8 Minutes To Read

အပြစ်အနာအဆာများဖြင့် စတင်ခြင်း၊ ရတနာ့ CSR စီမံကိန်း အားလေ့လာအကဲဖြတ်ခြင်း

8 Minutes To Read
  • English
  • Corporate Accountability Myanmar (CAM) အနေဖြင့် မြန်မာနိုင်ငံရှိ ကော်ပိုးရေးရှင်းကြီးများ၏ လူမှုတာ၀န်ခံမှုဆိုင်ရာ အစီအမံများ (CSR) ကျုရှုံးခဲ့ရမှုများကို ဖော်ထုတ်ရေးသားထားပါသည်။

     

    ယခုဆောင်းပါးအား မတ်လ ၁၀ ရက်နေ့ ၂၀၂၂ ခုနှစ်တွင် ပထမဦးဆုံးအကြိမ် ပုံနှိပ်ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုလိုပါက ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

    A signboard for TotalEnergies EP Myanmar behind a closed gate in Yangon, Myanmar. (Photo: AFP)

    Total ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် နှစ်၃၀ကျော် လုပ်ငန်းလုပ်ကိုင်ပြီးနောက် တနင်္သာရီတိုင်းရှိ ရတနာ ဓာတ်ငွေ့ထုတ်လုပ်ရေး စီမံကိန်းမှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ ၎င်းတို့၏ စီမံကိန်းအား ၁၉၉၀ ပြည့်နှစ်များတွင် တပ်မတော်၏ တပ်ဖွဲ့များအား အသုံးပြု၍ ကာကွယ်ခဲ့ခြင်းအတွက် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ပြစ်မှုများကြောင့် ကျဆင်းခဲ့ရသော ဂုဏ်သိက္ခာအား ပြန်လည်ဆယ်ယူရန်အတွက် စီမံကိန်းလုပ်နေစဥ်တလျှောက်တွင် ကုမ္ပဏီအနေဖြင့် လူမှုတာ၀န်များယူသည့် မဟာဗျူဟာတရပ်အား ချမှတ် အကောင်အထည်ဖော်ခဲ့သည်။

    ကုမ္ပဏီ၏ လူမှုတာဝန်ခံမှုဆိုင်ရာ အစီအမံများ (CSR) ကြောင့် အကျိုးကျေးဇူးများ ဖြစ်ထွန်းခဲ့ကြသူများ၊​ စာသင်ကျောင်းဆောက်လုပ်မှုများ၊ ကျန်းမာရေးတိုးတက်လာမှုများနှင့် ကုမ္ပဏီအနေဖြင့် မျှဝေခဲ့သည့် ငွေကြေးများအစရှိသည့် အကျိုးရလဒ်များသည် ကိန်းဂဏာန်းအရ ကြည့်မည်ဆိုပါက အထင်ကြီးလောက်စရာဖြစ်ပါသည်။ သို့သော်လည်း ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ လူမှုတာဝန်ခံမှုဆိုင်ရာ  အစီအမံများ (CSR) ကျရှုံးခဲ့ရခြင်းကြောင့် လူမှုပတ်ဝန်းကျင်အပေါ်တွင် အဖျက်သဘောဆောင်သည့် ရလဒ်များတည်ရှိနေမှုနှင့် ပတ်သက်၍ ထည့်သွင်းစဥ်းစားရန် ပျက်ကွက်ခဲ့ပါသည်။ CAM အနေဖြင့် စီမံကိန်းများ ပြုလုပ်ခဲ့သည့် နေရာဒေသများရှိ ဒေသခံပြည်သူများအား အင်တာဗျူးများ ပြုလုပ်ခဲ့ရာ  CSR မအောင်မြင်ခဲ့ရ သည့် အချက် ၃ ချက်ကို လေ့လာသိရှိခဲ့ရသည်။ (၁)   ရပ်ရွာလူထုမှ ကုမ္ပဏီ အပေါ် မှီခိုလွန်းခြင်း၊  (၂) ရေရှည်တည်မြဲမှုကို ထည့်သွင်းစဥ်းစားထားမှု မရှိခြင်း (၃) တာ၀န်ခံမှုပျက်ကွက်ခြင်း အစရှိသည်တို့ပင် ဖြစ်ပါသည်။. Total ကုမ္ပဏီ၏ CSR အစီရင်ခံစာအနေဖြင့် ၎င်းတို့ကြောင့် အပြုသဘောဆောင်သည့် ရလဒ်များသာ ဖြစ်စေခဲ့သည်ဟု ရေးသားထားသော်လည်း မိမိတို့၏ သုတေသနရှာဖွေတွေ့ရှိချက်များအရ အပြုသဘောဆောင်သည့် ရလဒ်များသာ မဟုတ်သည်ကို  တွေ့ရှိရပါသည်။ ရတနာ့ဓာတ်ငွေ့တူးဖော်ရေး စီမံကိန်းလုပ်ငန်းကြောင့် ထိခိုက်ခံစားခဲ့ရသူ များအားမကျေလည်မှုများဖြင့် ထားရစ်ခဲ့ပြီး ထိရောက်သည့် ပြန်လည် ကုစားပေးမှုများ မပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။ ကုမ္ပဏီ၏ CSR သည် ၎င်းတို့ကို ဖုံးကွယ်ရန် ရည်ရွယ်သည့် အသွင်ဆောင်နေသည်။

    ယခုဆောင်းပါးအတွက် သုတေသနပြုခြင်း နည်းလမ်း

    ၂၀၂၁ခုနှစ် နိုဝင်ဘာလတွင် CAM အနေဖြင့် တနင်္သာရီတိုင်း ထားဝယ်ခရိုင် ‌ရေဖြူမြို့ အနောက်တောင်ဘက်ရှိ ရတနာ့ဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းသွားသည့် ကန်ဘောက်၊ ဖောင်းတော၊ ဒမင်းဆိပ်၊ အုန်းပင်ကွင်း၊ မိချောင်းလောင်း၊ ဇာဒီနှင့် ကလိုင်းအောင်အစရှိသည့် ရွာများရှိ ဒေသခံ ၁၆ဦးအား အင်တာဗျူးများပြုလုပ်ခဲ့ပါသည်။  အထက်ပါရွာခုနှစ်ရွာမှာ Total ၏ CSR အစီအမံများ ပြုလုပ်ခဲ့သော ရွာပေါင်း၃၃ ရွာတွင် ပါဝင်သည့် ရွာများ ဖြစ်ကြပါသည် (မြေပုံ-၁အားကြည့်ပါ)။ အင်တာဗျူးဖြေဆိုခဲ့သည့် မြို့ခံ ၁၆ ဦးအနက်မှ ၇ဦးသည် Total ၏ ဝန်ထမ်းဟောင်းများဖြစ်ကြပါသည်။ ဖြေဆိုသူ၂ဦးမှာ ကျေးရွာဆက်သွယ်ပြန်ကြားရေးဌာန နှင့် ကျေးရွာဘဏ် ကော်မတီတို့မှ ဖြစ်ကြပါသည်။ ၎င်းအဖွဲ့အစည်းနှစ်ခုမှာ Total အနေဖြင့် ၎င်းတို့၏ CSR လုပ်ငန်းများကို ပံ့ပိုးရန်ဖွဲ့စည်းပေးထားသည့် ကော်မတီများဖြစ်ကြပါသည်။ ကျန်ရှိသည့် ဖြေဆိုသူ ၇ဦးမှာမူ Total ၏ CSR အစီအမံများဆိုင်ရာ ကျေးရွာကော်မတီများနှင့် တရားဝင် ပတ်သက်မှုမရှိသည့်သူများ ဖြစ်ကြပါသည်။ ဖြေဆိုသူ ၆ဦးမှာ အမျိုးသမီးများဖြစ်ပြီး ၁၀ဦးမှာ အမျိုးသားများဖြစ်ကြပါသည်။ လုံခြုံရေးကန့်သတ်မှုများ ရှိသည့်အတွက် မိမိတို့အနေဖြင့် အဆိုပါ ရွာ၇ရွာသို့သွားရောက်နိုင်ခြင်းမရှိခဲ့သော်လည်း အင်တာဗျူးတစ်ခုလျှင် အချိန်တစ်နာရီခန့်ယူကာ ဖုန်းမှတဆင့် မေးမြန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။. ထိုအင်တာဗျူးအား စာဖြင့်ရေးသားမှတ်တမ်းယူပြီးနောက် ထပ်မံသိရှိရန် လိုအပ်သည့် အချက်အလက်များကို မေးမြန်းခြင်းများပြုခဲ့ပါသည်။ အစီရင်ခံစာများနှင့် Total နှင့် Chevron တို့၏ မဟာဗျူဟာများအပြင် CSR နှင့် တာဝန်ခံမှုဆိုင်ရာ အကြောင်းအရာများကို ရေးသားထားသည့် စာအုပ်စာပေနှင့် မှတ်တမ်းများကိုလည်း စာရင်းပြုစုသုတေသနပြုလုပ်ခြင်းများ ရှိခဲ့ပါသည်။

