ကျူးလွန်သူများဖြစ်လာခြင်းဖြစ်စဥ်သည် သမီးမိန်းကလေးများ၏ ကလေးသူငယ်ဘ၀တွင် အတူနေ ချစ်သူ၊အိမ်ထောင်ဖက်မှ ကျူးလွန်သည့်အကြမ်းဖက်မှုများကို မြင်တွေ့လာရခြင်း၊ ပုံမှန် အနေ အထားဟုနားလည်လက်ခံတတ်လာခြင်းနှင့် အရွယ်ရောက်ကြီးပြင်းလာသည့်အခါ ၎င်း အကြမ်းဖက်မှုများကို ခံစားကြုံတွေ့ရခြင်း ဖြစ်စဥ်နှစ်ခုသည် မတူကွဲပြားကြောင်း ညွှန်းဆို ထားမှုများရှိပါသည်။

    ယောကျာ်းဖြစ်ခြင်းကိုသာဦးစားပေးပြီး အဆိပ်အတောက်ဖြစ်စေသည့် လိင်အခြေပြု ခွဲခြား ထားသည့်ယုံတမ်းစကားများသည် မြန်မာနိုင်ငံရှိအမျိုးသားများ၏ဘ၀နေထိုင်မှုကို ပုံဖော်ရာတွင် အခရာကျသော အခန်းကဏ္ဍတွင်တည်ရှိနေပါသည်။​ ဥပမာအနေဖြင့် ဆက်ဆံရေးတစ်ခုတွင် အမျိုးသားရော၊ အမျိုးသမီးပါ အိမ်ထောင့်တာ၀န်များကို အတူတစ်ကွ ထမ်းဆောင်ကြသည်မှာ ပုံမှန်အနေ အထားပင်ဖြစ်သည်။ အချို့သောအနေအထားများတွင် အမျိုးသားဖြစ်သူမှ အလုပ် တစ်ခုမှတစ်ခုသို့ အကူးအပြောင်းစပ်ကြားကာ လတွင် ၀င်ငွေမရှိသည့်အခါ အမျိုးသမီး ၏၀င်ငွေကိုသာ မျှဝေသုံးစွဲခြင်းမျိုးရှိနိုင်သည်။ ထိုဖြစ်ရပ်သည် မြန်မာ့လူ့အဖွဲ့အစည်းတွင် ပုံမှန် အနေအထား(သို့မဟုတ်)အပြုသဘောဆောင်သည့် အနေအထားတွင်ရှိမနေပါ။ အမျိုးသမီးများ အနေဖြင့် မိသားစုတွင်းပင်မငွေရှာသူများ ဖြစ်လာကြသည့်အခါ အမျိုးသားများအား “ထမီနား ခိုစားတယ်” စသည့် အပြောများဖြင့် ပြင်းပြင်းထန်ထန် ရှုံ့ချတတ်ကြပါသည်။​ ၎င်းစကားပုံသည် အမျိုးသားများအနေဖြင့် ၎င်းတို့၏ အိမ်ထောင်ဖက်အမျိုးသမီးများ၏ ငွေကြေးကိုကပ်ပါးသဖွယ် တွယ်ကပ်စားသောက်တတ်ခြင်းဖြစ်ပြီး ၎င်းလုပ်ရပ်မှာ အမျိုးသားများအနေဖြင့် လုပ်သင့် လုပ်အပ်သောအရာမဟုတ်ပဲ​ အမျိုးသားများသည်သာ မိသားစုတွင်း၊ အိမ်ထောင်တွင်းတွင် ပင်မ ငွေရှာသူများဖြစ်သင့်သည်ဟု တွေးခေါ်ထားကြသည့်ယူဆချက်များကို အခြေခံထားခြင်းဖြစ်သည်။ မိသားစုအတွင်းတွင် သာတူညီမျှဖြစ်စေသည့် ငွေကြေးရှာဖွေစီမံမှုသည် ပုံမှန်အနေ အထား ဖြစ်သည်ဟု ပုံဖော်ရမည့်အစား မြန်မာ့လူ့အဖွဲ့အစည်းရှိ ထုံးတမ်းအစဥ်အလာများသည် အမျိုးသား နှင့်အမျိုးသမီးများအကြား ခွဲခြားမှုများကို ပိုမိုဆိုးရွားစေသည့်၊ ယောကျ်ားဖြစ်မှုကိုသာ အလေး သာစေသော အဆိပ်အတောက်ဖြစ်စေသည့် အသိအမြင်များကိုသွတ် သွင်းနေကြသည်။ ထို့အပြင် အာရှနှင့်ပစိဖိတ်ဒေသများတွင်ပြုလုပ်ထားသည့် သုတေသနအချက်အလက်များအရလည်း အမျိုး သားများအလုပ်လက်မဲ့ဖြစ်ရခြင်းမှာ ၎င်းတို့အနေဖြင့် အကြမ်းဖက်မှုများကို ပိုမိုကျူးလွန်စေသည့် ညွှန်းကိန်းတစ်ရပ်အနေဖြင့် တည်ရှိနေကြောင်းသိရှိရပါသည်။​ ယင်းကဲ့သို့ဖြစ်ရခြင်းမှာ အမျိုးသား များအနေဖြင့် ရှေးရိုးစွဲအစဥ်အလာအခြေပြုသည့် မိသားစုတွင်း သတ်မှတ်ချက်များဖြစ်ကြသည့် “ပင်မ ငွေရှာသူ” ဆိုသည့် အနေအထား မှေးမှိန်လာရသည့်အတွက် ၎င်းတို့၏ အင်အားကို အကြမ်း ဖက်မှုများကျူးလွန်ခြင်းဖြင့် ပြသလိုသောကြောင့်ဖြစ်သည်ဆိုသည့် အကြောင်းအရင်း တစ်ရပ် အနေဖြင့် ယူဆနိုင်ဖွယ်ရှိသည်။

