4 Minutes To Read

“လောင်မီးတထောင်” – မကွေးရေနံမြေနေရာများတွင် ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေး ရုပ်ရှင်ရိုက်ကူးခြင်း မကွေးတွင်ရိုက်ကူးထားသည့် Saeed Taji Farouky ၏ “လောင်မီးတစ်ထောင်” “A Thousand Fires”

4 Minutes To Read
  • English
  • ရုပ်ရှင်ကားအကြောင်းကို Courtney Wittekind မှ ရုပ်ရှင်ရိုက်ကူးသူ  Saeed Taji Farouky အားသူ၏ရုပ်ရှင် အကြောင်းမေးမြန်းထားပါသည်။

    လောင်မီးတစ်ထောင် မှတ်တမ်းရုပ်ရှင်ကားမှာ ပါလက်စတိုင်း-ဗြိတိသျှ ဒါရိုက်တာ Saeed Taji Farouky မှမကွေးတွင် ရိုက်ကူး ၍ Locarno ရုပ်ရှင်ပွဲတော်၏ Semaine de la Critique ၌ ယခုနှစ်သြဂုတ်လတွင်

    ဦးစွာပြသခဲ့ပြီး၊ အမ်စတာဒမ် နိုင်ငံတကာမှတ်တမ်းရုပ်ရှင် ပွဲတော် တွင်ယှဉ်ပြိုင်ပြသမည်ဖြစ်သည်။ ဤ ရုပ်ရှင်ကိုတရားမဝင် ရေနံမြေမှ မရေရာမသေချာသောဘဝဖြင့်အသက်မွေးဝမ်းကျောင်းပြုနေရသော မြန်မာစုံတွဲ သိန်းရွှေ နှင့် ထွေးတင်တို့၏နေ့စဉ်လူမှုဘဝ ကိုဗဟိုပြု လျက် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ရေနံလုပ်ငန်းဒေသမှလူသိနည်းသောမြန်မာတို့၏အဆင့်အတန်းကိုထုတ်ဖော်ပြသထားသည်။ သို့သော် ရုပ်ရှင်သည် ခေတ်သစ်တွင် သဘာဝအရင်းအမြစ်ကိုထုတ်ယူသည့်နောက်ပိုင်း မပိုင်စွန့်လွှတ်ရခြင်းများ၊ သိမ်းယူခံရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်းအကြောင်းများ၊ပါဝင်သည့် မိသားစုအတွင်းရေး နာကျည်းချက် များအပေါ် ဇတ်အိမ်ကိုတည်ဆောက်ထားသည်။ သိန်းရွှေနှင့် ထွေးတင်တို့ မှာ ရက်အနည်းငယ်မှသာ ရေနံတစ်စည်ရအောင်ထုတ်ယူနိုင်သည်။ သူတို့အတွက်ဝမ်းရေးဖြည့်တင်းပေးနေသည့် ရေနံတွင်းမှာ လည်း မျက်စေ့ဖြင့်မြင်နိုင်စွမ်းမရှိ၊ မြေကြီးအောက်တွင် မြုပ်နေသည်သာဖြစ်ပြီး ခဏတာ အတွက် သာဖြစ်သည်။ သူတို့၏အငယ်ဆုံးသားလေးကို ရေနံလုပ်ငန်းပြင်ပတွင်စိတ်ချလုံခြုံသည့် ဘဝတွင် မြင်တွေ့လိုသည့်အိပ်မက်နှင့်အတူ သူတို့၏ရေနံတွင်းများမှာ အချိန်မရွေးခြောက်ခမ်းသွားနိုင်သည် ဆိုသည့် အမှန်တရားကို စိတ်မသက်သာစွာလက်ကိုင်ပြုထားနေရသည်။ ရေနွေးခရားက ပွက်ပွက် ဆူနေသည်။ရွှံ့တွေပေကျံနေသောလက်များက တဒုံးဒုံးခုတ်နေသောစက်ကိုမောင်းနေသည်။ မလှမ်း မကမ်းမှာရှိသည့်ရုပ်မြင်သံကြားစက်မှထွက်ပေါ်လာသောဘောလုံးပွဲမှအသံများကနောက်ခံတေးသွားတစ်ခုငြီးနေသလိုပေါ်ထွက်နေသည်။