    ရတနာ့ဓာတ်ငွေ့ပိုက်လိုင်းသည် တနင်္သာရီတိုင်းအား သွယ်တန်းဖြတ်သန်းထားသော ဓာတ်ငွေ့ပိုက်လိုင်း ၃ခုအနက် ၁ခုဖြစ်ပါသည် (မြေပုံ-၂ အားကြည့်ပါ)။ မြေပုံ-၂တွင် တနင်္သာရီတိုင်းရှိ Total ကုမ္ပဏီ၏ စီမံကိန်းဖြစ်သော ရတနာ့ဓာတ်ငွေ့ပိုက်လိုင်း၊ Petronas ၏ စီမံကိန်း ရဲတံခွန်ပိုက်လိုင်းနှင့် PTTEP ၏ စီမံကိန်းဖြစ်သော ဇောတိကပိုက်လိုင်း အစရှိသည်တို့ကို မြင်တွေ့နိုင်ပါသည်။ အဆိုပါ ပိုက်လိုင်းများအား  နီးနီးကပ်ကပ် အပြိုင်သွယ်တန်းထားပြီး၊ အချို့ဒေသခံများသည် အဆိုပါများပြားသောစီမံကိန်းများကြောင့်   အောက်တွင် ရှင်းပြထားသကဲ့သို့ ထိခိုက်ခံစားရမှုများရှိပါသည်။  

    မြေပုံ-၁၊ ရတနာ့ အစီအမံများပါဝင်သည့် ရွာများ (Source: Yadana CSR Report 2015)
    မြေပုံ ၂၊ တနင်္သာရီတိုင်းအား သွယ်တန်းဖြတ်သန်းထားသော ဓာတ်ငွေ့ပိုက်လိုင်း ၃ခု (Source: Total, 2021)

    Total ကုမ္ပဏီ၏ ကျဆင်းပျက်စီးခဲ့ရသော ဂုဏ်သိက္ခာ

    [1] Total ကုမ္ပဏီအနေဖြင့် အန်ဒမန်ပင်လယ်ပြင်မှ ဓာတ်ငွေ့ထုတ်ယူရန်အတွက် အမေရိကန်နိုင်ငံ အခြေစိုက် Unocal ကုမ္ပဏီ (ယခုအချိန်တွင် ထိုကုမ္ပဏီသည် Chevron သို့ ပြန်လည်ရောင်းချသွားပြီဖြစ်သည်) နှင့် ပူးပေါင်း၍ ၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလများတွင် မြန်မာနိုင်ငံသို့ ၀င်ရောက်လာခဲ့ပါသည်။ ရတနာ့ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းသည် ၁၉၉၈ခုနှစ်တွင် စတင်ခဲ့ပြီး ရှယ်ယာ၀င်များအနေဖြင့် Total (၃၁.၂၄%)၊ Unocal/Chevron (၂၈.၂၆%)၊ ထိုင်းနိုင်ငံပိုင် PTT Exploration and Production (၂၅.၅၀%) နှင့် မြန်မာနိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်း (၁၅%) စသည်ဖြင့် အသီးသီးပါရှိပါသည်။ ထိုဓာတ်ငွေ့ပိုက်လိုင်းအား မုတ္တမ သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး MGTC မှ စီမံခန့်ခွဲပြီး ရှယ်ယာဝင်များမှာ အထက်ပါ ရှယ်ယာဝင်များဖြစ်ကြပါသည်။

    အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်ခြင်းကြောင့် ပေါ်ပေါက်လာရသည့် လူ့အခွင့်အရေချိုးဖောက်မှုများအား လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းအချို့မှ မှတ်တမ်းတင်ထားခြင်းများလည်း ရှိပါသည်။ အဆိုပါ အဖွဲ့အစည်းများတွင် Earth Rights International၊ International Federation of Human Rights Leagues၊ Investor Responsibility Research Centre၊ Mon Information Center၊ Karen Human Rights group နှင့် Amnesty International တို့ပါဝင်ပါသည်။ ကရင်အမျိုးသားအစည်းအရုံးနှင့် မွန်ပြည်သစ်ပါတီအစရှိသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်လည်း ရတနာ့ဓာတ်ငွေ့ပိုက်လိုင်းအား ဆန့်ကျင်ကန့်ကွက်မှုများရှိခဲ့ပါသည်။ အဆိုပါအဖွဲ့အစည်းများအနေဖြင့် ၎င်း ဓာတ်ငွေ့ပိုက်လိုင်းဆောက်လုပ်ရေး စီမံကိန်းကြောင့် ကျေးလက်နေပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးရမှု၊ အတင်းအဓမ္မ ဖိအားပေး ရွှေ့ပြောင်းခံရမှု၊ မြေသိမ်းယာသိမ်းဖြစ်မှုများနှင့် အတင်းအကျပ် ဖိအားပေး အလုပ်စေခိုင်းမှု အစရှိသည့် ကိစ္စရပ်များကို ဝေဖန်ထောက်ပြခဲ့ပါသည်။ တပ်မတော်၏ တပ်ဖွဲ့များအား ထိုဒေသများသို့ နယ်မြေထိန်းသိမ်းရန် စေလွှတ်ခဲ့သည့်အခါ ရွာသားများအနေဖြင့် စစ်သားများအတွက် တပ်စခန်းများ ဆောက်လုပ်ပေးရခြင်း၊ ၎င်းတပ်စခန်းများနှင့် အနီးတဝိုက်အား သန့်ရှင်းရေးပြုလုပ်ရခြင်းတို့ကိုပါ ပြုလုပ်လာခဲ့ရပါသည်။ ရွာသားများအနေဖြင့် အလုပ်သမားအဖြစ် အတင်းအကျပ် စုဆောင်းခံရပြီး စခန်းတစ်ခုမှတစ်ခုသို့ ပစ္စည်းများ သယ်ယူပို့ဆောင်ပေးရခြင်းနှင့် တပ်မတော်၏ တိုက်ခိုက်ရေးလုပ်ငန်းများတွင်လည်း တပ်ဖွဲ့ဝင်များအတွက် စစ်လက်နက်များ သယ်ယူပို့ဆောင်ရခြင်းတို့ကို ပြုလုပ်ခဲ့ရပါသည်။ ရွာသားများအနေဖြင့် စစ်စခန်းများ ဆောက်လုပ်ရန်အတွက် ငွေကြေးများထည့်ဝင်ရန် ဆက်ကြေးပေးရခြင်းနှင့်လည်း ရင်ဆိုင်ခဲ့ရပါသည်။ ထို့အပြင် ရွာသားများအနေဖြင့် မုဒိမ်းကျင့်ခံရခြင်းများ၊ ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုများ၊ လူငယ်လူရွယ်များအား အတင်းအကျပ်တပ်သားစုဆောင်းခြင်းများ၊ စစ်တပ်မှ အသုံးချရန်အတွက် အရပ်သားပြည်သူများ၏ မော်တော်ယာဥ်များအား လုယူသိမ်းဆည်းခြင်းများနှင့် တိရစ္ဆာန်များအား ခိုးယူခြင်းများစသည့် အနိုင်ကျင့်စော်ကားမှုများကိုလည်း ကျူးလွန်ခံခဲ့ရပါသည်။ [1]Total နှင့် Unocal တို့အနေဖြင့် ရတနာ့ဓာတ်ငွေ့စီမံကိန်းနှင့် ပတ်သက်၍ လူ့အခွင့်အရေးချိုးဖောက်မှုများရှိသည့်အတွက် အမေရိကန်နိုင်ငံရှိ ဖယ်ဒရယ်တရားရုံးများနှင့် ပြင်သစ်နိုင်ငံရှိ တရားရုံးများတွင် တရားစွဲဆိုခြင်းခံခဲ့ရပါသည်။ Unocal အနေဖြင့် မြန်မာနိုင်ငံမှ တရားစွဲဆိုသူ ၁၅ဦးဖြင့် ၂၀၀၅ ခုနှစ်တွင် အမှုရင်ဆိုင်ခဲ့ရပါသည်။ ထို့နောက်တွင်   Unocal မှ ၎င်း၏ ကုမ္ပဏီအား Chevron သို့ ရောင်းချသွားခဲ့ပြီး Total အနေဖြင့်လည်း တရားရုံးတွင် အမှုရင်ဆိုင်ဖြေရှင်းခဲ့ရပါသည်

    Total ကုမ္ပဏီ၏ CSR အစီအစဥ်များ

    Total ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ ရတနာ့သဘာဝဓာတ်ငွေ့လုပ်ငန်းအား ၁၉၉၅ တွင် တည်ဆောက်ပြီးသည့်အချိန်မှ စတင်၍ ကျဆင်းသွားခဲ့ရသော ၎င်းတို့၏ ဂုဏ်သိက္ခာအား ပြန်လည်အဖတ်ဆယ်နိုင်စေရေးအတွက် ကျေးရွာပေါင်း ၁၃ရွာတွင် CSR အစီအစဥ်များ စတင်ခဲ့သည်။ ၎င်း CSR အစီအစဥ်များတွင် ကျန်းမာရေး၊ ပညာရေး၊ စွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံများ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ တိုးတက်စေရေးတို့အား ဦးစားပေး လုပ်ကိုင်ခဲ့သည်။ Total အနေဖြင့် ၎င်း CSR လုပ်ငန်းများအား နှစ်အနည်းငယ်ကြာပြီးချိန်တွင် အသေးစားငွေချေးလုပ်ငန်းနှင့် နေရောင်ခြည်စွမ်းအင်ရရှိရေးတို့ပါ ဆက်လက်ချဲ့ထွင်လုပ်ကိုင်ခဲ့သည်။ ၎င်းလုပ်ငန်းများသည် ၂၀၁၂ သို့ရောက်သောအခါ ကျေးရွာပေါင်း ၃၃ရွာထိ ချဲ့ထွင်နိုင်ခဲ့သည်။ ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများတည်ရှိသည့် ဒေသများတွင် ပြုလုပ်ခဲ့သော CSR လုပ်ငန်းများသည် Total ကုမ္ပဏီမှ တိုက်ရိုက်အကောင်အထည်ဖော်ခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် အခြားသော နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း၍ နိုင်ငံတော်အဆင့် စီမံကိန်းများကို ပြုလုပ်ခဲ့ကြသည်။ ၂၀၂၀ ခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  Total ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ CSR လုပ်ငန်းများကို ရပ်တန့်ခဲ့ရသည်။