    မြန်မာနိုင်ငံတွင်းရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကျူးလွန်ခြင်းအား တိုက်ဖျက် ရန်အတွက် မိသားစုများသည် အရေးပါသည့် အခန်းကဏ္ဍ တွင်ပါရှိသည်

    ကလေးသူငယ်များအား မည်သည့်အပြုအမူကသင့်တော်သည်၊ မည်သည့်အပြုအမူက လက်မခံ နိုင်ဖွယ်ဖြစ်သည်ဆိုသည်ကိုသင် ကြားသည့်နေရာတွင် မိသားစုသည် လက်ဦးဆရာဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး မကြာခဏအမျက်မာန်ဆောင်၊ ရန်ထောင်တတ်သည့် မိဘများနှင့် ကြီးပြင်းလာကြသည့် ကလေးသူငယ်များသည် ၎င်းအပြုအမူများကို လေ့လာပြီး ကြီးပြင်း လာတတ်ကြသည်။ ထိုအခြေအများနှင့် နေသားတကျ နေထိုင်ကြီးပြင်းလာကြသည့် ကလေး သူငယ်များသည် ပဋိပက္ခများအားဖြေရှင်းရာတွင်အကြမ်း ဖက်သည့်နည်းလမ်းသည် ရှောင်လွှဲ ၍မရနိုင်သောဖြစ်စဥ်ဟု နားလည်ကြီးပြင်းလာကြသည်။ အကြမ်းဖက်မှုများကို ကြုံတွေ့ ခံစားလာခဲ့ကြရသော (သို့မဟုတ်)​ ကလေးသူငယ်ဘ၀တွင် မိဘများအကြား အကြမ်းဖက်မှုများကို မြင်တွေ့၊ကြီးပြင်းလာကြသော က လေးသူငယ်များအနေဖြင့် ပဋိပက္ခများကို ဖြေရှင်းရာတွင် အကြမ်းဖက်ဖြေရှင်းသည့် အမူအကျင့်များကိုကျင့်သုံးရမည်ဟုနား လည် လက်ခံသွားနိုင် ဖွယ်ရာရှိပြီး ၎င်းတို့ အရွယ်ရောက်ကြီးပြင်းလာကြသည့်အခါတွင်လည်း ၎င်းတို့၏ ဆက်ဆံ ရေးများနှင့် အိမ်ထောင်ရေးများတွင်လည်း ထိုကဲ့သို့ အကြမ်းဖက်ရာရောက်သည့်  အပြုအမူများကို ဆက်လက်ကျင့်သုံးနိုင်ဖွယ်ရှိပါသည်။​

