3 Minutes To Read

နိုင်ငံရေးအကျဥ်းသားတယောက်ထံသို့ပေးစာ

3 Minutes To Read
  • English
  • စူဇန်နာ (ကလောင်အမည်) မှ ဖမ်းဆီးအကျဥ်းချခံထားရသူ သူငယ်ချင်းတဦးထံသို့ ပေးစာ ရေးသားသည်။

    ရွှေပြည်သာနှင့် အင်းစိန် မှလွဲ၍ နေရာများနှင့် ရက်စွဲများကို လုံခြုံရေးအရ ပြန်လည်ပြင်ဆင်ထားသည်။ ယခုစာကို ၂၀၂၁ ခုနှစ် ဂျွန်လလယ် တွင်ရေးသားခဲ့သည်။

    မူရင်းပို့စ်အား ၂၀၂၁ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် ရေးသားထုတ်‌ဝေခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့်  ဤနေရာတွင် ဖတ်ရှုပါ။

    အကိုနဲ့ နောက်ဆုံးစကားပြောခဲ့တာ ၂၀၂၁ ခုနှစ် မေလ ၂ ရက်နေ့ ညနေ ၄ နာရီပါ။ နောက်နေ့ နေ့တနေ့ရဲ့ အစ ပထမဆုံး ကော်ဖီသောက်နေတုန်းမှာ ရန်ကုန်ကသူငယ်ချင်း တယောက်စီက “နင်သိပြီးပြီလား” ဆိုတဲ့ စာ ၀င်လာတယ်။ ကျွန်မ ဘာကိုသိပြီးရမှာလဲ။ တကယ်တော့ သိပ်မကြာသေးခင်ကမှ အကိုပုန်းရှောင်နေတဲ့ တိုက်ခန်းတခုကို မနက် ၂ နာရီမှာ စစ်သားတွေလာပြီး အကို့ကိုလာဖမ်းသွားတဲ့ အကြောင်းကိုပါ။  ပြီးတော့ အဲ့ကတည်းက အကိုကို့ ဘယ်ခေါ်သွားတယ်၊ ဘာဖြစ်သွားတယ် ဆိုတာ ဘယ်သူမှမသိဘူး ဆိုတဲ့ အကြောင်းကို ပေါ့။

    ဖြစ်နိုင်ရင် မေလ ၂ ရက်နေ့ညက အကိုအဲ့လိုအဖမ်းခံရမယ်ဆိုတာ ကြိုသိခဲ့ရင်ကောင်းမှာပဲလို့  တွေးမိတယ်။ အင်တာနက်လိုင်းပြန်ရပြီပဲလေဆိုပြီး အကိုကို့ ချက်ချင်း တိုက်ရိုက်ဖုန်းခေါ် စကားပြောဖို့ ကျွန်မ တွန့်ဆုတ် ခဲ့ပါတယ်။ အကိုနဲ့ စာအပြန်အလှန်ပို့တဲ့ အကျင့်ကို မျက်နှာချင်းဆိုင် စကားပြောတဲ့အကျင့်နဲ့ ကျွန်မ တကယ် ပြောင်းလဲချင်ခဲ့တယ်။ အဲ့လိုပြောင်းကြရအောင်လို့ ဘာလို့မတိုက်တွန်းခဲ့မိတာလဲတော့ မသေချာဘူး။ အခု အင်တာနက်တွေ ပြန်ရပြီ၊ မြို့လယ်ခေါင် အင်တာနက်ဆိုင်တွေ ထိုင်ပြီး ဆက်သွယ်ဖို့ သတင်းပို့ဖို့ မလိုတော့ဘူး၊ ကျွန်မတို့ အချိန်မရွေး ဆက်သွယ်နိုင်ပြီလို့ အကို ပြောခဲ့တာကြောင့် မတိုက်တွန်းမိတာလဲ ဖြစ်နိုင်ပါတယ်။ ဟုတ်ပါတယ်၊ ကျွန်မတို့မှာ တယောက်နဲ့တယောက် စကားတွေအချိန်မရွေး ပြောလို့ရတဲ့ ဘ၀တခုရှိခဲ့ပါတယ်။ အဲ့ဒီ ဘဝကို ညတွင်းချင်း ခိုးယူ မခံလိုက်ရခင်ထိပေါ့။