    Total ကုမ္ပဏီအနေဖြင့် ၁၉၉၅ ခုနှစ်မှသည် ၂၀၂၀ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၅၁.၉ သန်းအား ၎င်းတို့၏ CSR လုပ်ငန်းများအတွက် အသုံးပြုခဲ့သည်။ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ်ရန်အတွက်လည်း ၁၉၉၈ခုနှစ်မှစတင်၍ ဓာတ်ငွေ့တူးဖော်ရေးပိုက်လိုင်းတည်ရှိသည့် တနင်္သာရီတိုင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစီမံကိန်း Tanintharyi Nature Reserve Project (TNRP)ကို CSR လုပ်ငန်းမျ၏ တစ်စိတ် တစ်ပိုင်းအဖြစ် လုပ်ကိုင်ခဲ့သည်။ Total ကုမ္ပဏီ၏ CSR  အသင်းအဖွဲ့အား ဒေသခံ ၂၃ ဦးပါဝင်သည့် အဖွဲ့ဝင်ပေါင်း ၄၉ဦးဖြင့် ဖွဲ့စည်းထားခဲ့သည်။ ထိုအဖွဲ့ဝင်များတွင် လုပ်အားပေးများ၊ ကျေးရွာများနှင့် ဆက်သွယ်ရေး ကော်မတီနှင့် ကျေးရွာဘဏ်ကော်မတီများမှ အဖွဲ့ဝင်များလည်း ပါဝင်သည်။ ထိုကော်မတီများအနေဖြင့် Total ကုမ္ပဏီ၏ CSR လုပ်ငန်းများအတွက် အဖွဲ့ဝင်များနှင့် ကျေးလက်နေ ဒေသခံများကြား ဆက်သွယ်ဆောင်ရွက်ရေးများအား အဓိကထားလုပ်ကိုင်ခဲ့သည်။

    Total ကုမ္ပဏီ၏ ပြောကြားချက်အရ “CSR အား ၎င်းတို လုပ်ငန်းဆောင်ရွက်မှုများ၏အဓိကမူဝါဒတစ်ရပ်အဖြစ်  ထည့်သွင်း ၍အလေးထားဆောင်ရွက်သည်” ဟု ပါရှိသည်။ ကနဦးကာလများတွင်မူ ၎င်းတို့၏ စီမံကိန်းများသည် ဝေလံခေါင်ဖျားသည့် နေရာဒေသများတွင် နေထိုင်နေကြရသည့် ပြည်သူများအား နိုင်ငံတော်မှ ဖြည့်ဆည်းပေးနိုင်စွမ်းမရှိသည့် လမ်းပန်းဆက်သွယ်ရေးတိုးတက်လာစေရေး လုပ်ငန်းများနှင့် အများပြည်သူကျန်းမာရေးစောင့်ရှောက်မှု အစရှိသည့် လုပ်ငန်းများအား အင်တိုက်အားတိုက်ဆောင်ရွက်ပေးခဲ့သည်။ ထိုအစီအစဥ်များမှာ “ရေရှည်တည်တံ့မှုနှင့် ရပ်ရွာပတ်ဝန်းကျင်မှ ပါဝင်နိုင်မှု” တို့အား ဦးတည်ကာ တဖြည်းဖြည်းပြောင်းလဲလာကြောင်း ပြောဆိုထားသည်။ Total  ကုမ္ပဏီအနေဖြင့် ၎င်းတို့ စီမံကိန်းများ၏ သက်ရောက်မှုများအား Collaborative Learning and Action (CDA) နှင့် Myanmar Marketing, Research, and Development (MMRD) တို့မှ ပူးပေါင်း၍ ပုံမှန် လေ့လာဆန်းစစ်၊အကဲဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်းကိုလည်း ကြေငြာခဲ့သည်။  ၂၀၁၄ခုနှစ်တွင် အကျိုးသက်ဆိုင်သူများ အားလုံးနှင့်  ဆက်ဆံရေးအား စီမံခန့်ခွဲမှုဆိုင်ရာ လေ့ကျင့်ခန်းအား ပြုလုပ်ခဲ့ပြီး ရလဒ်အနေဖြင့် “TEPM Stakeholder Holder Engagement Plan” အား ရေးဆွဲခဲ့ပြီး CSR မဟာဗျူဟာများအား ညှိနှိုင်းချမှတ်ခဲ့သည်။

    Totalကုမ္ပဏီ၏ ကိန်းဂဏန်းများအရ CSR ရလဒ်များ

    Total ကုမ္ပဏီ၏ အစီရင်ခံစာတွင် ၎င်းတို့၏ စီမံကိန်းတည်ရှိရာဒေသများရှိ အကျိုးကျေးဇူးများခံစားခဲ့ကြရသောသူများ၊ ၎င်းတို့၏ ဇာတ်ကြောင်းများနှင့် ကျန်းမာရေးနှင့် ပညာရေးဖွံ့ဖြိုးတိုးတက်လာမှုတို့အား အသေးစိတ် ကိန်းဂဏန်းများဖြင့် ဖော်ပြထားခဲ့သည်။ ဥပမာအနေဖြင့် ထားဝယ်တွင် နှစ်စဥ် တက္ကသိုလ် ကျောင်းသူ၊ကျောင်းသား ၄၅ဦးအား ပညာသင်ဆုများပေးအပ်ခဲ့သည်။ ၂၀၁၉တွင် ကန်ဘောက်ကျေးရွာတွင်လည်း Total ကုမ္ပဏီအနေဖြင့် ထားဝယ်နည်းပညာတက္ကသိုလ်မှ ကျောင်းသူကျောင်းသား၄ဦးအား အလုပ်သင်အဖြစ် ခန့်အပ်ခဲ့သည်။  ရန်ကုန်မြို့တွင်လည်း “ရတနာ့ ဂဟော်ဆော်ခြင်းအတတ်ပညာစင်တာ” အား ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံရှိ လုပ်ငန်းများလိုအပ်နေသည့် စွမ်းရည်များကို ဖြည့််တင်းရန် ဆောင်ရွက်မှုများလည်း ရှိခဲ့ပါသည်။

    ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်၍ ဆရာဝန်၆ဦးအနေဖြင့် ကျန်းမာရေးစင်တာ ၄ခုသို့ အပတ်စဥ်လာရောက် ဆေးကုသမှုပေးကာ ကျန်းမာရေးအထောက်အကူပြု ဝန်ထမ်း ၇၁ ဦးနှင့် ကျေးလက်ကျန်းမာရေးစောင့်ရှောက်သူများ ခန့်အပ်ထားပေးပြီး ရပ်ရွာပြည်သူလူထုလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု အကြံဥာဏ်များပေးနိုင်ရန် စီစဥ်ဆောင်ရွက်ခဲ့မှုများလည်း ရှိပါသည်။ ၎င်းလုပ်ငန်းများမှာ ကုသမှုပေးရာမှကူးစက်နိုင်ခြင်းမရှိသည့် ရောဂါများအား ကာကွယ်ရန်နှင့် ဟန့်တားရန် ဖြစ်ပါသည်။ Total ကုမ္ပဏီအနေဖြင့် Helen Keller International (HKI) မှ တည်ထောင်ခဲ့သည့် အစီအစဥ်အား ထောက်ပံ့ကူညီရန်အတွက် အမြင်အာရုံချို့တဲ့သူများ အမြင်အာရုံပြန်လည်ရရှိစေရေးအတွက် လက်ရှိတည်ရှိပြီးသား ခွဲစိတ်ခြင်းဆိုင်ရာ စက်ပစ္စည်းနှင့် ယန္တရားများ ပိုမိုကောင်းမွန်လာစေရန် ပံ့ပိုးပေးခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် အမြင်အာရုံချို့တဲ့သူ ၅၀ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့သည်။ ၎င်းတို့၏ အသေးစားငွေချေးလုပ်ငန်းများမှတဆင့် ၂၀၁၉ခုနှစ်တွင် နွမ်းပါးပြည်သူပေါင်း ၁,၅၇၂အား ချေးငွေများ ပံ့ပိုးပေးခဲ့ပြီး ထိုသူများအနက် ၈၇ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြပါသည်။ ထိုရလဒ်များအား ကြည့်ရှုပါက အထင်ကြီးလောက်စရာဖြစ်သော်ငြားလည်း ရတနာဓာတ်ငွေ့ပိုက်လိုင်း၏ ဆိုးကျိုး သက်ရောက်မှုနှင့် Total ကုမ္ပဏီ၏ CSR လုပ်ငန်းများနှင့်  ဆက်နွယ်သော ပြဿနာများနှင့် ချိန်ထိုးကြည့်သည့်အခါ အကျိုးထက်အပြစ်က အလေးသာသည်ကို တွေ့ရှိရပါသည်။