    ဖခင်မှမိခင်သို့ ကျူးလွန်သည့်အကြမ်းဖက်မှုများကို မြင်တွေ့ကြီးပြင်းလာကြသော သားများသည် ၎င်းတို့အရွယ်ရောက်လာသည့်အခါ ၎င်းတို့ကိုယ်တိုင်သည်ပင် အတူနေချစ်သူ၊ အိမ်ထောင်ဖက် အပေါ် အကြမ်းဖက်သည့်အပြုအမူများ ပြုလုပ်နိုင်သည်ဆိုသည့် အချက်အား မိမိတို့တွေ့ဆုံ မေးမြန်းခဲ့သော တက်ကြွလှုပ်ရှားသူများအနေဖြင့်လည်း သဘောတူလက်ခံကြပါသည်။​ အမျိုးသားများအနေဖြင့် အကြမ်းဖက်၊ အနိုင်ကျင့်တတ်သော အပြုအမူများကို ၎င်းတို့ဖခင်များ၏ မိခင်များ အပေါ်ဆက်ဆံသည့်ပုံစံများမှ အတုမြင်၊ အတတ်သင်ခဲ့ကြပြီး ၎င်းတို့အရွယ်ရောက်လာပြီး ချစ်သူ၊ အိမ်ထောင်ဖက်များရှိလာကြသည့်အခါတွင်လည်း ထိုကဲ့သို့ပြုမူတတ်ကြသေးသည်ဟု ဖြည့်စွက် ဆွေးနွေးကြပါသည်။ လက်ရှိတွင်မူ သိသာထင်ရှားသည့် အချက်အလက် ကိန်းဂဏန်းများ မရှိသေးသော်လည်း မြန်မာ့လူ့အဖွဲ့အစည်းအတွင်းတွင် အကြမ်းဖက်မှုများကို လက်ဆင့်ကမ်း သယ်ဆောင်နေသည့် အလေ့အထရှိနေသည်မှာ သေချာသည့်အချက်ပင် ဖြစ်ပါသည်။ လူသိ များသည့် တက်ကြွလှုပ်ရှားသူတစ်ဦးအနေဖြင့်မူ အကြမ်းဖက်မှုများကို မျိုးဆက်တစ်ဆက်မှ နောက်တစ်ဆက်သို့ လက်ဆင့်ကမ်းသယ်ဆောင်နေပုံကို အောက်ပါအတိုင်းပင် အတိအကျ ဆွေးနွေးထားပါသည်။​

    “အဖိုးက အဖွားကိုချစ်လို့၊ အဖေက အမေ့ကိုချစ်လို့၊ ကျွန်တော်လည်း ခင်ဗျားကို ချစ်လို့။ ပြီးရင်တော့ ချစ်တယ် ဆိုတဲ့ စကားလုံးထဲမှာ ရိုက်သည် လို့ ပြောင်းလဲလိုက်ရုံပါပဲ၊ အဖိုးက အဖွားကို ရိုက်တယ်လေ၊ အဖေလည်း အမေ့ကို ရိုက်တာပဲ၊ ဒီတော့ ကျွန်တော်လည်း ခင်ဗျားကို ရိုက်ရမှာပေါ့။”

    လိင်အခြေပြုခွဲခြားသည့် လူမှုဓလေ့ဆိုင်ရာယုံတမ်းစကားများသည် မြို့ကြီးပြကြီးများတွင် တစ်ဖြည်းဖြည်းပြောင်းလဲလာကြသော် လည်း မြန်မာ့လူ့အဖွဲ့အစည်းအတွင်းရှိ လူအများစုသည် အတူနေချစ်သူ၊အိမ်ထောင်ဖက်မှ အနိုင်ကျင့်ခံရမှုကိစ္စများသည် လူမှုအသိုင်းအ၀ိုင်းမှ ၀င်ရောက် စွက်ဖက်ရန် မအပ်စပ်သည့် အိမ်တွင်းရေးပြဿနာသာဖြစ်သည်ဟု ယူဆပြီးပါ၀င်ရန် မသင့်တော်ဟုသတ် မှတ်ထားကြသည်။ မိသားစုသည် မြန်မာ့လူ့အဖွဲ့အစည်းရှိ လူမှုအသင်းအဖွဲ့အဆင့်များတွင် အရေးပါသည့်အစိတ်အပိုင်းတစ်ခုဖြစ် သည်။​ ယုတ္တိမတန်သော၊ ကျိုးကြောင်းဆီလျော်မှုမရှိသော ဓလေ့ထုံးတမ်းဆိုင်ရာ ယုံတမ်းစကားများသည် အမျိုးသမီးများအနေ ဖြင့် အနိုင်ကျင့် အကြမ်း ဖက်မှုများနှင့် ပြည့်နှက်နေသာ ဆက်ဆံရေး၊ အိမ်ထောင်ရေးများမှရုန်းထွက်နိုင်စွမ်းကို အားအင်ယုတ် လျော့စေသည့် ကြီးလေးသော အဟန့်အတားအဖြစ်တည်ရှိနေပြီး အနိုင်ကျင့် စော်ကားတတ်သော အတူနေချစ်သူ၊ အိမ်ထောင်ဖက်များ၏ ကျူးလွန်ခြင်းကိုခံနေရသည့် အကြမ်း ဖက်မှု အဆိုးကျော့သံသရာ၏ ထောင်ချောက်တွင်းသာရှိနေစေရန်ပိတ်လှောင်ထားသကဲ့သို့ ဖြစ်စေသည်ဟု သုတေသနလေ့လာချက်များမှ သိရှိရသည်။