    ရန်ကုန်အပြင်ဘက် စိမ်းလန်းစိုပြေတဲ့နေရာလေးတခုမှာပဲ အချိန်တွေရင်းနှီးမြုပ်နှံပြီး ဘေးဖယ်ထားခဲ့တဲ့ အကိုရဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုတွေဟာ ဖေဖော်၀ါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနေ့မှာ ပြန်အစပျိုးခဲ့တယ်။ အကို ဟာ ဩဂဲန်းနစ် ဟင်းသီးဟင်းရွက်လေးတွေ စိုက်ပျိုးနေခဲ့တယ်။ အကိုဟာ သဘာဝတရားကြီးနဲ့ ပြန်ချိတ်ဆက် မိသွားပြီ၊ အဲ့လိုစိုက်ပျိုးနေရတာ အကို့တွက်ကောင်းတယ်လို့ ကျွန်မထင်တယ်။ မြစ်ဘေးနား ကြိုးပုခက်လေးထဲ က အကို့ပုံတွေ ကျွန်မ ဖေ့စ်ဘုတ်ပေါ်မှာ မြင်တွေ့လိုက်ရတိုင်း စိတ်အေးချမ်းသာမှု ဖြစ်ရတယ်။ ဇန်န၀ါရီလ ကုန်မှာ အကို့ ကံတရားဟာ အကို့အိမ်ရှေ့တံခါးဝကို တံခါးလာခေါက်တော့မလိုမျိုး ပတ်၀န်းကျင်အသစ်မှာ မိတ်ဆွေဟောင်းတွေနဲ့ အကိုပြန်လည်ချိတ်ဆက်မိသွားတာကိုလည်း ကျွန်မ သတိပြုမိပါရဲ့။   ရက်အနည်းငယ်အကြာမှာပဲ အဲ့ကံတရားဟာ ရောက်ချလာတယ်။ မြေအောက်လှုပ်ရှားမှုတွေ စည်းချက်ညီညီ ပြန်စပြီး လူထုဆန့်ကျင်လှုပ်ရှားမှုလမ်းကြောင်းကို ဆက်လျှောက်ဖို့ သူတို့နဲ့ အတူတူ အကိုဆုံးဖြတ်ခဲ့တယ်။ ပို့ပေးနေကြ ခရမ်းချဥ်သီး၊ သခွါးသီး လတ်လတ်ဆတ်ဆတ် ပုံတွေ၊စာတွေဟာ ပျောက်ကွယ်သွားတယ်။ ကျွန်မတို့ ပြောဆိုဆက်သွယ်ရတဲ့ ပုံတွေ၊ အကြောင်းရာတွေဟာ ပြင်းထန်လာတယ်။ အကိုအင်တာနက် ရနေချိန်တိုင်း ကျွန်မတို့အဆက်သွယ် လုပ်ခဲ့ပါတယ်။

    ကျွန်မတို့ဟာ အချိန်နဲ့ နေရာ ထပ်တူမကျတဲ့ ပြင်ပအရပ်တခုမှာ မမျှော်လင့်ဘဲ ဆက်သွယ်နေခဲ့ကြတာပါ။ မတူညီတဲ့ ကမ္ဘာနှစ်ခုက လူနှစ်ယောက်ဟာ တက်ညီလက်ညီ အလုပ်လုပ်ခဲ့ကြတာပါ။ တခါတခါ လျှပ်စစ်ပစ္စည်းတွေကနေ ဆက်သွယ်ကြ၊ တခါတခါလည်း စိတ်ခံစားချက်တွေပေါက်ကွဲကြ ငြင်းခုံကြနဲ့  ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာတော့ ဘာဖြစ်လာမလဲဆိုတာကို ကြိုသိနေတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့ပါတယ်။ အာဏာသိမ်း သတင်းနဲ့အတူ ကျွန်မကိုယ်တိုင်လည်း အလုပ်သစ်ရနေတာကို တွေ့လိုက်တယ်။ ကျွန်မက အကိုရဲ့ သတင်းအချက်သိမ်းဆည်းရာ database တခု၊ သတင်းအချက်လက်အလွယ်တကူသယ်ယူလို့ရရာ hard drive တခု၊ သတင်းရှာတဲ့ ကြားခံ browser တခု၊ ပြီးတော့ အကိုယုံကြည်ရတဲ့ ဘော်ဒါတဦးဖြစ်လာတယ်။ အကိုအဆင်ပြေနေရင်လည်း ကျွန်မသိသလို၊ အကိုအဆင်မပြေနေရင်လည်း ကျွန်မသိတယ်။ အပြန်အလှန် ဆက်သွယ် စကား ပြောနေရင်းနဲ့ မြန်မာမှာဖြစ်နေတဲ့ အကြောင်းရာ၊ အဖြစ်ပျက်တွေကို ကျွန်မသိရှိနေခဲ့တယ်။