    Total ကုမ္ပဏီ၏ CSR အစီအမံများကြောင့် ရွာသားများခံစားခဲ့ကြရသည့် မကျေလည်မှုများ

    အဆိုပါ အစီအစဥ်များမှ အကျိုးကျေးဇူးများပေါ်ပေါက်လာခဲ့သော်လည်း မိမိတို့အနေဖြင့် ဒေသခံများနှင့် စကားပြောဆိုဆွေးနွေးသည့်အခါတွင်မူ CSR အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားခြင်း မခံရသည့် ဖြေရှင်းနိုင်ခြင်းမရှိသေးသည့် မကျေလည်မှုများ ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။ အင်တာဗျူးများပြုလုပ်ရာတွင် သိရှိခဲ့ရသည့် အကြောင်းအရာများအရ ရတနာ့ CSR အစီအစဥ်များသည် စတင်တည်ထောင်ချိန်မှစ၍ အပြစ်အနာအဆာများနှင့်သာ စတင်ခဲ့ကြောင်းသိရှိရပါသည်။ အောက်ပါ စာပိုဒ်များတွင် မိမိတို့အနေဖြင့် CSR လုပ်ငန်းများ မည်သို့မည်ပုံ ကျရှုံးခဲ့ရပြီး ၎င်းတို့ရည်မှန်းထားခဲ့သည့် ရပ်ရွာလူထုအား စွမ်းရည်မြှင့်တင်ပေးနိုင်ရန်ဆိုသည့် ရည်မှန်းချက် ကျရှုံးခဲ့ကြောင်း ရေးသားသွားမည်ဖြစ်ပါသည်။ ပထမဦးဆုံးအနေဖြင့် ၎င်းတို့သည် မှီခိုစိတ်ကိုသာ ဖန်တီးခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲခြင်းကို ထည့််သွင်းစဥ်းစားရန် ပျက်ကွက်ခဲ့သည်။ ဒုတိယအချက်အနေဖြင့် ၎င်းအစီအစဥ်များတွင် တာဝန်ခံမှုကို ထည့်သွင်းခဲ့ခြင်းမရှိပါ။ တတိယအချက်အနေဖြင့် ထိခိုက်ခံစားရသော ရပ်ရွာလူထုနှင့် ထိရောက်စွာ ဆက်ဆံဆောင်ရွက်နိုင်ခြင်းမရှိသကဲ့သို့ ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းကြောင့် ထိခိုက်ခံစားကြရသည့် ပြည်သူများနှင့် ကျေးလက်နေလူထုမျာအား ပြန်လည်ကုစားနိုင်သည့် နည်းလမ်းများကို ဖော်ထုတ်ပေးရန်လည်း ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။

    မှီခိုမှုကို ဖန်တီးခြင်း

    Total အနေဖြင့် ကျေးလက်နေပြည်သူများလိုအပ်သည့် ဝန်ဆောင်မှုများနှင့် လိုအပ်သည့် လမ်းပန်းဆက်သွယ်ရေး အဆောက်အအုံများကို ဖြည့်ဆည်းပေးမည်ဟု ကတိများထားရှိခဲ့ကြသည့်အတွက် ကျေးရွာသူ၊ရွာသားများအနေဖြင့် လွန်ခဲ့သည့်နှစ်များတွင် Total ကုမ္ပဏီအပေါ်တွင် အလွန်အကျွံ မှီခိုမှုများရှိခဲ့ကြကြောင်း မိမိတို့၏ သုတေသနပြုချက်များအရ သိရှိရပါသည်။

    အင်တာဗျူးဖြေဆိုသူတစ်ဦး၏ ပြောစကားအရ “ အစိုးရက မလုပ်ပေးနိုင်တဲ့ ဝန်ဆောင်မှုတွေကို ကုမ္ပဏီက ၁၉၉၆ ကတည်းက ဖြည့်ဆည်းပေးခဲ့တဲ့အတွက် အဲ့ဒီဝန်ဆောင်မှုတွေရရှိတဲ့ ကျေးရွာတွေအနေနဲ့ အစိုးရထက် ကုမ္ပဏီဆီကပဲ ဒီလို ဝန်ဆောင်မှုမျိုးတွေကို ရရှိဖို့ ကြိုးစားကြပါတယ်” ဟု ပြောဆိုခဲ့သည်။ ထို့အတွက်ကြောင့် ကုမ္ပဏီအနေဖြင့် ၂၀၁၀ နှောင်းပိုင်းတွင် အစိုးရမှတာဝန်ယူရမည့် ဝန်ဆောင်မှုများအား ၎င်းတို့အနေဖြင့် ဆက်လက်လုပ်ကိုင်ခြင်းများကို စွန့်လွှတ်ရန် မူဝါဒများအား ပြောင်းလဲလိုက်သည့်အခါတွင် ပြဿနာများပေါ်ပေါက်လာခဲ့ပါသည်။ ၎င်းတို့အနေဖြင့် စာသင်ကျောင်းများ၊ လမ်းများနှင့် တံတားများ ဆောက်လုပ်ရန် ငြင်းဆန်လာကြသည်။ Total ကုမ္ပဏီ၏ လုပ်ငန်းများကြောင့် ထိခိုက်ခဲ့ရသော အုန်းပင်ကွင်းကျေးရွာတွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားခဲ့သည့် ရွာအဝင်လမ်းနှင့် တံတားအား ပြန်လည်တည်ဆောက်ပေးပါရန် ကျေးလက်နေလူထုမှ ကုမ္ပဏီအား တောင်းဆိုခဲ့သည်။ သို့သော်လည်း ကုမ္ပဏီဖက်မှ ၎င်းလုပ်ငန်းများအတွက် ရန်ပုံငွေချပေးရန် ငြင်းဆန်ခဲ့ပြီး ရွာသားများအနေဖြင့် ၎င်းတို့၏ တောင်းဆိုမှုကို မဖြည့််ဆည်းပေးခဲ့သည့်အတွက် ဆန္ဒပြခြင်းများရှိလာခဲ့သည်။

    ရွာသားများအနေဖြင့် လျှပ်စစ်မီးရရှိမှုနှင့် ပတ်သက်၍ မကျေနပ်မှုများကိုလည်း ထုတ်ဖော်ပြသခဲ့သည်။ ရွာသားများ၏ ပြောစကားများအရ Total ကုမ္ပဏီအနေဖြင့် ဓာတ်ငွေ့ပိုက်လိုင်းအား သွယ်တန်းဖြတ်သန်းထသော ကျေးရွာများအတွက် လျှပ်စစ်မီးပေးရန် ၁၉၉၀ ပြည့်နှစ်များကတည်းက ကတိကဝတ်များပေးအပ်ခဲ့ပြီးဖြစ်သည်။ လျှပ်စစ်မီးပေးရန်မှာ နိုင်ငံတော်အစိုးရ၏ တာဝန်ဖြစ်သော်ငြားလည်း ကုမ္ပဏီ၏ အတုအယောင် မျှော်လင့်ချက်များသည် ရွာသားများ၏ မကျေနပ်မှုများကို မီးမွှေးပေးသကဲ့သို့ဖြစ်စေခဲ့သည်။ ထိုအချိန်တွင် ကန်ဘောက်ဒေသရှိ ကျေးရွာများအနေဖြင့် နံနက် ၆ နာရီမှ ည ၉း၃၀ အထိ လျှပ်စစ်မီးဖြန့်ဖြူးပေးသည့် ပုဂ္ဂလိကမီးစက်များကိုသာ အားကိုးအားထားပြုကြရပြီး ထိုအတွက်လည်း တစ်အိမ်ထောင်လျှင် တစ်လကို မြန်မာကျပ်ငွေ ၃၀၀၀ မှ ၅၀၀၀ အထိ ပေးချေခဲ့ရသည်။ ၂၀၀၉ခုနှစ်တွင် Dawei Development Public Company အနေဖြင့် ၎င်းဒေသများသို့ ၂၄ နာရီ လျှပ်စစ်မီးပေးခဲ့သည်။ အဆိုပါ လျှပ်စစ်မီးရရန်အတွက် ဒီဇယ်ဆီအား အသုံးပြုရပြီး မီတာခ တစ်ယူနစ်လျှင် ကျပ်ငွေ ၅၀၀ မှ ၈၀၀ ထိ ကုန်ကျသည်။ ၂၀၁၇ ခုနှစ် NLD အစိုးရလက်ထက်တွင်မူ Petron and Trans Company အား ဓာတ်ငွေ့တာဘိုင်များမှတဆင့် လျှပ်စစ်မီးထုတ်လုပ်ဖြန့်ဖြူးရန် ခွင့်ပြုခဲ့ပြီး မီတာခသုံးစွဲငွေ တစ်ယူနစ်လျှင် ၂၀၀ ကျပ်အထိ လျှော့ချပေးခဲ့သည်။​ ဓာတ်ငွေ့တာဘိုင်များအတွက် လိုအပ်သည့် ဓာတ်ငွေ့အား ဇောတိက ဓာတ်ငွေ့တူးဖော်ရေးပိုက်လိုင်းမှ ဝယ်ယူရန်လည်း အစိုးရမှ ညှိနိုင်းပေးခဲ့သည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ကုမ္ပဏီမှ အတုအယောင်မျှော်လင့်ချက်များ ပေးခြင်းကြောင့် ရပ်ရွာပြည်သူလူထုအနေဖြင့် ကုမ္ပဏီအပေါ်တွင် မယုံကြည်မှုများသာ တိုးပွားလာခဲ့သည်။ မဖြည့်ဆည်းပေးနိုင်သည့် အတုအယောင် မျှော်လင့်ချက်များပေးခြင်းနှင့် အစိုးရ၏ တာဝန်အား ဝင်ရောက်ရယူခြင်းဖြင့် ကုမ္ပဏီအနေဖြင့် ၎င်းတို့အပေါ်တွင် ရပ်ရွာနေပြည်သူများ ၁၀နှစ်ကျော်ကြာ မှီခိုနေစေရန် ပြုလုပ်ခဲ့သည်။ ထိုမျှော်လင့်ချက်များ ပြည့်မီခြင်းမရှိသည့်အခါ ရပ်ရွာနေလူထုအနေဖြင့် ကုမ္ပဏီအပေါ်တွင် မကျေလည်မှုများသာ ဖြစ်ပေါ်လာခဲ့သည်။ အလွန်အကျွံမှီခိုအားထားစေခြင်းကြောင့် ရေရှည်တည်တံ့ဖွံ့ဖြိုးခြင်းမရှိသည့် နည်းလမ်းသည်သာ ရလဒ်အဖြစ် ကျန်ရစ်ခဲ့သည်။

