9 Minutes To Read

မြန်မာနိုင်ငံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စဥ်းစားချက်များ၊ ဒေးဗစ် မက်သီဆင်နှင့် ဆွေး‌နွေးမေးမြန်းမှု

9 Minutes To Read
  • English
  • ယခု အင်တာဗျူးဆောင်းပါအား လူ့အခွင့်အရေး လေ့လာမှုဌာန (the Institute for the Study of Human Right (ISHR)) မှ ဒေးဗစ်မက်သီဆင်နှင့်  ပြုလုပ်ခဲ့သည့် အင်တာဗျူးမှ အချို့သောအချက်များအား ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။

    Covid - 19 Hot News

    ယခု အင်တာဗျူးတွင် ပါ၀င်သော အပိုင်းများအား မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုအရေး အရေးကိစ္စများနှင့် စပ်လျဥ်း၍ သုတေသနပြုလေ့လာနေသော အလွတ်တမ်းသုတေသီ ဒေးဗစ်မက်သီဆင်နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးမှ ကောက်နှုတ်ဖော်ပြထားပါသည်။  ထိုမူရင်းအင်တာဗျူး အပြည်အစုံအား Tea Circle စာမျက်နှာပေါ်တွင်ဖတ်ရှုလိုပါက ဖော်ပြပါ အပိုင်း၁ နှင့် အပိုင်း၂၏ လင့်ခ်များတွင် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။

    ယခုပို့စ်တွင် ဖော်ပြခြင်းခံရသော ကောက်နှုတ်ချက်များနှင့် အစီရင်ခံစာများသည် ISHR မှ မြန်မာ့အရေးနှင့် ပက်သတ်၍ ကျင်းပနေသော ဆွေးနွေးပွဲများမှ ကောက်နှုတ်ခြင်းဖြစ်ပြီး ယခုပို့စ်ပါ ကောက်နှုတ်ချက်များအား ဖော်ပြခြင်းသည်လည်း Tea Circle နှင့် Institute for the Study of Human Rights တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါသည်။

    ခရစ္စတီးနား အီဘာဘတ်ချ်။         ။ အားလုံး မင်္ဂလာပါ။ မြန်မာ့ လူအခွင့်ရေးဆိုင်ရာ webinar အစီစဥ်  နောက်တစ်ခုကနေ ကြိုဆိုပါတယ်။ ဒီနေ့ အစီစဥ်ကို တက်ရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။  ဒီနေ့ ခေါင်းစဥ်ကတော့ မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စဥ်းစားချက်များပဲ ဖြစ်ပါတယ်။ ဒီ ဆွေးနွေးမှု အစီစဥ်ကို ကိုလံဘီယာ တက္ကသိုလ် လူ့အခွင့်ရေးဌာနမှ စီစဥ်တင်ဆက်‌တာပါ။ ကျွန်မ အမည်ကတော့ ခရစ္စတီးနား အီဘာဘတ်ချ် ပါ။ ကျွန်မက ဒီဌာနမှာ ဒု ညွှန်ကြားရေးမှုးပါ။ မြန်မာပရောဂျက်မှာ ကျွန်မနဲ့အတူ ဦးဆောင် ဆောင်ရွက်နေသူ ဘန် ဖလန်းမင်း ကလည်း ဒီနေ့ ဆွေးနွေးမှု အစီစဥ်မှာ ကျွန်မနှင့်အတူ  ဆွေးနွေး ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

    ဒီနေ့ အစီစဥ်အတွက် နိုင်ငံတကာလူ့အခွင့်ရေးဆိုင်ရာ အဖွဲ့ စည်းများစွာမှာ ဆောင်ရွက်ခဲ့သူ၊ မြန်မာနှင့် ပတ်သက်၍ အတွေ့ အကြုံသက်တမ်း နှစ်ပေါင်း ၂၀ ကျော်ရှိသူ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေးဗစ် မက်သီဆင်ကို ဖိတ်ခေါ်ထားပါတယ်။ ‌‌‌ဒေးဗစ်မက်သီဆင်က ကျွန်မတို့ရဲ့  လူ့အခွင့်ရေးဆိုင်ရာ ပညာရေး တက္ကသိုလ် မြန်မာပရောဂျက်မှာလည်း ဧည့်ဆရာ၊ သင်ကြားပြသပေးသူ ဆရာ အဖြစ် မျှ‌ဝေပေးခဲ့ဖူးပါတယ်။

    ဒေးဗစ် မက်သီဆင်။       ။ ကျေးဇူးတင်ပါတယ် ခရစ္စတီနား နဲ့ ဘန် ရေ။ တက်ရောက်လာသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကောင်းသောညနေခင်းပါလို့ ထိုင်းနိုင်ငံ ဘန်ကောက်မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအကြောင်း၊ လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့ နေရတဲ့ လူသားချင်း စာနာ ထောက်ထား မှုဆိုင်ရာ ၀ိရောဓိတွေအကြောင်း စတဲ့ အရမ်းအရေးကြီးတဲ့ ခေါင်းစဥ်တွေပေါ် မှတ်ချက် တချို့ ပေးတာနဲ့ ကျွန်တော် စတင်လိုက်ပါ့မယ်။  

    သိပ်မကြာသေးခင်က UNOCHA ရဲ့ မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှု လျှပ်တပြက် လေ့လာမှု အစီရင်ခံစာကို ကြည့်လိုက်မယ်ဆိုရင် လက်ရှိအခြေနေမှာ လူသားချင်းစာနာမှုအခြေနေတွေဟာ အလွန် အန္တရာယ်ရှိတဲ့ အခြေအနေ ဖြစ်နေတယ် ဆိုတာနဲ့ ဖေဖော်၀ါရီလ အာဏာသိမ်းမှု မတိုင်ခင်ကတည်းက လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အခြေအနေတွေဟာ အလွန်မင်း စိတ်ပူစရာ ဖြစ်နေခဲ့တယ်ဆိုတာကို တွေ့ မြင်နိုင်ပါတယ်။ UNOCHA အချက်လက်တွေအရဆိုရင် တနိုင်ငံလုံးမှာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူညီတွေလိုအပ်နေတာ လူပေါင်း ၁ သန်း ရှိတယ်။ လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူညီတွေကို ဖြည့်ဆည်းဖို့ ဒေါ်လာသန်းပေါင်း ၂၇၆ သန်းလိုအပ်မယ်လို့ ကုလသမဂ္ဂကလည်း ခန့်မှန်းတွက်ချက်ထားတယ်။ အခု ဖြည့်ဆည်းပေးခဲ့တာ ဒေါ်လာ ၃၉ သန်းပဲ ရှိသေးတော့ လိုအပ်ချက်ရဲ့ ၁၄ ရာခိုင်နှုန်းပဲ အမှန်တကယ်ဖြည့်ဆည်းနိုင်ခဲ့တဲ့ သဘောပေါ့။

    ကျွန်တော်က မြန်မာနိုင်ငံပွင့်လမ်းလာတဲ့ ၂၀၁၀ ခုနှစ် မတိုင်မီ နှစ်ပေါင်းများစွာကတည်းက လူ့အခွင့်ရေးနဲ့ လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ ကိစ္စရပ်တွေမှာ ဆောင်ရွက်ခဲ့တာပါ။ အဲ့အချိန်တုန်းကတောင် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ လိုအပ်ချက်တွေကို နိုင်ငံရေးသဖွယ် အလွန်ရှုမြင်ခဲ့တာပါ။ နိုင်ငံတကာရဲ့ တက်ကြွလှုပ်ရှားမှုရယ်၊ မြန်မာနိုင်ငံပေါ် ထားတဲ့ နိုင်ငံရေးဖိအားရယ်နဲ့ တကယ့်မြေပြင်ပေါ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပကတိအခြေနေရယ် နှစ်ခုအကြားမှာ အချိတ်ဆက်မရှိဘဲ ကွာဟနေ တယ်လို့ ကျွန်တော် အမြဲနားလည်ထားတယ်။ ပြီးခဲ့တဲ့ ကာလတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆွေးနွေးငြင်းခုံမှုတွေမှာ နိုင်ငံရေးရာ ဆွေးနွေးငြင်းခုံမှုတွေက ပိတ်မိနေတယ်။ ကျွန်တော်တို့ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေကို ပိုပိုပြီး နိုင်ငံရေးသဖွယ်ရှုမြင် ဆောင်ရွက်လာတဲ့ ပတ်၀န်းကျင်အပြောင်းလဲသစ် တခုထဲကို ရောက်လာနေပြီလို့ ကျွန်တော်ထင်ပါတယ်။

    လွန်ခဲ့တဲ့ လေးလမှာ အာရုံလွှဲစေတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဥပမာ ကာကွယ်ရမယ့်တာ၀န်၀တ္တရား (R2P) လိုအကြောင်းရာမျိုးကြောင့် ကျွန်တော်တို့တွေ ဘာမှမပြီးမြောက် ဖြစ်ခဲ့တယ်။ ပြန်ကြည့်မယ်ဆိုရင် အတွေးခေါ် အလွဲမှား တခုကိုမြင်ရတယ်။ အကောင်းကို ရည်ရွယ်တာတော့သေချာပါတယ်၊ ဒါပေမယ့် R2P ကိုပြောကြရာမှာ နိုင်ငံတကာ အသိုင်း၀ိုင်းက အကောင်ထည်ဖော်လိမ့်မယ် ဆိုတဲ့ မျှော်မှန်းချက်တခု အရမ်းပါနေတယ်။ လေယာဥ်မပျံသန်းရ ဇုံ၊ ခိုလှုံရာ ဘေးကင်းဇုံ၊ လက်နက်ရောင်း၀ယ်မှု ပိတ်ဆို့တားဆီးရေး စတဲ့ တခြားအကြောင်းရာတွေပြောတဲ့ အခါမှာလည်း နိုင်ငံတကာအသိုင်း၀ိုင်းက အကောင်ထည်ဖော် ဆောင်ရွက်ပေးလိမ့်မယ်ဆိုတဲ့ မျှော်မှန်းချက်တွေ အရမ်းပါနေတယ်။ ဒီလိုပြောရာမှာ အနောက်နိုင်ငံတွေက တဦးတယောက်ချင်းနဲ့ အစုဖွဲ့တွေကို သေချာစဥ်းစားစီစဥ်ပြီး ပိတ်ဆို့မှုကောင်း အချို့ကို ဆောင်ရွက်ခဲ့တယ်လို့  ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာရဲ့ တက်ကြွလှုပ်ရှားမှုက မြေပြင်ပေါ်မှာ ဖြစ်ပေါ်နေတဲ့ အကျပ်တည်းတွေကို လိုက်လျောညီထွေစွာ မဆောင်ရွက်နိုင်ခဲ့ဘူးလို့ ကျွန်တော်ထင်ပါတယ်။