    ဖေဖော်ဝါရီလမှာ လူထောင်ပေါင်းများစွာ ငြိမ်းချမ်းစွာလမ်းလျှောက်ဆန္ဒပြနေတုန်းကလည်း အကိုလျှောက်သလို ကျွန်မလိုက်လျှောက်ခဲ့တယ်။ လအနည်းငယ်ကြာပြီး အဲ့လျှောက်ခဲ့ဖူးတဲ့လမ်းတွေပေါ်မှာပဲ မီးတွေလောင်၊ သွေးတွေရဲနေတုန်းကလည်း အကိုလျှောက်သလို ကျမလိုက်လျှောက်ခဲ့တယ်။ စစ်သားတွေ သေနတ်နဲ့ပစ်ခတ်တဲ့ အချိန်မှာလည်း အကိုပြေးသလို ကျွန်မပြေးခဲ့တယ်။ အကို တယောက်တည်း ပုန်းရှောင်နေတဲ့ တိုက်ခန်းလေး တခုမှာ အကိုရဲ့ အထီးကျန်မှုတွေကို ကျွန်မခံစားခဲ့ရတယ်။ အကို့ ရဲဘော်တွေရဲ့ ကံကြမ္မာကို မြင်ရတဲ့အခါ အကို့ကိုထိုးနှက်လာတဲ့ ၀မ်းနည်းမှုတွေကို ကျွန်မတွေ့ကြုံခံစားရတယ်။ ဧပြီလညတညမှာ အကိုပုန်းရှောင်နေတဲ့ မြောက်ဥက္ကလာပက နေရာတခုရှေ့တည့်တည့်မှာ စစ်သားတွေ သေနတ်တွေနဲ့ပစ်ခတ် နေခဲ့တဲ့ ညကတော့ ကျွန်မအတွက် ကြောက်စရာအကောင်းဆုံးပါပဲ။ အဲ့တာတွေအားလုံးကို အကိုကနေ တဆင့် ခံစားသိမြင်ခဲ့တာပါ။ လက်တွေ့မှာ ကျွန်မက အဲ့နေရာတွေမှာမှ တကယ်ရှိမနေခဲ့တာပဲ။ အကိုသာ စစ်အာဏာရှင်ရဲ့ မတရားမှုနဲ့ လူသားမဆန်မှုတွေကို ကံတရားနဲ့ ရင်ဆိုင် အလဲထိုးတဲ့ဒဏ္ဍာရီထဲမှာ အခြားထောင်ပေါင်များစွာသော လူတွေနဲ့အတူ ပါ၀င်ခဲ့တာပါ။ အမှောင်ခွင်းပြီးအလင်းဆောင်ဖို့ မြန်မာပြည်ရဲ့ အခြားထောင်ပေါင်းများစွာသော လူတွေလိုပဲ အကိုသတ္တိမွေးခဲ့တယ်။ ဒါပေမယ့် အမှောင်ဟာ ဖော်ပြလို့မရတဲ့ နည်းလမ်းမျိုးနဲ့  မျက်နှာပြင်မှာ ဖက်တွယ်ထားတယ်။ မဖြစ်နိုင်တာမဟုတ်ပေမယ့် ဖယ်ရှားဖို့အတွက် ဇွဲရှိဖို့လိုအပ်တယ်။ အကို့မှာ ဒီလို ဇွဲသတ္တိမျိုး ရှိတယ်ဆိုတာလည်း သက်သေပြခဲ့ပြီးပါပြီ။