    Photo courtesy of Saeed Taji Farouky

    မျိုးဆက်နှစ်ခုအတွင်းမှပဋိပက္ခ နှင့် အချင်းချင်းအပြန်အလှန်အလျှော့ပေးမှု ကို “လောင်မီးတစ်ထောင်” ရုပ်ရှင်တွင် အဓိက ထားပြီး နေ့တဓူဝလုပ်ငန်း၊တမ်းတ လွမ်းဆွတ်စရာအမှတ်တရများ နှင့် ခက်ခဲ ကြမ်း တမ်းသည့်အတိတ်၊ ဆက်လက်ရုန်းကန်နေရသည့်ဘဝ စသည့် မကွေးမှနေ့စဉ်လူနေမှုဘဝကို လှစ်ဟပြထားသည်။ ထိုရုပ်ရှင်သည် ဆန်းသစ်တီထွင်သည့်ရုပ်ရှင် အနုပညာကို အသိအမှတ် ပြုသော ၂၀၂၁ Marco Zucchi ဆုချီးမြှင့်ခံရသည်။ ရုပ်ရှင်ကား ထွက်ပေါ်လာပြီးမကြာမီ စက်တင်ဘာလအတွင်း ရုပ်ရှင်အ ကြောင်းကို Courtney T. Wittekind နှင့်Saeed Taji Farouky တို့ ထိုင်၍ ဆွေးနွေးဖြစ်သည်။

    Courtney T Wittekind (CTW): အရင်ကရှင့် အနုပညာလက်ရာ နဲ့ရိုက်ကူးတဲ့နည်းတွေကိုမရင်းနှီးတဲ့သူတွေအတွက် ရုပ်ရှင်အတွေ့အကြုံ နောက်ခံနဲ့ မကွေးမှာဘယ်လိုချဉ်းကပ်ပုံမျိုးနဲ့ရိုက်ကူးခဲ့လဲပထမဆုံးရှင်းပြပေးပါလား

    Saeed Taji Farouky (STF): ကျွန်တော် ကရုပ်ရှင်ဆိုအမြဲအစွဲအလန်းကြီးခဲ့တာ၊ကျွန်တော့်ဘဝမှာလည်း ရုပ်ရှင်ကအင်မတန်ကြီးမားတဲ့စွမ်းအားအနေနဲ့ရှိနေခဲ့တယ်။  ကောလိပ်မှာအပျော်သဘောမျိုး စိတ်ကူး ယဉ် ဇတ်လမ်း ကားတို လေးတွေ ပထမရိုက်ပီးမှ မှတ်တမ်းရုပ်ရှင်ကိုတော့တကယ်တမ်းစဖြစ်တာ၂၀၀၄ ခုနှစ်မှာပါ။ အဲဒီအချိန်က နိုင်ငံရေးဝါသနာ ပါလို့အာရပ်ကမ္ဘာအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်တွေတော်တော်များများ ကြည့်ဖြစ်တယ်။ပါလက်စတိုင်းလူမျိုးဖြစ်တယ်ဆိုတော့လည်း ကျွန်တော်တို့လူမျိုးတွေကိုဘယ်လို ကိုယ်စားပြုတင်ပြသလဲဆိုတာကျွန်တော့်အတွက်တော့တကယ်အရေးကြီး တယ်။ ကျွန်တော်နေတဲ့ဗြိတိန်နိုင်ငံမှာကြည့်ခဲ့ရတာတွေကတင်ပြပုံတွေမှားနေတယ် – စရိုက်လက္ခဏာ တွေ ရှုပ်ထွေးတဲ့အကြောင်းအရာတွေ ဘာမှမပေါ်ဘူး။

    မှတ်တမ်းရုပ်ရှင်ကို ကျွန်တော်အရူးအမူးဖြစ်စေတဲ့ အတွေးစ နှစ်ခုရှိပါတယ်။ တစ်ခုကရုပ်ရှင်ကနေတဆင့်ဇတ်လမ်းအကြောင်း အရာပြောပြရတာ၊နောက်တစ်ခုကတော့ ရုပ်ရှင်ကိုအသုံးချပြီး လူမှုဘဝတွေ ကိုပြောင်းလဲချင်တဲ့စိတ်ကူး၊ နိုင်ငံရေးဆိုင်ရာဆက်သွယ်ပြောကြားနည်းတခုအဖြစ်သုံးချင်တဲ့စိတ်ကူး ဖြစ်ပါတယ်။ ပါလက်စတိုင်းလူမျိုး အမာခံ ရုပ်ရှင်ဒါရိုက်တာ တွေအကြောင်း အင်မတန်ခိုင်မာတဲ့သမိုင်း ရှိပါတယ်၊ သူတို့ဟာတော်လှန်ရေးရဲ့တစ်စိတ်တစ်ပိုင်းလည်းဖြစ်တယ်၊ဒီတော့ လူတွေရဲ့ဘဝကိုရုပ်ရှင် အနေနဲ့ရိုက်ချင်တဲ့ဆန္ဒပြင်းပြနေပေမယ့်လည်း အစကတည်းကကျွန်တော်ကနိုင်ငံရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာဆို စိတ် ဝင်စားတယ်။