    အကြမ်းဖက်မှုများကိုချုပ်ငြိမ်းရန်အတွက် မိသားစုအတွင်းတွင် အမျိုးသားများ၏အခွင့်အာဏာကို မည်သို့မည်ပုံသုံးစွဲခွင့်ပေးထားသနည်းဆိုသည့် အခြင်းအရာများကို ပြန်လည် သုံးသပ် ဆင်ခြင်ရမည်ဖြစ်သည်။​ မည်သည့်အကြမ်းဖက်မှုမဆိုသည် တစ်ခုတည်း သီးသန့် ဖြစ်သည် မဟုတ်ပဲ အကြမ်းဖက်မှုသံသရာစက်၀န်း လည်ပတ်သည့်အလျောက် ဖြစ်ပေါ် နေသည့်အတွက် မိသားစုအတွင်း လက်ဆင့်ကမ်းသယ်ဆောင်တတ်သော အကြမ်းဖက် မှုဖြစ်စေသည့် မည်သည့်ချိတ်ဆက်မှုကိုမဆို ဖြတ်တောက်ပစ်ရန် အချိန်ကျရောက်ပြီဖြစ်ပါသည်။​ အရေး အကြီးဆုံး သတိပြုရမည့်အချက်မှာမူ လုပ်သင့်လုပ်အပ်သော အလုပ်များကို လုပ်ကိုင် ဆောင်ရွက်ရန်ပျက်ကွက်ခြင်းသည် မိမိတို့၏ နောင်မျိုးဆက်အား အကြမ်းဖက်မှုများနှင့်သာ ထိတွေ့မြဲထိတွေ့နေစေပြီး ၎င်းတို့ကိုယ်တိုင်သည် ပင်လျှင် အကြမ်းဖက်သူများ(သို့မဟုတ်) အကြမ်းဖက်ခံရသူများအဖြစ်ကြီးပြင်းလာကြခြင်းနှင့် ထိုအကြမ်းဖက်မှု သံသရာကို ရှည် လျားစေသည့် အန္တရာယ်ခြိမ်းခြောက်မှုနှင့်ရင်ဆိုင်ရနိုင်ဖွယ်ရှိသည့် အခင်းအကျင်းကို ဖန်တီးပေးနေ သကဲ့သို့ ဖြစ်စေနိုင်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ၎င်းတို့၏ အစိုးရအဖွဲ့တွင်းပါ၀င်သည့် အမြင်များတွင် တစ်ဖက်ကမူ အတူနေချစ်သူ၊အိမ်ထောင်ဖက်မှ အကြမ်းဖက်မှုကျူးလွန်ခြင်းကို အလေးပေးဖြေရှင်းရမည့် စိန်ခေါ်မှုဟုသဘောထားသည့် ပိုမိုတိုးတက်သောအသွင်ဆောင်သည့် အမြင်များရှိပြီး၊ အခြားတစ်ဖက်ကမူ မိသားစု၏အခန်းကဏ္ဍကို လူမှုအဖွဲ့အစည်းတည်ဆောက်ရန် ရည်ရွယ်သည့် အဆောက်အအုံခိုင်ခံ့စေမှုဟု တွေးမြင်နိုင်သည့် အမြင်များရှိသည့်အတွက် ထိုအမြင်မတူညီကြသည့် နှစ်ဖက်စလုံးမှပေါ်ထွက်လာနိုင်သည့် တင်းမာ မှုများကိုလည်း သတိချပ် နိုင်ရန်လိုအပ်ပါသည်။​ မျိုးဆက်တစ်ဆက်မှ နောက်တစ်ဆက်သို့ လက်ဆင့်ကမ်း သယ်ဆောင်တတ်သည် ဆိုသည့်အချက်ကို ရှုမြင်တွေးခေါ်နားလည်နိုင်ခြင်းသည် ဤနေရာတွင်အရေးအကြီးဆုံး အချက်ဖြစ်သည့်အတွက် မူ၀ါဒရေးရာချမှတ်အကောင်အထည်ဖော်သူများသည် အခြားဖြစ်နိုင်ချေ ရှိသော ကိုင်တွယ်ဖြေရှင်းနည်းများကို ရှာဖွေရန်လိုအပ်သည်ကို အသိအမှတ်ပြုရန် လိုအပ်သကဲ့သို့ ကလေးသူငယ်များ၏ စိတ်ပိုင်းဆိုင်ရာလုံခြုံပျော်ရွှင်မှုကိုလည်း ထည့်သွင်းစဥ်းစားရန်လိုအပ် ပါသည်။​ သို့ပါသောကြောင့် အကြမ်းဖက်သံသရာအဆိုးကျော့စက်၀န်းကို ဖြတ်တောက် ပစ်ရန်အတွက် စဥ်းစားလုပ်ကိုင်သောဖြေရှင်းနည်းများအား အလျင်စလို လိုအပ်နေပါသည်။ ဖခင်မှမိခင်သို့ ကျူးလွန်သည့်အကြမ်းဖက်မှုများကို မြင်တွေ့ကြီးပြင်းလာပြီး အရွယ်ရောက် ကြီးပြင်းလာသော ကလေးသူငယ်များအနေဖြင့် ၎င်းတို့၏ အတူနေချစ်သူများအပေါ် အကြမ်း ဖက်မှုများကျူးလွန်ခြင်း (သို့မဟုတ်)​ ထိုအကြမ်းဖက်မှုများကို ခါးစည်းခံကြရသည့် ဖြစ်ရပ်များကြားတည်ရှိသည့် ဆက်နွယ်မှုများကိုလည်းအသေး စိတ်သုတေသနများထပ်မံပြုလုပ်ကြရန်လည်း မိမိတို့အနေဖြင့် နိဂုံးချုပ် အကြံပြုလိုပါသည်။​