    အကို့ကိုမလိမ်ပါဘူး၊ အကို့ရဲ့ ကံတရားက ကျွန်မကို အစောကြီးကတည်းကစိုးရိမ်စေခဲ့ပါတယ်။ အကိုက ကိုယ်သင်ပြပေးခဲ့ရတဲ့ လူငယ်တွေအပေါ် အမြဲတမ်းဂရုတစိုက် ရှိခဲ့သလို အကို့ ဆီ အကူညီ တောင်းလာတဲ့ သူတွေကိုလည်း ပံ့ပိုးပေးခဲ့တာချည်းပါပဲ။  မြန်မာလူငယ်တွေမှာ အကိုလိုလူမျိုး လိုအပ်တယ် ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘဲ၊ အခုလက်ရှိအဖွဲ့လိုပေါ့။ ကံကောင်းတာက အခြားအရာတွေအပြင် စည်လုံးညီညွတ်မှု၊ စိတ်အားထက်သန်မှုတို့ လည်းရှိနေပြန်တယ်။ ဒါပေမယ့်လည်း ဒလန် (သတင်းပေးသူ) တွေများလာတဲ့ ပတ်၀န်းကျင်မှာ အဖွဲ့တွေအများကြီး၊ လူတွေအများကြီးနဲ့ ချိတ်ဆက်တာဟာ တဖြည်းဖြည်းနဲ့ အကို့အတွက် အန္တရာယ်ဖြစ်လာတယ်။ အမှန်တကယ်လဲ ဒလန်ပါခဲ့ပါတယ်။  အကိုဟာ ကျွန်မကို အခြား အန္တရာယ်ရှိနိုင်တဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး အသိပေးခဲ့တယ် ။ ဒလန်တွေအကြောင်းတော့ အကိုမသိခဲ့ဘူး။ ဒီတော်လှန်ရေးအတွက်၊ အမှန်တရားအတွက် အကို့ဘ၀ကိုပေးဆပ်ဖို့ အဆင်သင့်ပဲလို့ အကို ကျွန်မကို မကြာခဏ ပြောခဲ့တယ်။ အဖမ်းမခံရမချင်း ဆက်လုပ်နေမှာလို့ သိပ်မကြာခင်ကလည်း အကိုထပ်ပြောခဲ့တယ်။ အကိုကို့ မြန်မာနိုင်ငံက ထွက်သွားဖို့ တိုက်တွန်းတိုင်း၊ အဲ့လိုဆုံးဖြတ်တာပေါ် မူတည်ပြီး အကိုလုံခြုံ သွားမယ်လို့  ပြောတိုင်း အကိုနဲ့ အပြိုင်မပြောနိုင်ခဲ့ဘူး။ အကို့ ကြယ်လေးတွေမှာ ရေးသားသဘောတူထားပြီးတဲ့ ကံတရားကို ၀င်စွက်ဖက်ရအောင် ကျွန်မက ဘယ်သူမို့လို့လဲ။ အကိုက နှစ်ပေါင်းများစွာ အကျဥ်းချခံခဲ့ရတဲ့ နိုင်ငံရေး အကျဥ်းသား သမားတယောက်၊ ထပ်ဖမ်ဆီးခံရတာက အကို့အတွက်ကော ကျမအပါအ၀င် အကိုချစ်ရတဲ့သူတွေအတွက်ကော အရမ်းကိုရက်စက်ရာကျမှာပဲ။