    ကျွန်တော့် နိုင်ငံရေးနဲ့ဆိုင်တဲ့ ရုပ်ရှင်ကားကြီး ကတော့ “Tell Spring Not to Come This Year  နွေဦး ကိုဒီနှစ်မှာမလာခဲ့ဖို့ပြောလိုက်ပါ” ဆိုတဲ့ ဇတ်ကားဖြစ်ပြီး၂၀၁၅ ခုနှစ်လောက်က အာဖဂန် စစ်ပွဲ အကြောင်း အာဖဂန်စစ်သားတွေကပြန်ပြောပြတဲ့အနေနဲ့တောက်လျှောက်ရိုက်ထားတာပါ။ အဲဒါက ရုပ် ရှင်နဲ့ပတ်သက်လို့ဘယ်လိုကျွန်တော်တွေးလည်းဆိုတဲ့ ဥပမာကောင်းတစ်ခုပေါ့ဗျာ။ အဲဒီရုပ်ရှင် ကျွန် တော်စရိုက်တော့ အာဖဂန်အကြောင်းကိုတနည်းမဟုတ်တနည်းပြောပြရတော့မယ်ဆိုတာကျွန်တော် သိတယ်၊ ဒါပေမယ့်ဒီအကြောင်းအရာကလည်း ခံစားနားလည်ရမယ့်ကိစ္စဖြစ်နေတော့ ဘယ်လို ချဉ်း ကပ်ရမလဲမသိခဲ့ဘူး။ ဒီလိုနဲ့ပဲ  အာဖဂန်စစ်သားတွေနောက်ကိုတနှစ်အပြည့်လိုက်နေခွင့်ရလိုက်တယ်အဲ ဒီအချိန်အတောအတွင်းမှာ သူတို့နဲ့ပတ်သက်လို့အင်မတန်လူသားဆန်တဲ့ ဇတ်လမ်း တစ်ခုရိုက်ဖို့ ကိုယ့် ကိုယ်ကိုသံဓိဌာန်ချခဲ့လိုက်တယ်။ ပုဂ္ဂိုလ်ရေးဆန်တဲ့ အတွင်းကျကျရင်းနှီးတဲ့ချဉ်းကပ်မှုမျိုး – ဒါ ပေမယ့် ကမ္ဘာပေါ်က အထင်ကရအကြောင်းအရာတွေတော့ပါတာပေါ့။

    CTW: “လောင်မီးတထောင်” မှာလည်း   ဒီထက် ပုဂ္ဂိုလ်ရေး ပိုဆန်တဲ့ ချဉ်းကပ်မှုမျိုး နဲ့ချဉ်းကပ်ထားတာတွေ့ရတယ်၊ ဘယ်လိုကြောင့် ဒီမကွေးကမိသားစုကိုမှရွေးပြီး ရုပ်ရှင်ဇတ်ကားအတွက် ဗဟိုပြု ဇတ်အိမ်တည်ဖြစ်တာလဲ။ အရင်ကမြန်မာပြည်မှာရုပ်ရှင်မရိုက်ဖူးပါဘူး၊ လာလည်တာမျိုး ရော လည်ဖူးလား။

    STF: မလာဖူးပါဘူး။ မြန်မာပြည်အကြောင်းဘာမှကိုမသိခဲ့သလောက်ပါပဲ၊ ဒီလိုရုပ်ရှင် တကား ဖြစ် လာပုံကလည်းအလွန့်အလွန် ကို ကံကောင်းလွန်းလို့ပါ၊ ဒါကြောင့်လည်း မြန်မာလူ မျိုးတွေ လက် ခံယုံကြည်တဲ့ ကံကောင်းခြင်းတို့၊ ကံကြမ္မာတို့ဆိုတာတွေကိုလေးလေးနက်နက်လက်ခံဖို့ဆုံးဖြတ်လိုက် ရတဲ့အကြောင်းလည်းတစ်စိတ်တစ်ပိုင်းပါ ပါတယ်။ဒီတော့ အခုရုပ်ရှင်မှာပါဝင်တဲ့အကြောင်းအရာတွေ