    မြန်မာမှာ ကမ္ဘာ့ကပ်ရောဂါ မရိုက်ခတ်ခင် ၂၀၂၀ ခုနှစ် မတ်လ အထိ နိုင်ငံတကာရဲ့ ဆောင်ရွက်မှုတွေမှာ လူသားချင်း စာနာထောက်ထားမှုဘက်အခြမ်းနဲ့ ဖွံ့ဖြိုးမှုဘက်အခြမ်းတွေမှာ ပူး‌ပေါင်းဆောင်ရွက်မှုတွေ မရှိတဲ့အတွက် အထိနာခဲ့တယ်။ နိုင်ငံတကာရန်ပုံငွေတွေ ရဖို့ နိုင်ငံတကာအဖွဲ့စည်း INGOs တွေအကြားမှာ ပြိုင်ဆိုင်မှုတွေ အများကြီးရှိခဲ့တယ်။ ပြီးတော့ ခင်ဗျားတို့သိတဲ့ အတိုင်းပါပဲ နှစ်ရှည်ကြာ ဖြစ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်ရေးဆိုင်ရာ အကျပ်တည်းတွေကို ဆောင်ရွက်ရာမှာ တော်တော်ခက်ခဲတဲ့ ကျင့်၀တ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိခဲ့တယ်ဗျ။ အထူးသဖြင့် ရခိုင်မှာပေါ့။ တကယ်လို့ ဒီအကြောင်းရာတွေနဲ့ ပတ်သတ်ပြီးလေ့လာသုံးသပ်ထားတဲ့ ဆန်းစစ်ချက်တွေ ဖတ်ချင်ရင် Fieldview Solutions က လီယန်မက်ဟောနီရဲ့  အစီရင်ခံစာတွေကို ဖတ်ကြည့်ဖို့ ကျွန်တော် ညွှန်းချင်ပါတယ်။

    ပြီးခဲ့တဲ့ လေးလလုံးမှာ ၁၀နှစ်ကျော် ကြာ ဖြစ်ပေါ်ခဲ့တဲ့ အခြေနေတွေကို ကျွန်တော်ပြန်စဥ်းစားနေခဲ့ပြီး

    ရှေ့မှာ ဘယ်လို ဆောင်ရွက်သင့်တယ်ဆိုတဲ့ လမ်းပြအချက်တွေကို ရှာဖို့ ကြိုးစားနေခဲ့တယ်။ မြန်မာဟာ များစွာသော လူသားချင်းစာနာထောက်ထားမှု အရေးပေါ်လိုအပ်ချက်တွေ ၊ လက်နက်ကိုင်ပဋိပက္ခတွေ မျက်နှာစာပေါင်းများစွာမှာ ကြုံတွေ့နေရတယ်၊ ဒါတွေကို နားလည်ဖို့ကြိုးစားဖို့တောင် ရှုပ်ထွေးပွေလီတယ် ဆိုတာ သိသာထင်ရှားလာတယ်။ ဒါပေမယ့် လူသားချင်းစာနာထောက်ထားမှုဆောင်ရွက်နေတဲ့ အဖွဲ့ အစည်းက လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောကြည့်တဲ့အခါမှာ နယ်စပ်ကနေ ဖြတ်ကျော်လုပ်ဆောင်တဲ့ နည်းနာပုံစံတွေ အထူးသဖြင့် ထိုင်းဘက်ကနေတဆင့် အကူညီတွေလာတဲ့ ပုံစံတွေ အပါအ၀င် ၂၀၁၀ မတိုင်မီက နယ်ပယ်အသီးသီးမှာ ဆောင်ရွက်ခဲ့ကြတဲ့ နည်းနာပုံစံတွေကို ပြန်လေ့လာနေတာတွေ အများကြီးရှိနေတယ်။

    ကျွန်တော့် လုပ်ဖော်ကိုင်ဖက်ကောင်းတယောက်ဖြစ်တဲ့ မဲလ်ဘုန်း တက္ကသိုလ်က ကျမ်းရှင် အန်းန် ဒေ့ကူဘဲ ရေးသားပြုစုခဲ့တဲ့ ဗမာနိုင်ငံကိုအကူညီပေးခြင်းနိုင်ငံရေး ဆိုတဲ့ အရမ်းကောင်းတဲ့ စာအုပ်ရှိတယ်။ ကျွန်တော် သူ့စာအုပ် ကိုပြန်ဖတ်ဖြစ်ပြီး ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ ရှိတဲ့ အရပ်သားတွေ၊ ကျန်းမာရေး၀န်ထမ်းတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလုပ်သမားတွေကို တိုက်ခိုက်တဲ့ စစ်အစိုးရရှိနေတဲ့ ဖိနှိပ်မှုများတဲ့ နိုင်ငံတခုမှာ အမှန်တကယ် အလုပ် လုပ်ဖို့ရာ ကျင့်၀တ်ပိုင်းဆိုင်ရာ ဝိရောဓိတွေ ၊လုပ်ငန်းပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေ အချို့ကို သူနဲ့ ပြောဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ လမှာ အ‌ရှေ့တောင်ပိုင်းမှာ အရမ်းပြင်းထန်တဲ့ ဖိနှိပ်တိုက်ခိုက်မှုတွေကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးပြီ။ အလားတူ ကချင်၊ ချင်းနဲ့ စစ်ကိုင်းမှာ ကောပါပဲ။ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတခု နဲ့ အရမ်းဖိနှိပ်တဲ့ စစ်အာဏာရှင်စနစ်အောက်မှာ လူတွေအမှန် တကယ်အကူညီရဖို့ ကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲဆို တဲ့မေးခွန်းက ရှေ့ ဆက်ဖို့အတွက် တကယ့် စိန်ခေါ်မှုကြီးပါပဲ။

    တချိန်တည်းမှာပဲ နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံတကာအဖွဲ့စည်းတွေတင်မက ပြည်တွင်းက လူသားချင်း စာနာထောက်ထားမှုအကူညီပေးတဲ့ အဖွဲ့ စည်းတွေ၊ အရပ်ဖက်အဖွဲ့စည်းတွေ သို့မဟုတ် သူတို့ အခေါ် “ဒေသခံဖြေရှင်းကြသူ‌များ” အားလုံးက အရင်လပေါင်းများစွာက တခါမှ စဥ်းစားတွေးမိမှာ မဟုတ်တဲ့ ရန်ကုန်ရဲ့ မြို့တွေ၊ လှိုင်သာယာ၊ ချင်းပြည်နယ် မင်းတပ်လိုမျိုး နေရာတွေမှာပါ ဖြစ်လာနေတဲ့ အကျပ်တည်းတွေကိုပါ စဥ်းစားဖြေရှင်း ရတော့မှာဖြစ်ပါတယ်။ မြို့ပြမှာရွှေ့ပြောင်းနေရာချမှု၊ မြို့ ပြမှာလိုအပ်တဲ့ လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်တွေက ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေ ယခုလက်ရှိ စုံစမ်းလေ့လာနေတဲ့ ကိစ္စတွေပါပဲ။

    အာဏာမသိမ်းမီကတည်းက ကျွန်တော်နားမလည်တဲ့ အရာတခုက နိုင်ငံတကာ ဖွံ့ ဖြိုးမှု နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ “ဆက်စပ်မှု” (nexus) လို့ ခေါ်တဲ့ ရှုပ်ထွေးမှု ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ အခြားသော အဖွဲ့စည်းက သူတွေ ယုံကြည်တာက မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအရေးတွေကို ပေါင်းစပ်ကိုင်တွယ်လို့ရတဲ့ အရေးကြီး ဥပမာ ဖြစ်တယ်ဆိုတာပါပဲ။ ဒါပေမယ့် အာဏာမသိမ်းမီနဲ့ ကမ္ဘာ့ကပ်ရောဂါ မရိုက်ခတ်မီ ကျွန်တော်ရဲ့ လေ့လာစောင့်ကြည့်မှုတွေအရနဲ့ ဆွေးနွေးမှုတွေအရ ဒီ ဆက်စပ်မှု ဟာ အလုပ်မဖြစ်နေဘူး ဆိုတာကို ပြသနေပါတယ်။ ဆက်စပ်မှုရှိတယ် ဆိုတဲ့ အမြင်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုတာ ဟောင်းနွမ်းသွားပြီ၊ အံမ၀င်တော့ဘူးဆိုတဲ့ အပေါ်မှာ မျှော်မှန်း တည်ဆောက်ထားတာဖြစ်ပါတယ်။ ကျွန်တော်တွေ့ သလောက်ကတော့ ရခိုင်ပြည်နယ်၊ ‌မြောက်ပိုင်းဒေသအချို့ နဲ့ တောင်ပိုင်း ဒေသအချို့ တွေ့ မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်ရမယ့်ကိစ္စတွေ ရှိနေပေမယ့်လည်း ဖွံ့ဖြိုးရေးသမားတွေဟာ ဒေါ်လာသန်းပေါင်းများစွာ ပိုက်ပြီး ၀င်လာခဲ့ကြတာပဲ။ ဒီပုဂ္ဂိုလ်/အဖွဲ့ စည်းတွေဟာ ကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ နောက်ဆုံး တပ်မတော်နဲ့ ပါ အလုပ်တွေ တွဲလုပ်ခဲ့ကြတာပဲ။ အများစုက ဒီဖွံ့ ဖြိုးရေး လုပ်ငန်းစဥ်မှာ တပ်မတော်က ကျိုးကြောင်းဆင်ခြင်မှုရှိတဲ့ ပူးပေါင်းဆောင်ရွက်ဖော်ဖြစ်တယ်လို့ စဥ်းစားခဲ့ကြပါတယ်။ အခု အတိတ်ကို ပြန်ကြည့်ရင် ဒီအမြင်ဟာ ထင်ယောင်မှားမှုသာ ဖြစ်ပါတယ်။ အခုတော့ ဒီဆက်စပ်မှုဟာလည်း လုံး၀ကျိုးပဲ့သွားခဲ့ပြီ။ အလှုရှင်တော်တော်များများလည်း တိုင်းပြည်ထဲက ထွက်သွားခဲ့ပြီ။ တံတားတွေ၊ လမ်းတွေ၊ အဆောက်အဦးတွေ၊ စတဲ့ အဆောက်အုံ စီမံကိန်း အကြီးကြီးတွေအတွက် ထုတ်ပေးမယ့် ကြွေးမြီတွေဟာလည်း ကာလတခုအထိ ရပ်တန့်သွားခဲ့ပြီ။ လူသားချင်းစာနာထောက်ထားမှု ဆိုတဲ့ အရာကသာ နိုင်ငံထဲမှာ အဓိကကျန်နေခဲ့တဲ့ တခုတည်းသော အရာဖြစ်ပါတယ်။