    အေးသီရိကျော်သည် ဖီးမနစ်တစ်ဦးဖြစ်ပြီး မြန်မာ့လူ့အဖွဲ့အစည်းအတွင်းရှိ ဖြစ်ပွားလျက်ရှိသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ အိမ်တွင်းအကြမ်းဖက်မှုများနှင့် အနိုင်ကျင့်စော်ကားမှုများကို အများပြည်သူများသိရှိလာအောင် အသိပညာပေးဖြန့်၀ေသည့် ဆွေးနွေးငြင်းခုံမှုများတွင် တက်ကြွ စွာ ပါ၀င်အားဖြည့်နေသူတစ်ဦးဖြစ်ပါသည်။ သူမအနေဖြင့် စိတ်၀င်တစား သုတေသနပြု လေ့လာ သည့် နယ်ပယ်များမှာ  မိသားစုတွင်း အကြမ်းဖက်မှု၊ အတူနေချစ်သူ၊အိမ်ထောင်ဖက်များမှ ကျူးလွန်သည့် အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုနှင့်အကြမ်းဖက်မှု စသည့် ပညာရပ်နယ်ပယ်များဖြစ်ပါသည်။

    မင်းတင့်ဗိုလ်သည် လန်ဒန်အခြေစိုက် ဖီးမနစ်တစ်ဦးဖြစ်ပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲများဆိုင်ရာ ကိစ္စရပ်များအတွက် လွတ်လပ်သော အကြံပေးတစ်ဦးအနေဖြင့် အသက် မွေး၀မ်းကြောင်း ပြုလျက်ရှိပါသည်။​ သူ၏စိတ်၀င်စားမှု သုတေသနနယ်ပယ်များမှာ လူမျိုးကြီး ဗဟိုပြုအမျိုးသားရေးဝါဒ၊ လိင်ပိုင်းဆိုင်ရာအခြေပြုအကြမ်းဖက်မှုများနှင့်တရားစီရင်ရေးနှင့်ဥပဒေပြုရေးဆိုင်ရာ မူဘောင်များ ဖြစ်ပါသည်။