    ဒီလိုနဲ့ မေလ ၂ ရက်နေ့မှာတော့ အကို့ သတင်း အစနပျောက်သွားတယ်။ ၀ိုင်ဖိုင်နဲ့ အကိုပုန်းခိုလို့ ရမယ့်နေရာ အသစ်ကို အကိုဆုံးရှုံးသွားတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အကို့လွတ်လပ်ခွင့်တွေအားလုံး ဆုံးရှုံးသွားပြီး တခြားကမ္ဘာတခုထဲကို ခြေချော်လက်ချော်ကျသွားခဲ့တာပါ။ ဒီဆက်သွယ်မရ ရုပ်ဝတ္တုမဲ့ကမ္ဘာကြီးက လူတယောက်ကို  အရိုးထဲထိစိမ့်နေအောင် ‌‌ခြောက်ခြားစေခဲ့တာပါ။ ရူးကြောင်ကြောင်နိုင်တယ်ဆိုတာ ကျွန်မသိပေမယ့် အကျင့်တွေက ပြင်ရခက်တယ်။ အကိုဘယ်မှာလဲနဲ့ အကိုအားတင်းထားရဲ့လားဆိုတာကို စာပို့ပြီးမေးဖို့ အကြိမ်ပေါင်းများစွာကြံမိပြီးမှ ကျွန်မစာကို အ၀တ်အစိမ်းတွေ၊ ဘွတ်ဖိနပ်တွေ ၀တ်ထားတဲ့ အာဏာရူးတွေ ဖတ်မိမှာပဲဆိုပြီး မပို့မိအောင် ကိုယ့်ကိုကိုယ် ပြန်သတိပေးရတယ်။ အကိုဘယ်မှာလဲဆိုတာ ကျွန်မတို့မသိခဲ့ပါဘူး။ အကို အသက်ရှင်လျက် ရှိနေသေးလားဆိုတာတောင် ကျွန်မတို့ မသိခဲ့ပါဘူး။ ညသန်းခေါင်ကြီးမှာ အကို့ကိုဖမ်းတဲ့ အကြောင်းကို ပြန်တွေးရင်တောင် ခေါင်းတွေကိုက်ခဲလာတယ်။ ဒါပေမယ့်လည်း ကျွန်မခေါင်းထဲမှာ ခဏခဏပြန်တွေးရလွန်းလို့ အသေးစိတ်တွေတောင် စပြီး စဥ်းစားမိ လာတယ်။  နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ညအိပ်၀တ်စုံကြီးနဲ့ အဖမ်းခံသွားရတာလား။ ဒီလို ဘာမဟုတ်တဲ့ အတွေးတွေက အကို့အခန်းတံခါးကို မနက် ၂ နာရီ ဖျက်ပြီး ၀င်လာချိန်မှာ ဘယ်လောက်များ စိတ်မသက်မသာ ခံစားနေရမလဲဆိုတဲ့ အတွေးတွေမတွေးမိအောင် ရပ်တန့်ပေးနိုင်ပါတယ်။

    ဒီလိုနဲ့ အကို့ကို ကျွန်မတို့ ရက်ပေါင်းများစွာ ရှာဖွေခဲ့တယ်။ ကောက်ရိုးပုံထဲ အပ်ရှာရသလိုပါပဲ။ ရန်ကုန်က သူတွေကို ဆက်သွယ်တယ်။ အကို့မိသားစုကို တဆင့်ခံ ဆက်သွယ်တယ်။ အကိုဘယ်နေရာမှာ ရှိနေနိုင်မလဲဆိုတဲ့ သတင်းအချက်လက် အရှိနေနိုင်ဆုံးသူတွေ၊ အဖွဲ့တွေကို ဆက်သွယ်ခဲ့ပါတယ်။ သူတို့က ရှေ့နေ တယောက်ကို ဆက်သွယ်နိုင်ခဲ့ပြီး အကို ရွှေပြည်သာ စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းခံနေရတာ ဖြစ်ဖို့များတယ်လို့ ရှေ့နေက ကျွန်မတို့ကိုပြောပါတယ်။ ကျွန်မ တိတ်ဆိတ်ဆွံ့အပြီး ကြက်သေသေသွားခဲ့တယ်။ ကြားရတဲ့စကားတွေက ခြောက်ခြားစရာကောင်းလွန်းတယ်။

    ဒီလိုဆိုတော့ အကို့ကိုလည်း အဲ့နေရာကိုခေါ်သွားခံရတာပေါ့။ အကိုကို ရုပ်ဆင်းရဲ၊ စိတ်ဆင်းရဲအောင် လုပ်တဲ့အတွေ့အကြုံကို ပထမတကြိမ် ထောင်သွင်းအကျဥ်းခံရတုန်းကတည်းက တွေ့ကြုံခံစားဖူးပြီးသားဆိုတာ ကျွန်မသိပါတယ်။ အဲ့မှာ အကိုရှိနေမယ်လို့လည်း ကျွန်မတို့ ၁၀၀ ရာခိုင်နှုန်းမသေချာပါဘူး။ ခန့်မှန်းချက်အများကြီးထဲက တခုပါ။ အဲ့နေရာကို ဘယ်သူမှမသွားနိုင်သလို၊ ဘယ်ရှေ့နေမှလည်း ၀င်ရောက်ခွင့်မရှိပါဘူး။ ဝမ်းနည်းဖို့ကောင်းစွာပဲ အကို့ဆီကသတင်းအချက် လက်တွေ ရဖို့အတွက် နှိပ်စက်ကြမယ်၊ အကိုဟာ စစ်ဖိနပ်တွေ လက်ခုပ်ထဲကရေ ဖြစ်နေတာပါ။ အကိုဟာဘယ်လောက်ခက်ခဲပါ‌စေ၊ ဘယ်လောက်ထိ မခံမရပ်နိုင်အောင် ခံစားနေရပါစေ၊ ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးဆိုတာ ကျွန်မတို့သိပြီးသားပါ။ နှစ်ပတ်ကြာပြီးတဲ့နောက်မှာတော့ အကိုမိသားစုကို အမည်မဖော်လိုတဲ့ နေရာတခုကနေ ဖုန်းဆက်လာတယ်။ စစ်ကြောရေးမှာ အကို ဒဏ်ရာရသွားတယ်တဲ့။ နောက်ဆုံးမှာတော့ ကျွန်မတို့ အကိုကို့ရှာတွေ့ ခဲ့ပြီ။ ဘယ်လိုအခြေနေမျိုးမှာ ရှာတွေ့ခဲ့တာလဲ ဆိုတာတော့ ကျွန်မတို့မသိပါဘူး ။ ဒါပေမယ့် အကို အသက်ရှုနေတုန်းပဲ။