    ဒီနေရာမှာ ဆက်စပ်မှု ရဲ့ ငြိမ်းချမ်းရေးနှင့်ပတ်သတ်တဲ့အစိတ်ပိုင်းကိုလည်း  ကျွန်တော်အနည်းငယ် ပြောချင်သေးတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံ ဘယ်လိုရှေ့ဆက်သွားကြမလဲ ဆိုတဲ့အကြောင်းရာကို ပြောမယ်ဆိုရင် အရမ်းအရေးပါလို့ပါ။  မြန်မာရဲ့ ငြိမ်းချမ်းရေးဖြစ်စဥ်က အာဏာမသိမ်းခင်ကတည်းက သေနေခဲ့တာပါ။ ဒါကို အရင်ပုံစံတိုင်း ပြန်စဖို့၊ အသက်သွင်းဖို့  ကြိုးစားတာဟာ မိုက်မဲမှုပါ။ ကုလသမဂ္ဂအနေနဲ့ လည်း ငြိမ်းချမ်း‌ရေးဖြစ်စဥ်မှာ တရား၀င် ဘယ်နေရာကမှ မပါ၀င်ပါဘူး သူကစောင့်ကြည့်သူ သက်သက်ပါ။ အနောက်နိုင်ငံက အလှုရှင်အတော်များများက ငြိမ်းချမ်းရေးဖြစ်စဥ်ကို  သီးသန့်ကင်းကွာနေတဲ့ ဖြစ်စဥ်တခု လို့ ရှုမြင်ခဲ့ကြတယ်။ ဒီဖြစ်စဥ်ကနေ ရခိုင်မှာ ရှိခဲ့တဲ့ ရှုပ်ထွေးမှုတွေ၊ သူတို့ရဲ့ မအောင်မြင်မှုတွေကနေ သက်သာရာရအောင် လုပ်ခဲ့တယ်။ ဒီအလှုရှင်တွေ စဥ်းစားတာက ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ထဲ ငွေတွေ သွန် ထည့်လိုက်ရင် ဖွံ့ ဖြိုးရေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ လမ်းပွင့်သွားမယ်၊ နိုင်ငံကို ကူညီ နိုင်မယ်လို့ ထင်ခဲ့ကြတာပါ။

    ဒီငြင်းခုံမှုတွေက အခုတော့လုံး၀ နစ်မြုပ်သေဆုံးသွားပြီ၊ လူသားချင်းစာနာထောက်ထားမှုကသာ ယနေ့ထိကျန်ခဲ့တဲ့ တခုတည်းသောအရာပါ။  ဆိုလိုတာကတော့ ပိတ်ဆို့မှုတွေပြုလုပ်၊ ကြေညာချက်တွေ ထုတ်ပြန်ရုံတင်မကဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကနေ ကူညီဆောင်ရွက်ခြင်း နည်းနဲ့သာ နိုင်ငံတကာအသိုင်း၀ိုင်းအနေနဲ့ အမှန်တကယ် လက်တွေ့ကျကျ ကူညီနိုင်မှာဖြစ်ပါတယ်။ နိုင်ငံထဲမှာ အမှန်တကယ် လိုအပ်နေတဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

    နိဂုံးအနေနဲ့  ရှေ့မှာ ဖြစ်နိုင်တဲ့ လမ်းကြောင်းတွေအချို့ ကို ဆွေးနွေးပါ့မယ်။ နိုင်ငံတကာအသိုင်း၀ိုင်း အနေနဲ့ အသက်တွေကယ်တင်မယ့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ လုပ်ငန်းတွေကို  ဆက်လက် စွဲမြဲခိုင်မာစွာ ဆောင်ရွက်ရန်လိုပါတယ်။ သီးသန့်ခွဲ ဆောင်ရွက်မယ့် ဘယ်လိုအလားအလာ၊ ဘယ်လိုနည်းလမ်းမျိုးကမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူညီတွေကို ဖမ်းဆုတ်နိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါ့အပြင် တနိုင်ငံလုံးမှာ ဖြစ်ပေါ်နေတဲ့ အကျပ်တည်းတွေကို ချဥ်းကပ်ရာမှာ နည်းလမ်းများစွာ ရှိတယ်ဆိုတာကိုလည်း နားလည်ထားဖို့ လိုပါလိမ့်မယ်။ နိုင်ငံရဲ့ တနေရာမှာ ၀င်ရောက်ဖြေရှင်းဆောင်ရွက်မှုက အခြားတနေရာမှာ တပုံစံတည်း ဆောင်ရွက်လို့ရမှာမဟုတ်ပါဘူး။

    ဆက်လက်လုပ်ရမယ့် ဦးစား‌ပေးတွေ ထဲကတခုက တနိုင်ငံလုံးမှာရှိတဲ့ မြန်မာ အရပ်ဖက်အဖွဲ့ စည်းတွေနဲ့ ဒေသခံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တွေကို ဆက်လက်ပံ့ပိုးဖို့ ဖြစ်ပါတယ်။ အာဏာမသိမ်းခင်နဲ့ ကမ္ဘာ့ကပ်ရောဂါ မဖြစ်ခင် က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလှုရှင်တွေ၊ ဆောင်ရွက်သူတွေ  အများပြားက ‌ဒေသန္တရအခြေပြုခြင်း နှင့် အ‌ဝေးမှ စီမံခန့် ခွဲခြင်းတို့ ကို ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ ဒီ ထပ်တလဲလဲပြောခဲ့တဲ့ အသုံးနှုန်းတွေဟာ သီအိုရီအရ စဥ်းစားမှုကနေ အမှန်တကယ် အရေးတကြီး အ‌ကောင်ထည်ဖော်ရမယ့် ကိစ္စရပ်တွေဖြစ်လာပါပြီ။ ကျွန်တော့်ကို မျှော်လင့်ချက်ပေးတဲ့ တစုံတရာရှိမယ်ဆိုရင် တနိုင်ငံလုံးမှာရှိနေတဲ့ လူသားချင်းစာနာထောက်ထားမှု ဆောင်ရွက်နေသူ မြန်မာတွေက ‌ဒေသန္တရအခြေပြုခြင်းမှာ ရှေ့ရောက်နေတာပဲ ဖြစ်ပါတယ်။ ကချင်၊ ကရင် ကလူတွေ ရှမ်းပြည်နယ် နေရာအချို့ကလူတွေ ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်ချက်တွေကို သူတို့ဘာသာဖြည့်ဆည်းနေကြဖူးပြီး ဖြစ်ပါတယ်။ သူတို့ကို ပံ့ပိုးပေးဖို့လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။

    စစ်ကောင်စီနဲ့ တပ်မတော်က အဓိကအတားဆီးဖြစ်တယ်ဆိုတာကို လူအများစု သဘောတူပါလိမ့်မယ်။ ဒါပေမယ့်လည်း အနောက်နိုင်ငံကအလှုရှင်တွေဘက်မှာ လိုက်လျောညီထွေ ပြောင်းလဲပေးမှုမရှိတာ၊ တမူ ဆန်းသစ် ဆောင်ရွက်မှု မရှိတာ၊ သတ္တိမရှိတာနဲ့ မစွန့်စားရဲတာကလည်း အဓိကပြဿနာတခုပါပဲ။

    နောက်ဆုံးအနေနဲ့ ကတော့ ကုလသမဂ္ဂကို လူသားချင်းစာနာထောက်ထားမှုတွေ ဆောက်ရွက်ပြီး မြန်မာကို ကယ်တင်မယ့်သူအနေနဲ့ ကြည့်တာ လွဲမှားနေပါတယ်။ ကုလသမဂ္ဂက မြန်မာနိုင်ငံနဲ့ ပတ်သတ်ရင် အခြေနေများစွာမှာ ပုံစံမျိုးစုံနဲ့ကို လွဲမှားမအောင်မြင်ခဲ့တာပါ။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုတွေကို အမှန်တကယ်ဖြေရှင်းပေးနိုင်မယ့် ယန္တရားတခုအနေနဲ့ ကုလသမဂ္ဂကို ကြည့်တဲ့သူ ဘယ်သူမဆို စိတ်ကူးလွဲနေပြီပဲ ဖြစ်ပါတယ်။ ဘယ်သူ့မှာမှ အဖြေမှန် မရှိပါဘူး။ ဒါပေမယ့် အဖြေမှန်နဲ့ အနီးစပ်ဆုံးကတော့ ဒေသခံအသိုင်း၀ိုင်းနဲ့ အမှန်တကယ်လက်တွဲဆောင်ရွက်ပြီး သူတို့ကို ကူညီပံ့ပိုးနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ပဲဖြစ်ပါတယ်။

    ခရစ္စတီနား အီဘာဘတ်ချ်။          ။ ဒေးဗစ်ရေ ဖွံ့ ဖြိုး‌ရေးနဲ့ မတူဘဲ လူသားခြင်းစာနာထောက်ထားမှု မှန်ပြောင်းနဲ့သာအဓိက ရှုမြင်ရမှာဖြစ်တယ်လို့ ရှင်ပြောခဲ့ပါတယ်။ ဒါပေမယ့် လူ့အခွင့်ရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူညီတွေကြားက အရေးကြီးတဲ့ ဆက်နွယ်မှုကိုလဲ ပြောသွားခဲ့တယ်။

    လူ့အခွင့်ရေးနှင့် လူသားချင်း စာနာ ထောက်ထားမှုတို့ဟာ တခုနဲ့တခု ဖြည့်ဘက်ဖြစ်နေတာလား ၊ ဆန့်ကျင်ဘက်ဖြစ်နေတာလား ဆိုတာက ကိုယ်ဘယ်သူနဲ့ စကားပြောနေတာလဲ ဆိုတာပေါ်မူတည်ပြီး အမြင်ကွဲတယ်ဆိုတာကို ကျွန်မသိပါတယ်။ ဘယ်လိုအပိုင်းတွေက ပူး‌ပေါင်းဆောင်ရွက်လို့ရတဲ့ အပိုင်းတွေ ဖြစ်ပြီး ဘယ်လိုအပိုင်းတွေက တင်းမာမှုတွေ ရှိနိုင်တဲ့ အပိုင်းတွေ ဖြစ်မလဲဆိုတဲ့ အမြင်လေးလဲ ပြောပြပေးပါဦး။

    ဒေးဗစ် မက်သီဆင်။       ။ အငြင်းပွားစရာ အချက်တွေ အများကြီး ရှိပါလိမ့်မယ်။

    ကျွန်တော့်အတွေ့ ကြုံအရကတော့ လူသားချင်းစာနာထောက်ထားရေးသမားတွေဟာ ဖွံဖြိုးရေးသမားတွေထက် လူ့အခွင့်ရေးဆိုင်ရာ အမြင် ရှုထောင့်နဲ့ ပိုသဟဇာတဖြစ်ပါတယ်။ မြန်မာမှာ ရှိတဲ့  ဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်သူ အဖွဲ့စည်း/ပုဂ္ဂိုလ်တွေဟာ အရမ်း စိုးရိမ်လွန်ကဲပြီး အဓိပ္ပါယ်မရှိတဲ့ “ပဋိပက္ခကို သတိပြုကိုင်တွယ်တယ်” တို့ “ဘယ်သူ့မှ မထိခိုက်စေဘူး” တို့ စတဲ့ ဖန်တရာတေ စကားလုံးတွေနောက်မှာ အမြဲပုန်းလျှိုး နေတတ်ကြပါတယ်။ သူတို့ပြောတာကတော့ “အင်း၊ ကျွန်တော်တို့ အထူးဂရုပြု ကိုင်တွယ်ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ အစီရင်ခံစာ ပြင်ဆင်ပြီးပါပြီ၊ ပိုရှုပ်ထွေးအောင် ကျွန်တော်တို့ လုပ်မှာမဟုတ်ပါဘူး” ။ ပြီးရင် သူတို့ပဲ တချိန်လုံး လွဲမှားရှုပ်ထွေးအောင် လုပ်ခဲ့တာပါ။