    ရေရှည်တည်တံ့ဖွံ့ဖြိုးနိုင်မှုမရှိခြင်း

    Total ကုမ္ပဏီ၏ CSR စီမံကိန်းများသည် မြန်မာနိုင်ငံရှိ ပကတိ စီးပွားရေးအခြေအနေအတွက် ကျေးလက်နေပြည်သူများလိုအပ်သည့် လိုအပ်ချက်များကို ပြညမီနိုင်ခြင်းမရှိပါ။ လက်ရှိမြေပြင်အခြေအနေနှင့် ကွာဟနေခြင်းများကြောင့် ၎င်းတို့၏ အစီအစဥ်များမှာ ရေရှည်တည်တံ့နိုင်သည့် ရလဒ်ကို မရရှိနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ဖြေဆိုသူတစ်ဦးအနေဖြင့် လယ်ယာစိုက်ပျိုးရေးရလဒ်များသည် CSRစီမံကိန်းများအနက် ထိရောက်မှု အနည်းဆုံးရလဒ် တစ်ခုဖြစ် သည်ဟု ဖြေဆိုခဲ့ပါသည်။  ဥပမာပေးရသော် လက်ရှိမြေပြင်အနေအထားနှင့် ကိုက်ညီမှုမရှိသည့် ကောက်ပဲသီးနှံများကို စိုက်ပျိုးရခြင်းဖြစ်ပြီး ၎င်းကြောင့်တောင်သူများ၏ ဝင်ငွေများလည်း ထိခိုက်ခဲ့ရသည်။ တနင်္သာရီတိုင်းရှိ စီးပွားဖြစ်ဆီအုန်းစိုက်ခင်းများနှင့် နှိုင်းယှဥ်ပါက ရွာသားများ၏ ဆီအုန်းစိုက်ခင်းများမှာ အလွန်သေးငယ်သော်လည်း ဆီအုန်းနှင့် ရာဘာစိုက်ပျိုးခြင်းသည်လည်း သဘာဝပတ်ဝန်းကျင်အတွက် ဆိုးကျိုးများဖြစ်ခဲ့ရသည်။ ဖြေဆိုသူတစ်ဥအနေဖြင့် “ကုမ္ပဏီရဲ့ CSR အဖွဲ့က ကျေးလက်နေပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေတော့ လုပ်ပေမယ့် သူတို့က လူထုလိုအပ်တာထက် သူတို့ဖြစ်ချင်တာတွေကိုပဲ ဦးစားပေး ပြောကြတယ်” ဟု ဖြေဆိုခဲ့ပါသည်။

    ဥပမာအနေဖြင့် သဲချောင်းကျေးရွာတွင် ရတနာ့ CSR အဖွဲ့မှ ရွာသားများ၏ သီဟိုဠ်စေ့စိုက်ခင်းများအား ရှင်းလင်းစေပြီး ဆီအုန်းများစိုက်ပျိုးရန် တိုက်တွန်းမှုများရှိခဲ့သည်။  ၂၀၀၀ ပြည့်နှစ် အစောပိုင်းလောက်တွင် ဆီအုန်းစိုက်ခင်းများသည် နိုင်ငံတော်မှ အားပေးထောက်ကူပေးခဲ့သည့် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည်။ CSR အဖွဲ့အနေဖြင့် ဆီအုန်းစိုက်ပျိုးရေးသည် တိုးတက်လာမည့်ကဏ္ဍဖြစ်ပြီး အဆိုပါ တိုးတက်မှုများကြောင့် လယ်သမားများ ဝင်ငွေလည်း တိုးတက်လာလိမ့်မည်ဟု မျှော်လင့်တွက်ဆခဲ့ပုံရသည်။ သို့ရာတွင် ဆယ်နှစ်ကျော်ကြာပြီးသည့်တိုင် မြန်မာနိုင်ငံအနေဖြင့် ဆီအုန်းဆီများကို မလေးရှားနိုင်ငံမှ တင်ပို့နေရဆဲဖြစ်ပြီး မလေးရှားနိုင်ငံမှသာ ကုန်ပစ္စည်းအချောထည်များ ပြုလုပ်ကြသည်။ ထို့ကြောင့် လယ်သမားအနေဖြင့် ဆီအုန်းစိုက်ခင်းများအား ရှင်းလင်းပြီး အမြတ်အစွန်းပိုမိုများပြားသော ရော်ဘာကိုသာ စိုက်ပျိုးလာကြသည်။ ယခုလေ့လာဆန်းစစ်ချက်အရ ထိုစီမံကိန်းများကြောင့် ကုမ္ပဏီနှင့် ကျေးလက်နေပြည်သူလူထု မည်သူတစ်ဦးတစ်ယောက်ကမှ အကျိုးအမြတ်ဖြစ်ထွန်းသွားခဲ့ခြင်းမရှိပါ။ ထိုစီမံကိန်းပြုလုပ်ခြင်းကြောင့် ကုမ္ပဏီနှင့် မြို့ခံလူထု၏ အရင်းအမြစ်များသာ ပျက်စီးပြုန်းတီးသွားကြောင်း ဖြေဆိုခဲ့ကြသည်။ ဤအကြောင်းအရာအား လေ့လာကြည့်မည်ဆိုပါက CSR  လယ်ယာစိုက်ပျိုးရေး စီမံကိန်းသည် ရွာသားများအတွက် ရေရှည်တည်တံ့နိုင်သည့် ဝင်ငွေလည်ပတ်စေရန် ပျက်ကွက်ခြင်းနှင့် ဆီအုန်းစိုက်ခင်းများကြောင့် ဖြစ်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများကိုသာ ဖြစ်ပေါ်စေခဲ့ခြင်းကြောင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ရလဒ်မရှိစေခဲ့ကြောင်း တွေ့ရှိရပါသည်။

    သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် ပေါ်ပေါက်လာသည့် ဆိုးကျိုးများအား တာဝန်ခံရန် ပျက်ကွက်ခြင်း

    မိမိတို့၏ သုတေသနပြုချက်အရ ရတနာ့ဓာတ်ငွေ့ပိုက်လိုင်းကြောင့် တနင်္သာရီတိုင်း သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဒေသတွင် ဖြစ်ပေါ်လာသည့် ဆိုးကျိုး ၃ရပ်အား မီးမောင်းထိုးပြလိုပါသည်။ ထိုဆိုးကျိုးရလဒ်များအတွက် Total ကုမ္ပဏီအနေဖြင့် ပိုမို၍ တာဝန်ခံနိုင်သော်လည်း တာဝန်မခံခဲ့ပါ။ Total ကုမ္ပဏီအနေဖြင့် ၎င်းဆိုးကျိုးရလဒ်များအား တုန့်ပြန်ရန်အတွက် CSR အစီအမံအသစ်များကိုသာ ထပ်မံမိတ်ဆက်ခဲ့ပြီး ပြဿနာ၏ အရင်းအမြစ်ကို ကိုင်တွယ်ဖြေရှင်းခြင်းမရှိခဲ့ပါ။

    ရပ်ရွာလူထုနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ထိရောက်မှု မရှိခြင်း