    ရက်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ နောက်ဆုံးမှာတော့ အကို့ကိုအင်းစိန်ထောင်ကို ရွှေ့ ပြောင်းခဲ့တယ်။ အဲ့ဒီတခဏမှာ ကျွန်မတို့အားလုံး စိတ်သက်သာရာရခဲ့တယ်။ ဒီခံစားချက်နဲ့အတူ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လူသားတွေနဲ့ သူတို့ရဲ့ ရူးသွပ်မှု အဖျက်စွမ်းအားကို လူတယောက်ဟာ နားလည်ခဲ့ရတယ်။ အင်းစိန်ထောင်ဟာ နာမည်ဆိုးနဲ့ကျော်ကြားပါတယ် ။ အင်းစိန်ရောက်ဖူးတဲ့ နိုင်ငံရေးအကျဥ်းသားတွေက ကမ္ဘာပေါ်ကငရဲ လို့ ပြောကြတယ်။ ဒါပေမယ့် အခုတော့ အဆိုးဆုံးရဲ့ အဆိုးဆုံးထက် ပိုကောင်းနေတယ်။ အခု အကို့ကို တခါတလေ လာတွေ့မယ့် ရှေ့နေတဦးရှိပြီ။ သူလဲ အများကြီး တတ်နိုင်မှာမဟုတ်ပေမယ့် တနည်းအားဖြင့် အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးမယ့် တယောက်တော့ရှိနေပြီ။ အကျဥ်းသားတွေရဲ့ ကံတရားဟာ အင်းစိန်ထောင် ထောင့်က ဖြစ်ကတက်ဆန်း တရားရုံးလက်ထဲမှာရှိနေပြီ။ အကိုကို့ တပတ်နှစ်ပတ်အတွင်း သို့မဟုတ် လပေါင်းများစွာ ကြာပြီးတဲ့အခါမှာ အမိန့်ချမှတ်ပါလိမ့်မယ်။ လွယ်လွယ်ကူကူနဲ့ ပြီးသွားမယ် လို့ တော့ မထင်ပါဘူး။ လွယ်တယ်ဆိုတဲ့ သတင်းကောင်းမျိုးလည်း မရှိခဲ့ဘူးလေ။