    မြန်မာက ကုလသမဂ္ဂအတွက် အခွင့်ရေးတွေနဲ့ပတ်သတ်ရင် အဓိက အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ရမယ့်  ဥပမာ ဖြစ်ရပ်တခု ဖြစ်ခဲ့ရမှာပါ။ ဒါပေမယ့် အဆုံးသတ်ကြတော့ ဒီလိုလုံးဝဖြစ်မလာခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကို ကြည့်ရင် ကုလသမဂ္ဂက မြန်မာမှာ လူ့အခွင့်ရေး မြှင့်တင်ပေးတဲ့ ခေါင်းဆောင်တဦး မဖြစ်ခဲ့ပါဘူး။ လူ့အခွင့်ရေးနဲ့ ပတ်သတ်လာရင် ပါးစပ်နဲ့ပဲ ကူညီပံ့ပိုးပေးနေတဲ့ အနောက်နိုင်ငံကအလှုရှင်တွေ အများကြီးပဲ ရှိခဲ့ပါတယ်။ သူတို့တကယ်တွေးနေခဲ့တာက ငါတို့ဒေါ်လာသန်းပေါင်းများစွာကို သွန်ထည့်လိုက်ရင် လူတွေ အလုပ်တွေရကြမယ်၊ သူတို့ရဲ့ လူနေမှုအဆင့်တန်း တိုးတက်လာလိမ့်မယ်၊ ပြီးတော့ ငါတို့မှာ ငြိမ်းချမ်းရေး ဖြစ်စဥ်တခု ရှိနေမယ်ဆိုရင် လူ့အခွင့်ရေးဆိုင်ရာ ကိစ္စရပ်တွေဟာလည်း တဖြည်းဖြည်းနဲ့ ခွဲထုတ်ပြီးသား ဖြစ်သွားလိမ့်မယ် ပြီးတော့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေလည်း တဖြည်းဖြည်း လျော့နည်းသွားလိမ့်မယ်ပဲ တွေးနေခဲ့တာပါ။ သူတို့တွေးသလို မဖြစ်ခဲ့ပါဘူး။

    အာဏာသိမ်းမှုက လူများစွာရဲ့ အာရုံကိုဖမ်းယူနိုင်ခဲ့ပြီ။ တပ်မတော်ကို စောင့်ကြည့်နေတဲ့ အာရုံစိုက်မှုတွေ သွေဖယ်ခဲ့ လို့ တနိုင်ငံလုံးမှာ လူသားချင်းစာနာထောက်ထားမှု အကျပ်တည်းပေါ်မှာ လူ့အခွင့်ရေး ဆိုင်ရာ အကျပ်တည်းတွေ အမြဲတမ်းဖြစ်ပေါ် ဖုံးလွှမ်းနေခဲ့တယ်ဆိုတဲ့ အချက်ကို မမြင်ခဲ့တာပါ။

    ဘန် ဖလန်းမင်း။                        ။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စတွေမှာ ကျွန်တော့်အနေနဲ့မြင်တာကတော့ ခွဲ၀ေရေးမှာ ပြဿနာရှိကြတယ်လို့ မြင်ပါတယ်။ ခုဆိုရင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဟာ အာဏာသိမ်းမှု မတိုင်ခင်ကလို လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းပဲရှိတာမျိုး၊ ၀န်ကြီးဌာနသုံးခုကိုပဲ အပိုင်စားရထားတာမျိုး မဟုတ်တော့ပါဘူး။ သူတို့ဟာ ခုချိန်မှာဆို အစိုးရအဖွဲ့၀င် တခုလုံးကိုရော၊ ငွေကြေးစီမံခန့်ခွဲမှုကိုပါ လွှမ်းမိုးချုပ်ကိုင်နေနိုင်ပါတယ်။ ဒီတော့ ဒေသခံအဖွဲ့အစည်းတွေဆီကို ငွေကြေးပံ့ပိုးမှု ဘယ်လိုပေးမလဲဆိုတာက မေးစရာမေးခွန်းဖြစ်လာပါတယ်။ ဒီမေးခွန်းကို အမည်မဖော်လိုသူတဦးကလည်း မေးထားတယ်၊ သူမေးတာကတော့ ထိုင်းနိုင်ငံကနေတစ်ဆင့် နယ်မြေဖြတ်ကျော်ပြီး အကူအညီပေးမှုကို ဘယ်လိုရရှိနိုင်ပါမလဲ၊ ဒီလို အကူအညီပေးမှုကို အများပြည်သူရဲ့ ဖိအားကနေတဆင့် လုပ်မှာလား၊ ဒါမှမဟုတ် တိုးတိတ်ညင်သာတဲ့ သံတမန်အခင်းအကျင်းက သွားမှာလား ဆိုတာပဲ ဖြစ်ပါတယ်။

    ဒေးဗစ် မက်သီဆင်။       ။ SAC အနေနဲ့ စီးပွားရေးကဏ္ဍနဲ့ ဘဏ်စနစ်ကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်တာကတော့ အကြီးမားဆုံး စိန်ခေါ်မှုပါပဲ။ ဒါဟာ ငွေကြေးအကူအညီကို အမှန်တကယ် လိုအပ်နေတဲ့သူတွေဆီ အကူအညီ မရောက်ရှိအောင် ဖြတ်တောက်ပစ်လိုက်တာပါပဲ။ ဒါတင်မကပဲ ထုတ်လုပ်မှုလုပ်ငန်းတွေကိုပါ ရပ်တန့်စေပြီး ကုန်စည်စီးဆင်းမှုကွင်းဆက်ကြီး တခုလုံးကိုပါ ဖျက်ဆီးပစ်လိုက်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးကြဖို့ကို အထူးအာရုံစိုက်ပြောနေတာပါ၊ တနိုင်ငံလုံးမှာရှိတဲ့ အသက်မွေး၀မ်းကြောင်းလုပ်ငန်းတွေဟာ ဒီစစ်အာဏာသိမ်းမှုကြောင့် အတော်ကို ဖရိုဖရဲ ပျက်ဆီးသွားရပါပြီ။

    ကျွန်တော့် အမြင်ကတော့ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးကိစ္စတွေက ထိုင်းနိုင်ငံကနေတစ်ဆင့် ကောင်းကောင်းမွန်မွန် အကူအညီပေးနိုင်ခဲ့တာကို နှစ်ပေါင်းများစွာ မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ အဲ့ဒီအပြင်မှာမှ အလုပ်ကို ပိုင်ပိုင်နိုင်နိုင်ရှိကြတဲ့ ကရင်၊ ကရင်နီနဲ့ မွန်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတွေဆိုတဲ့ မိတ်ဆွေကောင်းတွေလည်း ရှိကြပါတယ်။ ဒီအရပ်ဖက်အဖွဲ့အစည်းတွေဟာ သူတို့လုပ်စရာရှိတဲ့ အလုပ်တွေကို ဆက်လုပ်နေကြတယ်ဆိုတာ နိုင်ငံတကာက အလှူရှင်တွေ ရောက်လာကြတာနဲ့ အရှေ့တောင်အာရှမှာရှိနေကြတဲ့ ပဋိပက္ခတွေဟာ ချက်ချင်း ပြေလည်သွားတာ မဟုတ်ဘူးဆိုတာကို သူတို့က ကောင်းကောင်းသိကြလို့ပါပဲ။ ငြိမ်းချမ်းရေးလုပ်ငန်းတွေရဲ့ ရှုပ်ထွေးမှုတွေကို ရုတ်တရက် ကြည့်လိုက်ရင်တော့ အရှေ့တောင်အာရှဟာ ပဋိပက္ခလွန် အဖွဲ့အစည်းတစ်ခုဖြစ်တယ်ဆိုတဲ့ အမြင်မျိုးနဲ့ ခင်ဗျားတို့ကို ဖြားယောင်းပါလိမ့်မယ်၊ ဒါပေမယ့် ဒါဟာ အခြေအနေတွေကို တကယ် ဂရုတစိုက်ကြည့်တတ်တဲ့ လူတွေအတွက်တော့ လုံး၀ကို ကြောင်းကျိုးဆီလျော်မှုမရှိတဲ့၊ အဓိပ္ပာယ်လုံး၀မရှိတဲ့ စကားမျိုးပါပဲ။ အလှူရှင်တွေအနေနဲ့ သေချာမစဥ်းစားပဲ မြင်မြင်သမျှ အရာတွေအပေါ်  နာမည်တွေလိုက်ကပ်ဖို့ ကြိုးစားတာတွေနဲ့ သူတို့လုပ်နေတဲ့အလုပ်တွေကိုပဲ ကြောငြာ်နေတာမျိုးကို ကျွန်တော်တို့ ထပ်ပြီး အလိုမရှိပါဘူး။ အလှူရှင်တွေအနေနဲ့ တကယ်လိုအပ်တဲ့ ပြည်သူလူထုဆီကို ငွေကြေးအကူအညီ၊ စားနပ်ရိက္ခာအကူအညီနဲ့ အခြားလိုအပ်တဲ့ အကူအညီတွေ အများကြီးပေးဖို့ကို အထူးရှေ့တန်းတင် လုပ်ကြရမှာပါ။ ဒီကိစ္စမှာလည်း အလှူရှင်တွေဟာ လက်ရှိပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေကိုပဲ အဓိကကြည့်ရမှာမဟုတ်ပဲ မြို့ပေါ်တက်ပြီး ရွှေ့ပြောင်းနေထိုင်နေရတဲ့ လူဦးရေတွေ အကူအညီရရေးကိုလည်း ဆောင်ရွက်ရမှာပါ။

    ဘန် ဖလန်းမင်း။                        ။ဒီတော့ လူသားချင်းစာနာထောက်ထားမှု အရေးကိစ္စဟာ အပြစ်တွေမှန်သမျှကို ဖုံးအုပ်နိုင်တယ်ပေ့ါ၊ တိုက်ပွဲတွေအကြောင်းပြောရင်းနဲ့ပဲ အကူအညီပေးရေးကိုလည်း ပြောလို့ရတယ် ဆိုတော့ ခင်ဗျားပြောတာကို ကျွန်တော် နားလည်တာကတော့ ခင်ဗျားက ပြောက်ကျားစနစ်သုံးပြီး တော်လှန်ပုန်ကန်မှု အသွင်ဆောင်တဲ့၊ ပုံစံ အဟောင်းတွေကိုဖြိုချဖျက်ဆီးပြီး လိုအပ်သလို အကူအညီပေးရတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုမျိုးကို လှုံဆော်စည်းရုံးတယ်လို့ ခံစားမိပါတယ်။