    ရေတိုက်စားမှုကြောင့် ၂၀၁၀ခုနှစ်တွင် ဒမင်းဆိပ်ငါးဖမ်းရွာ၏ တောင်ပိုင်းအနီးတွင် ရတနာ့ဓာတ်ငွေ့ပိုက်လိုင်းကြီး ရေပေါ်တွင် စတင်ပေါ်လာခဲ့ပါသည်။ အခြေအနေများ ပိုမိုဆိုးရွားလာခြင်းကို ကာကွယ်ဟန့်တားနိုင်ရန်အတွက် Total ကုမ္ပဏီအနေဖြင့် ကျောက်တုံးများအသုံးပြု၍ အုတ်တံတိုင်းတည်ဆောက်ခဲ့သည်။ မြောက်မှတောင်သို့ သွယ်တန်းထားသော ထိုအုတ်တံတိုင်းသည် ၇မိုင်ခန့်အမြင့်ရှိပြီး ၁.၅ မိုင်ခန့် ရှည်လျားသည်။ ထိုအုတ်တံတိုင်းတည်ဆောက်ပြီးစီးသည့်နှစ်များဖြစ်သည့် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ကမ်းစပ်ပြိုကျခြင်းကြောင့် ကမ်းနားလမ်း အပါအဝင် ပင်လယ်နှင့် ကပ်လျှက် တည်ဆောက်ထားသည့် အိမ်ခြေ၄၀ခန့် ပျက်ဆီးခဲ့သည်။ ထိုဖြစ်ရပ်သည် Total မှတည်ဆောက်သည့် အုတ်တံတိုင်းကြောင့် ဖြစ်သည်ဟု ရွာသားများမှ သံသယရှိခဲ့ကြသည်။ သို့သော်လည်း ကုမ္ပဏီအနေဖြင့် တည်ဆောက်မှုမပြုခင်ကတည်းက ဖြစ်လာနိုင်မည့် အကျိုးဆက်များအား သေချာစွာစစ်ဆေးလေ့လာခဲ့ကြောင်းနှင့် ထိုပြိုကျရမှုမှာ ဥတုရာသီဖောက်ပြန်မှုကြောင့်သာဖြစ်သည်ဟု ပြန်လည်ချေပကာ စွပ်စွဲချက်အား ငြင်းဆန်ခဲ့သည်။ ရွာသားများအနေဖြင့် ထိုအုတ်တံတိုင်းမတည်ဆောက်မီက ရပ်ရွာလူထုနှင့် မည်သည့် တိုင်ပင်ဆွေးနွေးမှုများကိုမျှ ပြုလုပ်ခဲ့ခြင်းကို မကြားသိခဲ့ရကြောင်းလည်း ပြောဆိုခဲ့ကြသည်။

    Totalကုမ္ပဏီအနေဖြင့် ထိခိုက်ခံစားခဲ့ကြရသည့် အိမ်ခြေများသို့ ၎င်း၏ CSR အဖွဲ့ကိုသာ စေလွှတ်၍ အခြေခံ လူသုံးကုန်နှင့် စားသောက်ကုန်များ ဖြန့်ဝေရန်ကြိုးပမ်းခဲ့သည်။ ဖြေဆိုသူတစ်ဦး၏ ပြောစကားအရ “သူတို့ကုမ္ပဏီက လူထုကပြောတာကို ဘာမှ နားမထောင်ပဲ သူတို့မှန်တယ်ထင်တာပဲ သူတို့လုပ်ကြတာ” ဟုပြောဆိုခဲ့ပါသည်။  ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ တည်ဆောက်မှုကြောင့် ထိခိုက်ခံစားခဲ့ရသည့် ကျေးရွာလူထုကို တိုင်ပင်ဆွေးနွေးရန်သာမက နားထောင်ရန်နှင့် ပျက်စီးဆုံးရှုံးမှုကို ကြုံတွေ့ခံစားခဲ့ရသည့် ကျေးရွာလူထုကတောင်းဆိုသော လျော်ကြေးများအား ပေးဆောင်ရန်လည်း ငြင်းဆန်ခဲ့ကြသည်။

    လယ်ယာမြေများ ဆုံးရှုံးရမှုနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအား ပြန်လည် ထူထောင်ပေးရန် ပျက်ကွက်မှု

    ရတနာ့ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် ၁၉၉၀ ပြည့်နှစ်များတွင် လယ်ယာမြေများဆုံးရှုံးခဲ့ကြရသူများအတွက် Totalအနေဖြင့် လျော်ကြေးငွေ ပမာဏတစ်ခုအား ပေးအပ်ခဲ့ပါသည်။ သို့သော်လည်း လျော်ကြေးငွေရရှိခဲ့သည့် အုန်းပင်ကွင်းကြေးရွာရှိ ကျေးရွာလူထု၏ ၉၀ရာခိုင်နှုန်းမှာ လယ်ယာမြေနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရသည်။ အချို့သော ဖြေဆိုသူများအနေဖြင့် ၎င်းလျော်ကြေးငွေများအား ရွာသားများမှ စုဆောင်းထားခြင်းမရှိနိုင်သည်ကို အပြစ်တင်ခဲ့ကြသည်။ အချို့သူများအနေဖြင့်လည်း ရွာသားများသည် ထိုမျှလောက်များပြားသည့် ငွေကြေးကို မည်သို့မည်ပုံ စီမံခန့်ခွဲရမည်ကို မသိရှိနိုင်ဟု ဖြေဆိုခဲ့ကြသည်။ အချို့ကမူ ကုမ္ပဏီအနေဖြင့် ထိုရွာသားများ ဝင်ငွေရှာဖွေနိုင်မည့် ရေရှည်အစီအမံတစ်ခုကို ချမှတ်အကောင်အထည်ဖော်ခဲ့သင့်ကြောင်း ပြောဆိုကြသည်။

    အသက်မွေးဝမ်းကြောင်းမှု ပြုလုပ်နိုင်သည့် အစီအမံများကို ကောင်းစွာလိုက်နာဆောင်ရွက်ခြင်းမရှိပဲ လျော်ကြေးငွေသီးသန့်သာ ပေးခြင်းသည် နိုင်ငံတကာစံနှုန်းများနှင့် ကြည့်မည်ဆိုပါက ကိုက်ညီမှုမရှိသည်ကို တွေ့နိုင်ပါသည်။  International Finance Corporation၏ အဆိုအရ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအား ပြန်လည်ထူထောင်ပေးရေးသည် ၎င်းတို့၏ ဘဝတလျှောက်တွင် လယ်ယာမြေကိုသာ မှီခိုခဲ့ရပြီး အခြားသော အသက်မွေးဝမ်းကြောင်းမှုများ ပြောင်းလဲလုပ်ကိုင်ရန် လိုအပ်သည့် စွမ်းရည်နှင့် အရည်အသွေးမရှိသူများအတွက် လိုအပ်ပါသည်။ နိုင်ငံတကာစံချိန်စံနှုန်းများအရလည်း  လယ်ယာမြေဆုံးရှုံးလိုက်ရသူများအား ၎င်းတို့၏ ဆုံးရှုံးလိုက်ရသည့် လယ်ယာမြေနှင့်တန်ဖိုးချင်းတူညီသည့် လယ်ယာမြေများကို ပြန်လည်ပေးအပ်ပြီး ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းမှုများ ပြန်လည်ရရှိအောင် ဆောင်ရွက်ရမည်ဟု အကြံပြုပါရှိပါသည်။​

    Total ကုမ္ပဏီအနေဖြင့် လယ်ယာမြေဆုံးရှုံးသွားကြသူများအား လျော်ကြေးငွေပေးအပ်လိုက်ရုံမျှဖြင့် ၎င်းတို့တာဝန်ကျေပွန်ပြီဟု ယူဆထားခဲ့ကြသည်။ လယ်ယာမြေမျာအား ငွေကြေးအရသာ တန်ဖိုးဖြတ်ခဲ့သည်။ ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ ဓာတ်ငွေ့ပိုက်လိုင်းတူးဖော်ခြင်းကြောင့် ဆုံးရှုံးသွားရသော လယ်ယာမြေများအပေါ်တွင် တည်မှီရပ်တည်နေရသည့် ကျေးလက်နေလူထု၏ အသက်မွေးဝမ်းကြောင်းမပျက်စီးစေရန်အတွက် တာဝန်ယူရန် ပျက်ကွက်ခဲ့ကြသည်။