    ဒီနံရံတွေကြားမှာ အသားကျအောင် အကိုဘယ်လိုလုပ်မလဲ၊ အချိန်တွေကုန်သွားအောင် ဘယ်လိုလုပ်မလဲ ဆိုတာ ကျွန်မမသိပါဘူး။ တခါတလေ တရားထိုင်နေမယ်၊ တခါတလေ မိုးကျမှာကို စောင့်စားနေမယ်လို့ ကျွန်မစိတ်ကူးကြည့်ပါတယ်။ အကို့မှာ အကို့လို အေးအေးချမ်းချမ်းနဲ့ စိတ်အားထက်သန်မှုရှိတဲ့  ပြီးတော့ အကို့ရဲ့ ဆန္ဒမျှော်လင့်ချက်တွေကို ဆက်လက်တောင်လောင်နေဖို့ရာ အပြန်လှန်မျှ‌ဝေနိုင်တဲ့ အခြားနိုင်ငံရေး အကျဥ်းသားအဖော်တဦးရှိမယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဥ်းသားတွေ အများကြီး ရှိပါတယ်။ ဒီနေ့ ဒီအချိန်မှာ သူတို့ထဲက အချို့ဟာစစ်အာဏာရှင်ကို ဆန့်ကျင်ကြတဲ့ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ ဖြစ်လာနေကြပါပြီ။ လူတွေနဲ့ သူတို့လျှောက်ခဲ့တဲ့ခရီးတွေဟာ မသေချာတဲ့ အနာဂတ်ကို ဆေးရောင်စုံခြယ်မယ့် ခွန်အားအရင်းမြစ်တွေ၊ မျှော်လင့်ချက်တွေ ဖြစ်လာပါပြီ။ အကျဥ်းထောင်ထဲက အကိုတို့တွေဟာ လွတ်မြောက်ရေးအတွက် တိုက်ပွဲ၀င်နေတဲ့၊ ဒီပန်းတိုင်ကို ရောက်အောင်ကြိုးစားနေတဲ့ ပြယုဒ်တွေပါပဲ။ အဲ့ဒီအတွက် အကိုတို့အားလုံးကို အရမ်းပဲလေးစားပါတယ်။ သူတို့ဘာပဲပြောပြော လွတ်မြောက်မှု အလင်းရောင်ကိုဆုပ်ကိုင်ထားတာက အပြောင်းလဲတခုကိုဖြစ်စေနိုင်တယ်ဆိုတာ အကိုလည်းသိနှင့်ပြီးသားပါ။ အကို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေက အလကားမဖြစ်ပါဘူး။ တလက်လက်တောက်နေတဲ့အလင်းစက်တွေက အမှောင်ထုကိုခွင်းနေပါတယ်။

    …. ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ ကျွန်မလမင်းကြီးကိုမေးလိုက်တယ်။ အဲ့ဒီမီးခိုးရောင်နံရံတွေရဲ့ တဖက်ခြမ်းမှာ တော်လှန်ရေးက ခရီးဆက်နေတယ်၊ ကျွန်မတို့ကလည်း အကို့ကိုစောင့်နေပါတယ်။ ကျွန်မတို့ တယောက်နဲ့တယောက် ခဏ အဆက်သွယ်ပြတ်သွားခဲ့ပေမယ့် ကြယ်တွေလင်းလက်တဲ့ တခုသောကောင်းကင်ကြီးအောက်မှာ အတူတူရှိနေတုန်းပါပဲ။ တကယ်လို့သာ ဘယ်လိုနားထောင်ရ မယ်ဆိုတာကိုသိရင် ကြယ်တွေဟာသတင်းစကားတွေကို လက်ဆင့်ကမ်းပေးနိုင်တယ်လို့ ကျွန်မကြားဖူးပါတယ်။ သိပ်မကြာခင်ပေါ့ အကို…  ညီမ။

    “မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဥ်းသားတွေ ရှိနေသရွေ့  မြန်မာနိုင်ငံဟာ မလွတ်မြောက်သေးပါဘူး။ နိုင်ငံရေးအကျဥ်းသားတွေဟာ မြန်မာနိုင်ငံရဲ့ ပြည်သူတွေလွတ်မြောက်ရေးနှင့် တန်းတူညီမျှမှု၊ လူ့အခွင့်ရေး၊ ဒီမိုကရေစီရရှိရေး တိုက်ပွဲများကို ကိုယ်စားပြုပါတယ်” နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ)

    စူဇန်နာ (ကလောင်အမည်) သည် ၂၀၁၂ ခုနှစ်တွင် ရန်ကုန်သို့‌ ပြောင်းရွှေ့ခဲ့ပြီး ထိုစဥ်ကတည်းမှ ရန်ကုန်ကို အိမ်အဖြစ် သတ်မှတ်ခဲ့သည်။ သူမသည် နိုင်ငံတကာအဖွဲ့စည်းများ၊ အရပ်ဖက်အဖွဲ့စည်းများ၊ လူ့အခွင့်ရေး ကာကွယ်သူ အဖွဲ့များနှင့် အလုပ်လုပ်နေပါသည်။ယခုစာနှင့်အတူ အကို့ဘ၀ တစိတ်တပိုင်းကို မျှ‌ဝေရန်နှင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဥ်းသားများကို အနိုင်ကျင့်ဆက်ဆံမှုများကို အများသတိပြုမိရန် ရည်ရွယ်ပါသည်။

    ယခုပို့စ်အား လက်ဖက်ရည်၀ိုင်း ဘာသာပြန်အဖွဲ့မှ ပြန်ဆိုသည်။

    Related Articles
    No related posts