    ဒီတော့ ခုလည်း ဆယ်ကျော်သက်တယောက်က မေးထားတဲ့ “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေတိုးတက်လာဖို့အတွက် သူတို့လို ဆယ်ကျော်သက်တွေအနေနဲ့ ဘာတွေလုပ်နိုင်မလဲ” ဆိုတဲ့ မေးခွန်းကို မေးချင်ပါတယ်။ ကျွန်တော်ပဲ စာတွေဖတ်တာ တအားများနေတာလားတော့ မပြောတတ်ဘူး၊ ကျွန်တော့်အနေနဲ့တော့ အဲ့ဒီမေးခွန်းဟာ အကြမ်းဖက်မှုကို အားပေးတဲ့ အသွင်ဆောင်တယ်လို့ မြင်မိတယ်၊ တပ်မတော်ကို ပြန်လည်တိုက်ခိုက်တာတွေ၊ ရဲတွေကို ပြန်လည်တိုက်ခိုက်တာတွေနဲ့ စစ်တပ်နဲ့ရဲသတင်းပေးတွေကို သတ်ဖြတ်တာတွေကိုလည်း ကြားနေမြင်နေရပါတယ်၊ ဒီတော့ အဲ့လိုဗျူဟာမျိုးတွေအတွက် နေရာရှိသင့်ပါသလား၊ ဒီလိုနည်းလမ်းသည်သာ ကျွန်တော်တို့ လိုအပ်တဲ့ အချိန်ရဖို့အတွက် တခုတည်းသော နည်းလမ်းဖြစ်ပါသလား။

    ဒေးဗစ် မက်သီဆင်။       ။ ဒါကတော့ ကျွန်တော့်အနေနဲ့ ပြောပိုင်ခွင့်ရှိတဲ့ ကိစ္စလို့ မထင်ဘူးဗျ။ ခင်ဗျားအနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်ခြင်း လမ်းကြောင်းကို ရွေးမှဖြစ်မယ်ဆိုရင်လည်း ရတယ်၊ ရွေးပါ။ လူ့အခွင့်အရေးလှုပ်ရှားသူတယောက်အနေနဲ့ တစ်ဖက်ဖက်ကို မရွေးရင် ခင်ဗျား ၀ေဖန်ခံရတာပဲ၊ ဒီနေရာမှာ နှစ်ပေါင်းများစွာ ကျွန်တော်အသုံးပြုခဲ့တဲ့ နည်းလမ်းကတော့ ကျွန်တော်သည် နာကျင်ခံစားရသူဖက်ကပဲ ရပ်တာပဲ။ ပြီးတော့ ကျွန်တော့်အနေနဲ့ ပြောချင်တာက ခင်ဗျားက ခုခံတော်လှန်ရေးနည်းလမ်းကိုမှ ရွေးချင်တယ်ဆိုလည်းဖြစ်တယ်၊ ခင်ဗျားသဘောပဲ၊ အဲ့ဒီအပေါ်မှာ ကျွန်တော် ဘာမှ ၀င်ရောက်ဝေဖန်ဆုံးဖြတ်ခြင်း မလုပ်ဘူး။ ဒီနေရာမှာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့ လူ့အခွင့်အရေး ဥပဒေတွေရဲ့ အရေးပါမှုက ပေါ်လွင်လာတာပဲ၊ ကျွန်တော်တို့မှာ လက်နက်ကိုင်တိုက်ပွဲတွေရဲ့ အသွင်သဏ္ဍာန်တွေနဲ့ စီမံမှု ပုံစံတွေကို ၀ေဖန်လို့ရတယ်၊ ဒါပေမယ့် အဲ့ဒီထဲမှာ ၀င်ပါသင့်၊ မပါသင့် ဆုံးဖြတ်ချက်ကိုတော့ သွားဝေဖန်လို့မရဘူးဗျ။  

    ဒါဟာ နိုင်ငံတကာ အလှူရှင်တွေအနေနဲ့  အလွန်အကျွံ စိုးရိမ်ပူပန်နေကြတဲ့ ဖြစ်စဥ်ရဲ့ ဝိရောဓိတစ်ခုကိုလည်း ပြသရာရောက်ပါတယ်။ ပထမပိုင်းမှာတော့ သူတို့က “ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်နေကြတယ်တွေ့လား၊ အဲ့ဒါ ဘယ်လောက်ကောင်းသလဲ” ဘာညာနဲ့ ပြောကြတယ်၊ အစပိုင်းတော့ နှစ်သက်ကြတယ်ပေ့ါဗျာ။ နောက်တော့ ဆန္ဒပြမှုတွေဟာ နည်းနည်း အကြမ်းဖက်တဲ့ အသွင်ဆောင်လာတယ်ဆိုရင် အလှူရှင်တွေအနေနဲ့က “တော်ပါပြီ၊ဒါကိုတော့ သည်းမခံနိုင်ဘူး၊ဒါကိုတော့ ထောက်ပံ့ကူညီမှု မပေးနိုင်ဘူး” ဆိုတာမျိုးတွေဖြစ်သွားကြတယ်။ ကျွန်တော့်အမြင်မှာတော့ နိုင်ငံတကာ အလှူရှင်တွေအနေနဲ့က လုံး၀အဓိပ္ပာယ်မရှိတဲ့၊ ရူးနှမ်းတဲ့ စကားလုံးဖြစ်တဲ့ “ထွက်ပေါက်” ဆိုတာကို သုံးပြီး ဒီကိစ္စတွေကို ဖြေရှင်းဖို့မှာ SAC ကနေတဆင့်ပဲ သွားဖို့ ကြိုးစားနေကြတယ်လို့ ကျွန်တော်မြင်တယ်။ ကျွန်တော်တို့အနေနဲ့က ရှေ့ဆက်သွားဖို့ရာမှာ ကိုယ်ကျင့်စံတန်ဖိုးဆိုင်ရာ ပဟေဠိတွေ အများကြီးကိုလည်း ရင်ဆိုင်ဖြေရှင်းရလိမ့်ဦးမယ်။ အလှူရှင်တွေပေးတဲ့ အကူအညီတွေကို အချို့သော လက်နက်ကိုင်တွေက ရရှိစံစားလိမ့်မယ်ဆိုတဲ့ အတွေးလောက်နဲ့တော့ နိုင်ငံတကာ အလှူရှင်တွေအနေနဲ့ လက်တွန့်သွားတဲ့အထိ မဖြစ်သင့်ပါဘူး။

    မြန်မာပြည်ကို ဆီးရီးယားနဲ့ ခိုင်းနှိုင်း သုံးသပ်ပြနေတာလည်း ရူးနှမ်းပြီး အဓိပ္ပာယ်မဲ့ပါတယ်။ မြန်မာပြည်ဟာ မြန်မာပြည်ပါပဲ၊ ဆီးရီးယားမှ မဟုတ်တာ။ ဘယ်သူကမှလည်း တစ်ဖက်တည်းကပဲ လက်နက်ကိုင်ဖို့ကို ပြောနေကြတာမှ မဟုတ်တာ၊ ဒီစကားကို ကျွန်တော် ဆီးရီးယားမှာရှိနေတဲ့ ပြည်သူတွေကို ကိုယ်ချင်းစာပြီး ကျွန်တော်ပြောတာပါ။ အလှူရှင်တွေအနေနဲ့လည်း မြန်မာပြည်တွင်းမှာရှိတဲ့ အသက်ရှင်ရပ်တည်နိုင်မှုအတွက် အကူအညီလိုအပ်နေတဲ့ သန်းပေါင်းများစွာသောလူတွေကို အကူအညီပေးနိုင်ဖို့ နည်းလမ်းရှာပြီး မြန်မာပြည်တွင်းက ကိစ္စတွေကို အဓိက အလေးပေး စဥ်းစားရပါမယ်။

    ခရစ္စတီးနား အီဘာဘတ်ချ်။         ။ ရှင့်အနေနဲ့ကတော့ ဒီအခြေအနေမှာ ဒေသခံပြည်သူလူထုကနေတဆင့် ပူးပေါင်းလုပ်ဆောင်ခြင်းကသာ အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်လို့ ပြောသွားပါတယ်။ ဒါပေမယ့် ခုဖြစ်ပေါ်နေတဲ့ ဖိနှိပ်မှု အတိုင်းအတာကို ကြည့်ရင် ဒါကြောင့်မို့လို့ ဒေသခံ၊အရပ်ဖက်အဖွဲ့အစည်းတွေအပေါ်  စိန်ခေါ်စွန့်စားရမှုတွေ သက်ရောက်လာစေမယ်လို့ မထင်မိဘူးလားရှင့်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးကြတဲ့ အချို့သူတွေကို တရားဥပဒေမဲ့ ဖမ်းဆီးတာတွေတောင် ကြားထားပြီးသားဆိုတော့လေ။ အလှူရှင်တွေအနေနဲ့ ဒေသခံပြည်သူလူထုနဲ့ ပူးပေါင်းပြီး ရှေ့ဆက်သွားလို့ရအောင်လုပ်တာရယ်နဲ့ ဒေသခံအဖွဲ့အစည်းတွေရဲ့ လုံခြုံမှုနဲ့ ဘေးကင်းမှုကိုလည်း ကာကွယ်ပေးရတဲ့ နှစ်ခုအကြား ဘယ်လိုမျိုးများ ဟန်ချက်ညီအောင် ထိန်းလို့ရမယ်လို့ ရှင်ထင်သလဲရှင့်။

    ဒေးဗစ် မက်သီဆင်။       ။ ဒါဟာ အရမ်းကောင်းတဲ့မေးခွန်းတစ်ခုပါပဲ။ ဒေသခံ၊အရပ်ဖက်အဖွဲ့အစည်းတွေအတွက် စိန်ခေါ်စွန့်စားရမှုကြီးပါတယ်၊ ဒါပေမယ့် သူတို့တွေဟာ ဒီ စွန့်စားရမှုတွေကို နှစ်ပေါင်းများစွာ ထိတ်တိုက်ရင်ဆိုင်ပြီး အလုပ်လုပ်လာကြပြီးသားပါ၊ အထူးသဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့တောင်ပိုင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေမှာပေ့ါ။ ဒီကိစ္စကြီးမှာ ဘယ်လိုလှုပ်ရှားရမယ်ဆိုတာနဲ့ အလုပ်ဖြစ်အောင် ဘယ်လိုနည်းလမ်းရှာရမလဲဆိုတာကို ပြည်တွင်းမှာရှိတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးနေကြတဲ့သူတွေနဲ့ ပြည်တွင်းမှာရှိတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်နေကြတဲ့ ၀န်ထမ်းတွေက နိုင်ငံပြင်ပက နိုင်ငံခြားသားတွေထက် အများကြီး ပိုသိကြပါတယ်။ အာဏာသိမ်းမှုအလွန် ကာလဟာ အကြမ်းဖက်မှုတွေ အများကြီး ဖြစ်ပေါ်စေပါတယ်၊ လွန်ခဲ့တဲ့ ၆ လလောက်ကအထိ မမှန်းထားခဲ့တဲ့ အကြမ်းဖက်မှုတွေပါ။ ဒါပေမယ့်လည်း လူတွေအများကြီးဟာ လုံခြုံရေးဆိုင်ရာ အကျပ်အတည်းတွေကို ဘယ်လိုရင်ဆိုင်ရမလဲ၊ ဒီ အကျပ်အတည်းတွေကနေ ဘယ်လိုနည်းလမ်သုံးပြီး ပါးပါးနပ်နပ် ကျော်လွှားရမလဲဆိုတာကို သိတဲ့သူတွေ ရှိကြပါတယ်။ ပြောချင်တာကတော့ သူတို့ရင်ဆိုင်ရမယ့် စိန်ခေါ်စွန့်စားမှုရမှုတွေကို လျှော့မတွက်ပဲ ဒီအရေးကိစ္စတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကောင်းကောင်းနားလည်ကြတဲ့သူတွေရှိတယ် ဆိုတာပါပဲ။