    ငါးဖမ်းခြင်းအပေါ် သက်ရောက်မှု

    ကျောက်သရံနှင့် ဖြူနက်ကျေးရွာများတွင် ရွာသားများအနေဖြင့် ပင်လယ်တွင်းသို့ ပိုက်ချငါးဖမ်းခြင်းများ ပြုလုပ်သည့်အတွက် ထိုငါးဖမ်းပိုက်များမှာ ဓာတ်ငွေ့ပိုက်လိုင်းများနှင့် ငြိကာ ပျက်စီးကြရပြီး ကျေးလက်နေလူထုများ၏ အသက်မွေးဝမ်းကြောင်းမှုများ ထိခိုက်ခဲ့ရသည်။ ဤဒေသတွင် Total ကုမ္ပဏီမှ တူးဖော်နေသော သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် Petronas မှ တူးဖော်သည့် ရဲတံခွန်ပိုက်လိုင်း၊ PTTEP မှ တူးဖော်သည့် ဇောတိကပိုက်လိုင်းတို့နှင့် နီးနီးကပ်ကပ် အပြိုင်တည်ရှိနေသည် (မြေပုံ-၂အား ကြည့်ပါ)။ သက်တမ်းရင့်အိုဟောင်းနေပြီဖြစ်သည့် ဓာတ်ငွေ့ပိုက်လိုင်းများနှင့် ငါးဖမ်းပိတ်များ ငြိကာ ပျက်စီးခြင်းများလည်း ဖြစ်ပေါ်ခဲ့ပါသည်။ ထိုအခါမျိုးတွင် ရွာသားများအနေဖြင့် ထိုငါးဖမ်းပိုက်များအား မိမိတို့ဖက်မှသာ ကုန်ကျစရိတ်ခံ၍ ပြင်ဆင်ရပြီး ငါးဖမ်းပိုက်ပြင်နေစဥ်တွင်လည်း ငါးဖမ်းခြင်းလုပ်ငန်းကို လုပ်ကိုင်နိုင်ခြင်းမရှိပါ။ ရွာသားများအနေဖြင့် တိုင်ကြားမှုများ ပြုလုပ်သည့်အခါတွင်လည်း မည်သည့်ပိုက်လိုင်းကုမ္ပဏီကမှ တာဝန်ယူဖြေရှင်းပေးခြင်းမရှိခဲ့ပါ။ ဖြေဆိုသူများ၏ ပြောစကားများအရ NLD အစိုးရလက်ထက်တွင် ၎င်းတို့၏ အခက်အခဲများအား အရပ်ဖက်အဖွဲ့အစည်းများနှင့် မီဒီယာများမှ ကြားသိလာကြပြီး ငါးဖမ်းလုပ်ငန်း အာဏာပိုင်များထံ သတင်းပေးပို့မှုများ ပြုလုပ်ခဲ့ကြသည့်အတွက် ၎င်းတို့၏ အခက်အခဲများအား ၂၀၁၉ ခုနှစ်တွင် ဖြေရှင်းရန် ကြိုးပမ်းမှုများရှိခဲ့သည်ဟု ဖြေဆိုခဲ့ပါသည်။ သို့ရာတွင်လည်း ကိုဗစ်ရောဂါကြောင့် ထိုရွာများသို့ ကွင်းဆင်းကူညီရန်လုပ်ငန်းများ နှောင့်နှေးခဲ့ရသည်။

    အခြားဖြစ်ရပ်တစ်ခုတွင်မူ ၎င်းတို့၏ ဘိုးစဥ်ဘောင်ဆက် ငါးဖမ်းလုပ်ငန်းလုပ်လာကြသူများအနေဖြင့် နှစ်စဥ် ပိုက်လိုင်းပြုပြင်ပြင်ဆင်ခြင်းများ ပြုလုပ်သည့် ရက်သတ္တပတ် တစ်ပတ် (သို့မဟုတ်) နှစ်ပတ်အတွင်း ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းမှုများအား ပြုလုပ်ရန် တားမြစ်ပိတ်ပင်ခံခဲ့ရသည်။ ထို့ကြောင့် ၎င်းတို့၏ ဝင်ငွေလည်းထိခိုက်ခဲ့ရသည်။ Totalကုမ္ပဏီအနေဖြင့်   2020 Universal Registration ၏ အခန်း-၅ တွင်ပါရှိသည့်  “non-financial performance: value creation for host regions,” ဆိုသည့်နေရာတွင် မြန်မာနိုင်ငံတွင် စီမံကိန်းမပြုလုပ်မီ လေ့လာဆန်းစစ်မှုများတွင် ငါးဖမ်းလုပ်ငန်းနှင့် ပတ်သက်သည့် အရေးကိစ္စများကို လေ့လာဆန်းစစ်ထားသည်ဟု ထည့်သွင်းဖော်ပြထားသည်။  ၎င်းတို့အနေဖြင့် အဆိုပါဒေသရှိ ကျေးရွာတစ်ရွာစီ၏ ငါးဖမ်းသမားများ၊ ဖမ်းမိသော ငါးမျိုးစိတ်များနှင့် ထုတ်လုပ်ရောင်းချသော ငါးများအစရှိသည့် ကွင်းဆက်ကြီးတစ်ခုလုံးအပေါ် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို တွက်ချက်ဖော်ပြမည်ဟု ပါရှိပါသည်။ သို့သော်လည်း ကျေးလက်လူထုအနေဖြင့် အဆိုပါ သတင်းအချက်ကို သိရှိသတိပြုမိမှုပင် မရှိပါ။ 

    Total ကုမ္ပဏီနှင့် အခြားသော ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ စီမံကိန်းများကြောင့် ကျေးလက်လူထု၏ အသက်မွေးဝမ်းကြောင်းထိခိုက်ပျက်စီးရမှုများ မဖြစ်စေရန် တာဝန်ရှိသည်ဆိုသည့် အချက်ကို လျစ်လျူရှုခဲ့ပြီး ၎င်းကျေးရွာများ၏ ငွေကြေးအရ ဆုံးရှုံးမှုများကိုလည်း တာဝန်ခံရန် ပျက်ကွက်ခဲ့ပါသည်။ CSR လုပ်ငန်းများသည် ကုမ္ပဏီများကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးရလဒ်များနှင့် ကျေးလက်နေလူထု၏ အသက်မွေးမှုဆိုင်ရာ ရပိုင်ခွင့်ကို လေးစားရန် ပျက်ကွက်ခဲ့ခြင်းတို့ကို ဖုံးကွယ်ရန် ကြိုးပမ်းမှုများသာ ဖြစ်သည်။

    သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံကိန်းများအပေါ်တွင် သက်ရောက်မှု

    ဖြေဆိုသူများအနေဖြင့် တနင်္သာရီတိုင်းရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးလုပ်ငန်းများ Tanintharyi Natural Reserve (TNR)နှင့် ပတ်သက်၍ဖြစ်ပေါ်လာသည့် ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။​ TNR သည် မွန်ပြည်နယ်နှင့် ထိုင်းနိုင်ငံတို့အကြား ရေဖြူနှင့် ထားဝယ်မြို့နယ်ရှိ ဧက ၄၂၀,၀၀၀ ခန့်ကို ဖြန့်ကျက်ထားပါသည်။  TNR စီမံကိန်းအတွက် တနင်္သာရီတိုင်းရှိ ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများဖြစ်ကြသည့် Totalကုမ္ပဏီ၏ ရတနာ့ဓာတ်ငွေ့စီမံကိန်း၊ Thai PTT Exploration and Production၏ ဇောတိက ဓာတ်ငွေ့တူးဖော်ရေးစီမံကိန်း၊  Malaysian Petronas၏ ရဲတံခွန် ဓာတ်ငွေ့တူးဖော်ရေးစီမံကိန်း အစရှိသည်တို့မှ ငွေကြေးထောက်ပံ့မှုများပေးအပ်ထားကြခြင်းဖြစ်ပါသည်။၊ ၎င်းစီမံကိန်းအား Wildlife Conservation Society ၏ နည်းပညာအကူအညီကိုရယူကာ မြန်မာနိုင်ငံအစိုးရမှ ဦးစီး၍ စီမံဆောင်ရွက်ခြင်းဖြစ်ပါသည်။

    ထိုထိန်းသိမ်းရေးလုပ်ငန်းစဥ်မှာ ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်း၃ခုဖြစ်သည့် ရတနာ့၊ ရဲတံခွန်နှင့် ဇောတိကတို့ကြောင့် ပျက်စီးခဲ့ကြရသည့် အကျိုးဆက်များအတွက် ပေးလျော်ရန်ဖြစ်သည်ဟု ပါရှိပါသည်။ သို့ရာတွင်လည်း ထိုနေရာတွင် တရားမဝင် သစ်မှောင်ခိုခုတ်မှုများနှင့် ရွှေတူးဖော်ခြင်းများအား ပြုလုပ်နေကြသည့်အတွက် ဖြေဆိုသူများအနေဖြင့် ၎င်းစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် ငွေကြေးများသည် အလဟာသပြုန်းတီးခြင်းများကိုသာ ဖြစ်ပေါ်စေသည်ဟု ပြောဆိုခဲ့ကြပါသည်။ Total ၏အစီရင်ခံစာတွင် TNRP အတွက် ၂၀၁၃-၂၀၁၇ ခုနှစ်အတွင်း ရတနာ့ CSR အစီအစဥ်အောက်မှ အမေရိကန်ဒေါ်လာ ၁.၈ သန်း ကူညီခဲ့ကြောင်းပါရှိပါသည်။ ဖြေဆိုကြသူများအနေဖြင့် Total ကုမ္ပဏီအား၎င်းဒေသရှိ တရားမဝင် သစ်မှောင်ခိုခုတ်မှုများနှင့် ဓာတ်သတ္ထုတူးဖော်ခြင်းလုပ်ငန်းများအား တိုင်ကြားခဲ့ပါသည်။ သို့ရာတွင်လည်း Total ကုမ္ပဏီအနေဖြင့် ငွေကြေးထောက်ပံ့မှုများကိုသာ ပံ့ပိုးနိုင်မည်ဖြစ်ပြ၎င်းတို့အနေဖြင့် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရာတွင် ပါဝင်ပတ်သက်ခြင်းမပြုနိုင်ကြောင်း ပြောဆိုခဲ့ပါသည်။ အချို့သော ဖြေဆိုသူများအနေဖြင့် ၎င်းဒေသသည် တပ်မတော်၏ ထိန်းချုပ်မှုအောက်တွင် ရှိသည့်အတွက် ကုမ္ပဏီအနေဖြင့် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်မည်မဟုတ်ဟု ထင်မြင်ယူဆကြောင်း ပြောဆိုခဲ့သည်။ ​သို့ရာတွင်လည်း ဖြေဆိုသူများအနေဖြင့် ထိုကိစ္စရပ်များ ထပ်မံမဖြစ်ပေါ်စေရန်အတွက် အကျိုးသက်ဆိုင်သူများနှင့် တိုင်ပင်ဆွေးနွေးကာ တာဝန်ရှိသူများအား ၎င်းဖြစ်ရပ်များအတွက် တာဝန်ခံစေရန် လိုအပ်သည့် လုပ်ဆောင်မှုများ ချမှတ် ဆောင်ရွက်စေချင်ကြောင်းလည်း ပြောဆိုခဲ့သည်။