    ဒါကြောင့်မို့လို့လည်း ကျွန်တော်က ဒီနေရာမှာ အနောက်နိုင်ငံက အလှူရှင်အချို့နဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ လုပ်ကိုင်ပုံတွေဟာ အားမလို၊အားမရ ဖြစ်စရာကောင်းတယ်လို့ ထင်မိတာပါ။ လူတွေဟာ သူတို့ဟာသူတို့ လုပ်ကိုင်နိုင်စွမ်း၊ စွမ်းရည်တွေပြည့်၀နေပြီးတာတောင်မှ လူတွေကို စွမ်းဆောင်ရည်ပြည့်၀အောင် လုပ်ပေးရမယ်ဆိုပြီး အဲ့ဒီစကားလုံးကိုပဲ သုံးစွဲနေတာဟာ တော်တော်ကိုပဲ ဆိုးရွားပြီး စွမ်းဆောင်ရည်ရှိကြပြီးသား လူတွေကို နှိမ့်ချရာရောက်ပါတယ်။ လူတွေမှာ လုပ်ကိုင်နိုင်စွမ်း ရှိကြတယ်ဆိုရင် လိုအပ်တဲ့ ငွေကြေးအကူအညီပဲ ပေးလိုက်ရုံပဲလေ။ သံရုံးထဲမှာ ထိုင်နေတဲ့ နိုင်ငံတကာအလှူရှင်ထက်တော့ ပြည်တွင်းကလူတွေက စိန်ခေါ်စွန့်စားရမှုတွေကို ပိုသိတာပေ့ါဗျ။ ခင်ဗျားတို့ကြောင့် သူတို့က ပိုပြီး စိန်ခေါ်စွန့်စားရမှုတွေရှိမယ်၊ သူတို့ကို အကျဥ်းအကျပ်ထဲ တွန်းပို့လိုက်သလိုဖြစ်မယ်လို့တော့ သွားမတွေးနဲ့ဗျ၊ အဲ့လူတွေက သူတို့ ဘာလုပ်နေရတယ်ဆိုတာ သူတို့ကိုယ်သူတို့ ကောင်းကောင်းသိကြပြီးသားပါ။

    ဘန် ဖလန်းမင်း။                        ။ ဒေးဗစ်၊ ခင်ဗျားအနေနဲ့ စီးပွားရေးပိတ်ဆို့မှုတွေနဲ့ သေချာ ထိထိရောက်ရောက်ဖြစ်အောင် ကြံစည်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ရောက်လာတာ မြင်ချင်တယ်လို့ ပြောခဲ့တယ်နော်။ ဒီတော့ အဲ့လို လုပ်ရပ်တွေဟာ ဘယ်လိုပုံသဏ္ဍာန် ဖြစ်သင့်သလဲ၊ ပြီးတော့ ဒီ စီးပွားရေးပိတ်ဆို့မှုတွေကနေတဆင့် ဘယ်လိုဖိအားတွေကို ပေးနိုင်မယ်လို့ ခင်ဗျားထင်သလဲဗျ။

    ဒေးဗစ်မက်သီဆင်။        ။ မကြာခင်က ချမှတ်လိုက်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် SAC နဲ့ မင်းအောင်လှိုင်ကများ အစိုးရကို အာဏာပြန်လွှဲပေးမယ်လို့ ထင်နေလား။ အဲ့လို ဘယ်ဖြစ်မလဲ။ ဒါပေမယ့် စီးပွားရေးပိတ်ဆို့သင့်တဲ့ လူတွေ၊ တကယ် ပိတ်ဆို့သင့်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့တာရောဖြစ်ရဲ့လား၊ အဲ့ဒါတော့ ဖြစ်တယ်၊ ဒါဟာ တကယ်ကို မြင်သာထင်ရှားတယ်။ ကျွန်တော်တို့ လိုလားတောင့်တတဲ့ သက်ရောက်မှုက SAC နဲ့ ရွေးကောက်ခံ အမတ်တွေကို အာဏာပြန်လွှဲပေးဖို့အတွက်ဆိုရင်တော့ ဒီ စီးပွားရေးပိတ်ဆို့မှုတွေက လိုလားတောင့်တတဲ့ သက်ရောက်မှုကို ရနိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး။

    အနောက်နိုင်ငံက လူတချို့ရဲ့ လွဲမှားနေတဲ့ အမြင်က ဘာလဲဆိုတော့ သူတို့က စီးပွားရေးပိတ်ဆို့မှု တချို့လုပ်မယ်၊ သံတမန်ရေးရာ အားထုတ်မှုတွေအတွက်တော့ ASEAN ကို ရှေ့ဆောင်အနေနဲ့ ထားလို့ရနေမယ်လို့ ထင်နေတာပါပဲ။ ဒါဟာ ကျွန်တော်မြင်ဖူးသမျှတွေထဲမှာ ကိုယ်ကျင့်သိက္ခာအရရော၊ ဥာဏ်ရည်ပိုင်းဆိုင်ရာအရရော၊ ကုန်ကုန်ပြောရရင် ကြောင်းကျိုးဆင်ခြင်နိုင်တဲ့ ဥာဏ်ရည်တောင်မှ မရှိတဲ့ တော်တော်ကို ရူးကြောင်ကြောင်နိုင်တဲ့ စိတ်ကူးပါပဲဗျာ။  ASEAN အနေနဲ့ ဂေါက်ရိုက်တာကလွဲလို့ တခြားဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်တာရှိတယ်လို့ ထင်နေကြသူ ဘယ်သူမဆိုဟာ ကိုယ့်ကိုယ်ကို လှည့်ဖျားနေကြတဲ့သူတွေပါပဲ။ ASEAN ကို မေ့လိုက်ပါ၊ လုပ်ရမယ့် စီးပွားရေးပိတ်ဆို့မှုတွေ ဆက်လုပ်ပါ။ ဒီကိစ္စမှာဆို သြစတေးလျားအနေနဲ့ ရှက်ဖို့တောင် ကောင်းတယ်၊ သူတို့အနေနဲ့က စီးပွားရေးပိတ်ဆို့မှုတွေ မလုပ်ပဲ စစ်တပ်ထဲမှာ သူတို့သိပြီးသား အဆက်အသွယ်ကနေတဆင့်၊ ASEAN ကနေတဆင့် အပြောင်းအလဲတွေကို ဖော်ဆောင်နိုင်မယ်လို့ ထင်နေတာ တကယ်ကို ယုတ္တိမတန်တဲ့၊ အဓိပ္ပာယ်လုံး၀မရှိတဲ့ အတွေးပါပဲ။

    နောက်တဆင့် စဥ်းစားရမှာက ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကြား၀င်ဖျန်ဖြေတဲ့ ကိစ္စတွေကရော အလုပ်ဖြစ်နိုင်မလားဆိုတာပဲ။ ကျွန်တော်ကတော့ ဟင့်အင်း….မဖြစ်နိုင်ဘူးလို့ပဲ ဖြေရမယ်၊ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ စေတနာပါတဲ့၊ အကောင်းဖက်ကို ရည်ရွယ်တဲ့ လုပ်ရပ်တွေဟာ တကယ်တော့ သက်ရောက်မှုသိသိသာသာ မရှိဘူးလို့ ထင်ပါတယ်။ သူမ အဲ့လိုလုပ်ပေးနေတာတွေက ဘေဂျင်းအတွက်တော့ အရေးကြီးပါတယ်။ အဲ့ဒီလုပ်ရပ်တွေကနေ ကျွန်တော်တို့ လိုလားတောင့်တတဲ့ ရလဒ်ရမလားလို့ မေးရင်တော့ မရနိုင်ဖို့ များပါလိမ့်မယ်။ ဒါပေမယ့် ဒီလုပ်ရပ်တွေက ASEAN နဲ့ ဆက်သွယ်လုပ်ဆောင်ရတာထက်၊ သံတမန်အခင်းအကျင်းအရ ပိုပြီး အားစိုက်၊ အကုန်ကျခံရပါတယ်။ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား စတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံဖို့ကိုလည်း ခဏမေ့လိုက်ပါ။ ရုရှားနဲ့ စကားပြောဖို့ကိုလည်း စဥ်းစားမနေနဲ့၊ သူတို့က မြန်မာပြည်ကို လက်နက်ရောင်းလို့ရတဲ့ စျေးကွက်ပန်းတိုင် တခုလိုပဲ မြင်နေတာ၊ ဒါပဲ။

    တကယ်တော့ မေးခွန်းအကြီးကြီး ရှိနေတာက တရုတ်နဲ့ ပက်သတ်လို့ပဲ။ တရုတ်ရဲ့ လားရာကို ပြောင်းလဲပစ်ဖို့အတွက် ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ ဥရောပသမဂ္ဂနဲ့ သြစတေးလျား နိုင်ငံတွေက သူတို့ရဲ့ သံတမန်ရေးရာ ကုန်ကျမှုတွေကို ထပ်မံတိုးချဲ့ကြမလား ဆိုတာ မေးစရာရှိပါတယ်။ အဲ့လို လုပ်ချင်မှ လုပ်မယ်။ ဒါပေမယ့် ထပ်ပြောရရင် ဒီကိစ္စဟာ လက်နက်တင်သွင်းခွင့် ပိတ်ဆို့တဲ့ ကိစ္စလိုမျိုးပဲ၊ အကြောင်းပြချက်မျိုးစုံကြောင့် တကယ်ကတော့ အကောင်အထည် မဖော်နိုင်ဘူး။ ဒါပေမယ့် ဒီပြဿနာတွေရဲ့ အဓိက လက်သည်တရားခံက ဘယ်သူလဲဆိုတာကို လူတွေများများသိလာအောင် လုပ်တဲ့ ဖြစ်စဥ်တခုအနေနဲ့တော့ အရေးပါတယ်၊ ပြီးတော့  SAC ကိုရော မင်းအောင်လှိုင်ကိုပါ မတည်မငြိမ်ဖြစ်အောင် လုပ်နိုင်မယ့် ကိစ္စမှန်သမျှကိုတော့ လုပ်ဖို့ရာ ထိုက်တန်တယ်လို့ ကျွန်တော်မြင်တယ်။ သူသာ နေပြည်တော်မှာ ထိုင်နေပြီး အနောက်နိုင်ငံ အစိုးရတွေနဲ့ ဘေဂျင်းကြား ဆွေးနွေးဆက်ဆံမှုတွေလုပ်နေပြီဆိုတာကို သိနေရင် အဲ့ဒီ ဆွေးနွေးမှုတွေက အလုပ်မဖြစ်ဦးတော့၊ သူ ညည အိပ်လို့မရပဲ အိပ်ရေးပျက်တာတွေတော့ ဖြစ်မှာပေ့ါဗျာ။

    ဘန် ဖလန်းမင်း။             ။ ကျွန်တော် မေးချင်တာ နောက်တခု ရှိပါသေးတယ်၊ မြန်မာနိုင်ငံမှာ မကြာသေးမီကမှ ဖြစ်ခဲ့တဲ့ နိုင်ငံရေးကိစ္စတွေကြောင့် တိုင်းပြည်အနှံ့အပြားမှာ ပဋိပက္ခတွေ ပုံသဏ္ဍာန်မျိုးစုံနဲ့ ပေါ်ပေါက်လာတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ ဒီတော့ ကံမကောင်းစွာနဲ့ပဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ကြီးကြီးမားမား ဆိုက်လာတယ်ပေ့ါဗျာ။ ဆိုတော့ ဒီ အကျပ်အတည်းကို ဖြေရှင်းဖို့ရာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ နည်းလမ်းမျိုးနဲ့ရော ဖြေရှင်းလို့ရမယ်လို့ ထင်လားဗျ၊ ပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ရော ဒီအချက်ကို ရည်မှန်းပြီး ကူညီသင့်တယ်လို့ထင်လား။ ဒီလို အကူအညီမျိုးကိုရော ပဋိပက္ခတွေမှာ ပါဝင်ပက်သတ်နေကြတဲ့သူတွေအနေနဲ့ ဘယ်လောက်ထိ လက်ခံသဘောတူနိုင်မယ်လို့ ထင်လဲဗျ။

    ဒေးဗစ် မက်သီဆင်။       ။ အဲ့ဒါက တော်တော်ကောင်းတဲ့ စိတ်ကူးပါ၊ ပြဿနာက တပ်မတော်အနေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးထားပြီးသား၊ ပြီးတော့ လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာလည်း အပစ်အခတ် မရှိခဲ့ဘူး။ တပ်မတော်က တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ကြော်ငြာပြီးလည်း သူတို့ဖက်ကနေ ပစ်ခတ်နေတာပဲ။ ဒါမျိုးလုပ်ရပ်ဟာ တပ်မတော်အနေနဲ့ တစ်သက်လုံး လုပ်လာခဲ့တဲ့ နည်းလမ်းမျိုး၊ အဲ့ဒီနည်းလမ်းဟာလည်း တနိုင်ငံလုံးမှာရှိတဲ့ လူအများအပါအ၀င် ဘယ်သူ့ကိုမှ ကောင်းကျိုးမဖြစ်စေပါဘူး။

    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကတော့ ကျွန်တော့်အမြင်မှာ အလုပ်ဖြစ်မယ် မထင်ပါဘူး။ ပါ၀င်တဲ့ အဖွဲ့အစည်းတွေက တအားအများကြီးကိုး။ ရပ်ရွာလူထု၊နယ်ခံတွေအတွက် အမှန်တကယ်အကျိုးရှိအောင် လုပ်ထားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးက မူအားဖြင်တော့ သိပ်ကိုကောင်းပါတယ်၊ ကျွန်တော်လည်း လုံးဝဥဿုံ သဘောတူတယ်။ ဒါပေမယ့် ခုပြဿနာက နေရာအများကြီးမှာရှိတဲ့ အဖွဲ့အစည်းအများကြီးကို ဒါကြီးကို သဘောတူလာအောင် လုပ်ရမှာဗျ၊ ဘယ်သူက ဘယ်သူလဲဆိုတာကို သိဖို့ လုပ်ရတဲ့ အဆင့်မှာတင်ကိုက တော်တော်ကြီးကို ပြဿနာရှိတယ်၊ ခက်ခဲနေတယ်ဗျ။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကိစ္စမှာ နောက်ထပ်ရှိနေတဲ့ ပြဿနာတစ်ခုကလည်း သူက ကာလတစ်ခုရောက်ရင် တစ်ဖက်ဖက်ကိုပဲ အကျိုးရှိစေတာမျိုးပဲ။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အလုပ်မဖြစ်နိုင်တဲ့ ကိစ္စကလည်း အဲ့ဒီ အပစ်အခတ်ရပ်စဲရေး ကိစ္စမှာ ရိုးသားဖြောင့်မတ်မှု လုံး၀ကို မရှိတဲ့ တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းကြီးနဲ့ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရမှာဗျ၊ ဒါကြောင့်မို့လို့လည်း ဒါဟာ တကယ့် အကျိုးသက်ရောက်မှုကို မဖြစ်စေနိုင်ဘူးလို့ ကျွန်တော်ပြောတာပါ။

    ခရစ္စတီးနား အီဘာဘတ်ချ်။         ။ ပရိတ်သတ်ကနေမေးထားတဲ့ နောက်ဆုံးမေးခွန်းလေးတစ်ခု ဖြေပေးပါဦးရှင့်၊ ပြီးတော့ ကျွန်မတို့ နိဂုံးချုပ် မဆွေးနွေးခင် ဘန်ကလည်း မေးစရာတစ်ခုလောက် ရှိပါသေးတယ်။ ပရိတ်သတ်တစ်ဦးရဲ့ မေးခွန်းကတော့ “လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးဖို့အတွက် အကြမ်းမဖက် အာဏာဖီဆန်တဲ့ လှုပ်ရှားမှု CDM က ဘယ်လိုပုံစံနဲ့ ပါ၀င်ပက်သတ်နေပါသလဲ။ ဗမာလူမျိုး အများစုနေထိုင်တဲ့ မြို့ပေါ်လို နေရာတွေမှာဆိုရင် CDM ကြောင့် တပ်မတော်အနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ပိတ်ဆို့တားဆီးတာမျိုး ပိုပြီးဖြစ်လာနိုင်ပါသလား။ တပ်မတော်ရဲ့ “ဖြတ်လေးဖြတ်” အစီအစဥ်ထဲက အတိုင်းပဲ အဲ့လို ပိတ်ဆို့တားဆီးမှုတွေ ဖြည်းဖြည်းချင်း တိုးပွားလာတာကို မြင်နေရတယ် မဟုတ်လား” ဆိုတာပါပဲ။

    ဒေးဗစ် မက်သီဆင်။       ။ ဒါကတော့ မြို့ပေါ်နေရာတွေမှာစဥ်းစားရတဲ့ ဝိရောဓိပေ့ါဗျာ။ ကိုဗစ်-၁၅ ကပ်ရောဂါဘေးကြောင့်ရော၊ စစ်အာဏာသိမ်းမှုကြောင့်ရော စားနပ်ရိက္ခာကုန်စည်စီးဆင်းမှု ပြတ်တောက်မှုတွေရှိတယ်၊ ပြီးတော့ ဆင်းရဲတဲ့ လူအများစုလည်း အလုပ်လက်မဲ့ဖြစ်ကုန်တယ်။ သူတို့တွေအတွက်တော့ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အကူအညီတွေလိုမှာပဲလေ၊ အဲ့အတွက်လည်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်းအနေနဲ့ ကူညီနေတာကို ကျွန်တော် တွေ့ပါတယ်။

    အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အကူအညီပေးတယ်ဆိုတာဟာ အရမ်းကိုမှ အလွန်အကျွံ ထိခိုက်နိုင်တဲ့၊ ဒုက္ခတွေကြုံတွေ့နေကြရတဲ့သူတွေကို စားနပ်ရိက္ခာရဖို့ ကူညီတာပါ၊ အဲ့ဒါကို ဘာနဲ့မှ ပိတ်ပင်တားဆီးခြင်း မပြုသင့်ပါဘူး။ အစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့၀င်တွေရဲ့ လှုပ်ရှားမှုတွေကို နှောင့်ယှက်ဟန့်တားဖို့ နည်းလမ်းတွေအများကြီးရှိပါတယ်၊ ဒါပေမယ့် လိုအပ်နေသူတွေဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အလျင်အမြန် ရောက်ရမယ့် အရေးမှာတော့  ဘယ်ဖက်ကမှ ဒါကို ပစ်မှတ်ထား မတိုက်ခိုက်ဖို့ လိုအပ်ပါတယ်။

    ဘန်ဖလန်းမင်း။             ။ အကြမ်းမဖက် အာဏာဖီဆန်တဲ့ လုပ်ရပ်တွေလည်း ရေရှည်သွားလို့ရသလောက် သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ဆုံးမေးခွန်းတစ်ခုအနေနနဲ့ မေးချင်တာလေးရှိပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ဖွဲ့စည်းဖို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို စုစည်းပြီး ဖယ်ဒရယ်တပ်မတော်အနေနဲ့ ပေါင်းစည်းဖွဲ့စည်းဖို့ လုပ်နေတာတွေလည်း ကြားရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့တွေရဲ့ လိုအပ်ချက်နဲ့ နည်းဗျူဟာတွေအပေါ်မှာ မူတည်ပြီးတော့ရော၊ မယုံကြည်မှုတွေရော အပေါ်မှာရော အခြေခံ စဥ်းစားမယ်ဆိုရင် ဒီ စုစည်းမှုမဟာမိတ်တွေဟ SAC ရဲ့ တချို့သော လုပ်ရပ်တွေကို လုံး၀ရပ်တန့်သွားအောင် လုပ်ပစ်နိုင်မယ်လို့ မျှော်လင့်လို့ ရနိုင်မလား ခင်ဗျ။