    အချို့သူများအနေဖြင့် TNRနှင့် ပတ်သက်၍ အရေးကြီးသည့် အကြောင်းအရာများဖြစ်ကြသည့် နေရပ်စွန့်ခွာထွက်ပြေးရစေခြင်း၊ အသက်မွေးဝမ်းကြောင်းမှုများဆုံးရှုံးခြင်း၊ ဒေသခံများ၏ အသိပညာ၊ အလေ့အထနှင့် ရိုးရာယဥ်ကျေးမှုများအား ဆုံးရှုံးခြင်း၊​ ၎င်းဒေသများအား စစ်မက်ပြုခြင်းနှင့် ရဲတပ်ဖွဲ့ဝင်များ တိုးပွားလာခြင်း၊ လယ်ယာမြေများ စွန့်လွှတ်ရခြင်းနှင့် ထိုဒေသရှိ ဒေသခံ ကရင်ဌာနေတိုင်းရင်းသားများနှင့် တိုင်ပင်ဆွေးနွေးရန် ပျက်ကွက်ခြင်းကြောင့် မိမိတို့နေရပ်ဆိုသည့် ခံစားရမှုများ ကွယ်ပျောက်ရခြင်းတို့ကို ထောက်ပြပြောဆိုခဲ့ကြသည်။  ဓာတ်ငွေ့တူးဖော်သည့် ကုမ္ပဏီများအနေဖြင့် ဒေသခံတိုင်းရင်းသားများအပေါ် TNR ကြောင့် သက်ရောက်လာနိုင်သည့် အလားအလာရှိသည့် ရလဒ်များကို ထည့်သွင်းစဥ်းစားခြင်းမပြုခဲ့ပါ။ ထိုဒေသရှိဌာနေတိုင်းရင်းသားများနှင့် အဓိပ္ပာယ်ပြည့်ဝ၍ ထိရောက်သည့် ဆွေးနွေးတိုင်ပင်မှုများ မရှိခဲ့သည့်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းသည်လည်း မလိုလားအပ်သည့် ဘေးထွက်ဆိုးကျိုးများကိုသာ ဖန်တီးခဲ့သည်။ အကျိူးဆက်အနေဖြင့် ဒေသခံဌာနေတိုင်းရင်းသားများသည်သာ ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းမှီတည်ရာနှင့် ရိုးရာယဥ်ကျေးမှုနှင့် အလေ့အထများ ထွန်းကားရာ တောအုပ်များနှင့် လယ်ယာမြေများကို ဆုံးရှုံးခဲ့ရသည်။ ၎င်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဇုန်အား ကာကွယ်ရန် ထားရှိသည့် တပ်ဖွဲ့ဝင်များကြောင့် ဒေသခံများ၏ လုံခြုံရေးသည်သာ ခြိမ်းခြောက်ခံခဲ့ရသည်။ ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီများအနေဖြင့် ၎င်းအကြောင်းအရာများကို လုံးဝဥဿုံလျစ်လျူရှုကာ ၎င်းတို့ကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များအတွက် တာဝန်ယူရန် ပျက်ကွက်ခဲ့ကြပါသည်။

    နိဂုံးချုပ်

    လွန်ခဲ့သော ဆယ်နှစ် ၂၀၁၁ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအနေဖြင် Guiding Principles on Business and Human Rights (UNGPs)ဆိုသည့် စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ အရေးကိစ္စရပ်များအတွက် လမ်းညွှန်ချက် စည်းမျဥ်းများ ချမှတ်ခဲ့သည်။  UNGPs၏ လွန်လေပြီးသော ဆယ်နှစ်အား ပြန်လည်ထင်ဟပ်သုံးသပ်ရာတွင် ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် ကော်ပိုရေးရှင်းကြီးများ၏ အလှူအတန်းများထက် ထိုလုပ်ငန်းများ၏  တာဝန်ယူမှု၊ တာဝန်ခံမှုကိုသာ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ၏ အဓိက လက္ခဏာရပ်အဖြစ် အလေးပေးသည်ဟု ပါရှိပါသည်။  အဆိုပါအချက်သည် စီးပွားရေးလုပ်ငန်းများအနေဖြင့် ၎င်းတို့၏ စီမံကိန်းများကြောင့် ပေါ်ပေါက်လာသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား တာဝန်ခံခြင်းဆိုသည့် သတ်မှတ်ချက်ကို တင်းပြည့်ကျပ်ပြည့် ပြည့်မီပြီးမှသာလျှင် CSR အစီအစဥ်များမှတဆင့် လူ့အဖွဲ့အစည်း၏ ကောင်းကျိုးအား ထပ်လောင်းအားဖြည့်ပေးရမည်ဟု ပါရှိသည်။​ သို့ရာတွင်လည်း မိမိတို့ ကောက်ယူရရှိခဲ့သည့် သက်သေသက္ကာယများအရ Totalကုမ္ပဏီအနေဖြင့် CSR နှင့် တာဝန်ယူမှုရှိသည့် လုပ်ငန်းအလေ့အထများကို လိုက်နာရန် ကတိကဝတ်များပြုခဲ့သော်လည်း ရတနာ့ CSRအစီအစဥ်သည် အနုတ်လက္ခဏာဆောင်သည့် ရလဒ်များကို ဖြစ်ပေါ်စေခဲ့ကြောင်း တွေ့ရှိရပါသည်။

    Total နှင့် ၎င်း၏ မိတ်ဖက်ဖြစ်သူ Chevron တို့အနေဖြင့် ၎င်းတို့်သည် တာဝန်ယူမှုရှိသည့် စီးပွားရေးလုပ်ငန်းများဖြစ်သည်ဟု ပြောဆိုထားကြသည်မှာ Total ကုမ္ပဏီ၏ CSR ရလဒ်များအား ရုတ်တရက်ကြည့်လိုက်ပါက မှန်နေသယောင် ထင်မြင်ယူဆနိုင်ဖွယ်ရှိသည်။ သို့သော်လည်း မိမိတို့၏ လေ့လာဆန်းစစ်ချက်များအရ တာဝန်ခံမှု၊ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ပြန်လည်ကုစားပေးနိုင်သည့် အစီအမံများမပါရှိပဲ CSR ကိုသာ မူဝါဒတစ်ရပ်အနေဖြင့် ထည့်သွင်းခြင်းသည် လုပ်ငန်းများကြောင့် ထိခိုက်ခံစားကြရသော ပြည်သူများနှင့် ရပ်ရွာများအတွက် မည်သည့်ကုစားပေးမှုမျှ မရရှိပဲ ၎င်းတို့အတွက်မကျေလည်မှုများသာ ကျန်ရစ်စေခဲ့ကြောင်း တွေ့ရှိရပါသည်။ Total ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ ရတနာ့ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့် ပတ်သက်သည့် လုပ်ငန်းများတွင် အဆိုပါ အကြောင်းအရာများကို လုံလောက်စွာထည့်သွင်းစဥ်းစားဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြသည်။ ၎င်းတို့အနေဖြင့် ဒေသတွင်း အပြုသဘောင်ဆောင်လုပ်ကိုင်နိုင်ခဲ့သည့် အကြောင်းအရာများကို ပုံဖော်ပြသပြီး ၎င်းတို့အား ဝေဖန်ထောက်ပြလာမှုများကိုလည်း ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ကြသည်။​မိမိတို့၏ ရှာဖွေတွေ့ရှိမှုများနှင့် လေ့လာဆန်းစစ်ထားမှုများအရ မြန်မာနိုင်ငံအတွင်းရှိ အခြားသော ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများသည်လည်း အလားတူစွာပင် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ပြဿနာများ ရှိနေကြကြောင်း တွေ့ရှိရပါသည်။​

    Corporate Accountability Myanmar (CAM)သည် မြန်မာနိုင်ငံရှိ ကော်ပိုရေးရှင်းကြီးများ၏ တာဝန်ယူ၊ တာဝန်ခံမှု ကိစ္စရပ်များနှင့် ပတ်သက်၍ သုတေသနများပြုလုပ်ရန် ၂၀၂၀ ခုနှစ်မှစတင်၍ သုတေသီများဖြင့် ဖွဲ့စည်းထားသည့် သုတေသနအဖွဲ့အစည်းဖြစ်ပါသည်။ 

    ယခုဆောင်းပါးအား Tea Circle၏ ဘာသာပြန်ဆိုသူ အသင်းမှ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်ပါသည်။

     Notes

    [1] This summarizes claims from the human rights organizations cited above.

    Related Articles
    No related posts