    ဒေးဗစ် မက်သီဆင်။       ။ ကျွန်တော်လည်း အဲ့လို မျှော်လင့်ချင်တာပေ့ါဗျာ၊ ဒါပေမယ့် အမျိုးသားညီညွတ်ရေး အစိုးရ တစ်ခုတည်းကပဲ သူတို့တွေအားလုံးကို အုပ်ချုပ်မယ်ဆိုတဲ့ မျှော်မှန်းချက်တွေလည်း ရှိနေပြန်ရော။ ကျွန်တော်ကတော့ အဲ့လို မျှော်လင့်တာဟာ လက်တွေ့မကျဘူးလို့ပဲ ထင်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရမှာလည်း  အားနည်းမှုတွေရှိနေပါသေးတယ်၊ ပြီးတော့ တရား၀င်မှုရရေး ကိစ္စမှာလည်း မေးစရာတွေရှိနေပြန်ပါသေးတယ်။ သူတို့တွေကို လုံး၀ထည့်မထွက်ဖို့ ပြောတာမဟုတ်ဘူးနော်၊ သူတို့ တော်တော် ကြိုးစားပမ်းစား လုပ်နေတာလည်း မြင်ရပါတယ်၊ ဒါပေမယ့် သူတို့အနေနဲ့ကတော့ ပြည်ပြေးအစိုးရအနေနဲ့ စင်ပြိုင်အစိုးရထောင်ဖို့တော့ တော်တော်လေး စိန်ခေါ်မှု များမယ် ထင်ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားဒေသတွေမှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က  လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း သူတို့တွေကို လျစ်လျူရှူခဲ့တယ်လို့ မြင်ထားခဲ့ကြတာကိုး၊ ပြီးတော့ ခုမှပဲ သူတို့ကလည်း အကူအညီသွားပြန်တောင်းနေသလိုတော့ ဖြစ်နေပါတယ်။

    ကျွန်တော့်အမြင်မှာတော့ အစစအရာရာကို ထိန်းချုပ်ချင်တဲ့ ဖိအားတွေကို ဒီအစုအဖွဲ့တွေအနေနဲ့လည်း  ခုခံတွန်းလှန်ရမယ်၊ “စည်းလုံးညီညွတ်မှု”ဆိုတဲ့ စကားရပ်ကိုလည်း ရှောင်သင့်တယ်လို့ ထင်ပါတယ်။ အဲ့ဒီ စည်းလုံးညီညွတ်မှု ဆိုတဲ့ စကားဟာ မြန်မာပြည်မှာ တကယ်ကို ပြဿနာ အကြီးကြီးရှိတဲ့ ကိစ္စပါ။ ဆန့်ကျင်တော်လှန်နေကြတဲ့ အစုအဖွဲ့၊ အုပ်စုတွေကြားမှာ  ဘယ်သူ့ကိုပြောလိုက်ရင် ရပြီဆိုတဲ့ ရှင်းလင်းတိကျတဲ့ ချိတ်ဆက်ဆောင်ရွက်မှု ပုံစံမျိုးနဲ့သွားချင်တဲ့  neat resistance complex လိုမျိုးကို ကျွန်တော့်အနေနဲ့ကတော့ လက်မခံ၊ ဆန့်ကျင်ချင်ပါတယ်။ သူ့ရဲ့ သတ်မှတ်ချက် အယူအဆမှာကိုတင် အလွန်ကို ရှုပ်ထွေးပွေလီပြီး၊ လုပ်ရကိုင်ရတဲ့ နေရာမှာလည်း အလုပ်မဖြစ်တာတွေ အရမ်းများနိုင်ပါတယ်။ ပြင်ပက လူတွေအနေနဲ့လည်း ဒါဟာ အင်မတန်ကို ရှုပ်ထွေးမယ်၊ ပြီးတော့ အရမ်းကို အကြမ်းဖက်မှုဆန်နိုင်တယ်ဆိုတာကို သတိမူမိဖို့ လိုပါတယ်၊ ပြောရရင်တော့ ဒါဟာ SAC ကြောင့် ဖြစ်လာရတဲ့ ပကတိအမှန်တရားပါပဲ။

    ဆိုတော့ ခု ပြောနေကြတာတွေကနေတဆင့် ဖယ်ဒရယ် ဒီမိုကရက်တစ်နိုင်ငံတော်ဆိုတာ ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကို ပုံဖော်ဖို့ရာမှာ ကောင်းမွန်တဲ့ ပြောဆိုဆွေးနွေးမှုတွေ ထပ်ရှိလာလိမ့်မယ်လို့လည်း ကျွန်တော်ထင်ပါတယ်။ ပင့်ကူအိမ်လို ရှုပ်ထွေးပြီး ဆက်စပ်နေတဲ့ အမြင်တွေလည်း ရှိလာပါလိမ့်မယ်။ လက်တွေ့မှာ တိုက်ပွဲဖြစ်ပွားနိုင်မှု ရှိလာနိုင်တဲ့ အဖွဲ့တွေကတောင် NLD အနေနဲ့ မပြောတဲ့ စကားတွေကို ပြောဆိုပေးနေကြတာပဲလေ။ ဒီတော့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကလို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အောက်မှာ နေခဲ့ရတုန်းက ပုံဖော်ခဲ့တဲ့ မြန်မာပြည်လို အနေအထားကနေ လွန်မြောက်အောင် ဆက်သွားနိုင်ဖို့အတွက် ကောင်းတဲ့ အလားအလာပဲလို့ မြင်ပါတယ်၊ သြဇာတိက္ကမ ကြီးမားတဲ့ ခေါင်းဆောင်တစ်ယောက်တည်းရဲ့ အောက်မှာပဲ နေပြီး ပုံဖော်ပြောဆိုနေမှုတွေ၊ ဆွေးနွေးနေမှုတွေဟာ တခုတည်း ရှိနေလို့ ရတာ မဟုတ်ဘူးဆိုတဲ့ အချက်ကို အမှန်တကယ်လက်ခံကြဖို့ပါပဲ။ လူတွေဟာ နိုင်ငံရေးအရ ဘက်ခွဲတာကို ခံခဲ့ကြရတာ၊ တချို့ဆို နိုင်ငံရေးအရ အစွန်းရောက်မှုမျိုးကိုတောင် အလုပ်ခံခဲ့ရတာဆိုတော့ဗျာ အခုအခြေအနေရဲ့ တချို့ အခန်းကဏ္ဍတွေကနေတဆင့် နိုင်ငံရေးအရ နိုးကြားတက်ကြွမှုကို ရလာပြီး၊ ရှေ့ဆက်တည်ဆောက်သွားဖို့အတွက် အကျိုးရှိမယ့်အရာတွေ ရလာကြမှာပါ။

    ကျွန်တော်တို့လို နိုင်ငံခြားသားတွေအနေနဲ့ကတော့ ပြည်တွင်းကလူတွေလုပ်နေတဲ့ အလုပ်တွေကို ၀င်မရှုပ်ပဲနဲ့ သူတို့ကို ကူညီလို့ရတဲ့ နည်းလမ်းမှန်သမျှနဲ့ ကူညီနိုင်ဖို့ကိုပဲ ကြိုးစားရမှာပါ။ ဒီလူတွေ ဘာဆက်လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတဲ့ ငြင်းခုံမှုတွေမှာ ဝင်မပါပဲ ပြည်တွင်းကလူတွေရဲ့ တော်လှန်ရေး အောင်မြင်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာ၊ ဘဏ္ဍာရေးပိုင်းဆိုင်ရာနဲ့ သယ်ယူထောက်ပံ့ရေးကိစ္စတွေမှာ လိုအပ်တဲ့ အားပေးကူညီမှုတွေ လုပ်ရမှာပါ။ ကျွန်တော်တို့ ရဲ့ အလုပ်က သူတို့တွေရဲ့ နေရာကို၀င်ပြီး၊ သူတို့မြင်သလို မြင်အောင်၊ နားလည်အောင် ကြိုးစားဖို့ပါပဲ။

    ဒါပေမယ့် အပြုသဘောဆောင်တဲ့ မှတ်ချက်လေးနဲ့ ကျွန်တော်အဆုံးသတ်ချင်ပါတယ်။ ထိတ်လန့်ဖွယ်ရာကိစ္စတွေ ကြုံတွေ့ခဲ့ရတယ်ဆိုတာ သံသယဖြစ်စရာမလိုလောက်အောင်ကိုပါပဲ။ အခြေအနေတွေက ရှေ့ဆက်ပြီးလည်း ဆိုးရွားနိုင်ပါတယ်၊ ဒါပေမယ့် မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်း အလုပ်လုပ်ခဲ့ဖူးတဲ့ နိုင်ငံခြားသားတွေအနေနဲ့တော့ ကောင်းတာတွေရော၊ ဆိုးတာတွေပါ အများကြီး တွေ့ခဲ့ဖူးမှာပါ။ အခုလို မှောင်မိုက်နေတဲ့ကာလမျိုးမှာတော့ အနေအထားတွေက စိတ်ဓာတ်ကျစရာကောင်းတာပေ့ါဗျာ၊ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ မြန်မာပြည်သူလူထုလက်ထဲမှာပဲ ရှိပါတယ်။ မြန်မာပြည်ရဲ့ အနာဂတ်ကို စီးပွားရေးပိတ်ဆို့မှုတွေ၊ ဖိအားတွေနဲ့ နိုင်ငံတကာ အလှူရှင်တွေက ဖန်တီးမှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို မြန်မာ့ပြည်သူလူထုကပဲ ဖန်တီးမှာပါ၊ ကျွန်တော့်အတွက်တော့ ဒါဟာ သိပ်ကိုမှ အားကောင်းတဲ့ လွှမ်းမိုးမှုကောင်းဖြစ်စေပါတယ်။

    တန်ပြန်ဆန့်ကျင်မှုတွေကိုရော၊ တော်လှန်ရေးကိုရော အောင်မြင်အောင် ကူညီချင်တဲ့ သူတွေအနေနဲ့ကတော့ တကယ် သေးငယ်ပြီး ရိုးသားနှိမ့်ချရာရောက်တဲ့ နည်းလမ်းတွေကိုသုံးပြီးတော့ပဲ တော်လှန်ရေးလုပ်နေတဲ့သူတွေကို ကူညီရပါလိမ့်မယ်။ သူငယ်ချင်းမိတ်ဆွေတွေအနေနဲ့ ရှိပေးတာပဲဖြစ်ဖြစ်၊ ငွေရေးကြေးရေး အကူအညီကို ပေးတာပဲဖြစ်ဖြစ်ပေ့ါဗျာ၊ ကျွန်တော်တို့ တတ်နိုင်တဲ့ နည်းလမ်းနဲ့ ကျွန်တော်တို့ ကူညီရမယ်၊ မြန်မာ့ပြည်သူလူထုကတောင် အရှုံးမပေးပဲ တိုက်နေတာဗျာ၊ ကျွန်တော်တို့က ဘာလို့ အရှုံးပေးရမှာလဲဗျ။

    Institute for the Study of Human Rights မှ ဖော်ပြထားသော ဓာတ်ပုံအား ယူသုံးထားပါသည်။ 

    ကိုလံဘီယာတက္ကသိုလ် (Columbia University)တွင် တည်ရှိသော Institute for the Study of Human Rights နှင့် ပက်သတ်၍ ထပ်မံသိရှိလိုပါက ၄င်းတို့၏ Twitter နှင့် Facebook စာမျက်နှာများအား ၀င်ရောက်လေ့လာနိုင်ပါသည်။ 

    Related Articles
  • English
  • ဗမာစာ
  • English
  • ဗမာစာ
  • English
  • ဗမာစာ