    နေရာတကျပါဝင်ပုံကတော်တော် မျက်လှည့်ဆန်တယ်။ ကျွန်တော်ကရေနံနဲ့ပတ်သက်လို့ရုပ်ရှင်ရိုက် ချင်နေခဲ့တာကြာပီ ရေနံလုပ်ငန်းချည်းသက်သက်တော့မဟုတ်ဘူးပေါ့၊ ရေနံထုတ်လုပ်ငန်းကို တော့ဘေး ကရံတဲ့အနေနဲ့ထည့်ထားတာပေါ့အဲဒါကပဲ အစဖြစ်သွားတာပါ။ ဒါပေမယ့် ကျွန်တော်တို့သုတေသန လုပ် တဲ့အခါ တကြိမ်တခါက ရေနံထွက်ဖူးတဲ့နေရာ သို့မဟုတ် အနာဂါတ်မှာ ရေနံထွက်မယ်လို့ ပညာရှင်တွေကပြောထားတဲ့နေရာတွေအများကြီးရှိတယ်၊ အင်ဂိုလာပင်လယ်ကမ်းမှာရေနံထွက်တာကို နှစ်ပေါင်းများစွာမစောင့်တော့ဘူး၊ ဥပမာ-တကယ် ရေနံထွက်လာတာ ကိုရှာဖွေတွေ့ရှိတာမျိုး။ အချိန်ကိုက်ဖို့လိုတယ်၊ ရေနံထုတ်တဲ့လုပ်ငန်းအသေးစား နေရာတစ်ခု ရိုက်ကွင်းရှာဖို့လိုတယ်။ ကျွန်တော်ပထမ မြန်မာပြည်ကလက်ယက်တွင်းတွေအကြောင်းဓါတ်ပုံ အက်ဆေးတွေ့ဖူးတယ်၊ အဲဒီ လောက်ပါပဲ။ အဲဒီကနေစတာပဲ။ အဲဒီကတဆင့်လုပ်ဆောင်ပုံအဆင့်ဆင့်ကတကယ့်အကြံအစည်အကြီး ကြီးကိုတဖြေးဖြေးဘောင်ကျဉ်းပစ်လိုက်တာ အင်မတန်ရိုးရှင်းတဲ့လူတစ်ယောက်ရဲ့လုပ်ငန်းအလေ့အထလေးအထိဖြစ်သွားတယ်။ အကြိမ်ကြိမ်ထပ်ခါတလဲလဲလုပ်နေရတဲ့ရေနံတူးတဲ့၊ ဖော်ယူရတဲ့ကာယ အလုပ်။

    Photo courtesy of Saeed Taji Farouky

    CTW: ရုပ်ရှင်စမရိုက်ခင်ကမြန်မာပြည်အကြောင်းသိပ်မသိသေးပဲနဲ့ရုပ်ရှင်အတွက်အခြေခံအုတ်မြစ် ဖြစ်တဲ့ရင်းနှီးမှုတည်ဆောက်တာမျိုးကိုဘယ်လိုဆောင်ရွက်ခဲ့ပါသလဲ။ ကျွန်မဆိုလိုတာက အတူညှိနှိုင်း ဆောင်ရွက်ရတဲ့ မြန်မာတွေ၊ ရှင်နဲ့ ဒီဇတ်ကားရိုက်မယ့်မိသားစု၊ ဒါ့အပြင် ဇတ်ကားရိုက်ဖို့ ရင်းရင်း နှီးနှီးအကျွမ်းတဝင်ရှိရမယ့်နေရာဖြစ်တဲ့ မကွေးနဲ့ကူးလူးဆက်ဆံရေးတို့ကိုပြောတာ။

    STF: ကျွန်တော့်မှာ သမားရိုးကျလုပ်နေကျမဟုတ်တဲ့ရုပ်ရှင်ရိုက်နည်းရှိတယ်လို့ထင်တယ်။ အချိန်တော့အကြာကြီးယူရတယ်၊ ခက်လည်းခက်ခဲနိုင်တယ် မသေချာမရေရာဖြစ်နိုင်တယ်၊ ငွေကြေးထည့်ဝင်ဖို့ခက် ခဲနိုင်တယ်၊ ဒါကြောင့်လည်း ဒီပရောဂျက်တလျှောက်ကျွန်တော်နဲ့အတူတွဲလုပ်တဲ့အလွန် စိတ်ရှည် တဲ့မြန်မာ တွဲဖက်ဒါရိုက်တာတွေကိုအင်မတန်ကျေးဇူးတင်ပါတယ်။

    ပရောဂျက် အစမှာ ဘေးကနေ ထိုင် ကြည့်ဖို့ကိုပဲအချိန်တွေအများကြီးပေးခဲ့တယ်။ ဇတ်ကားရိုက်တဲ့ ၂နှစ်တာအတောအတွင်းကျွန်တော့် ဘေးနား မှာဘာတွေဖြစ်လဲဆိုတာ ကိုပဲထိုင်ကြည့်တာ၊ အဲဒီတုန်းကရိုက်ထားတာတွေကရုပ် ရှင်ထဲ ပါမပါတောင်သိပ်မသေ ချာဘူး။ နေနိုင်သလောက် အချိန်ပေးပြီး ထောင့်တထောင့်မှာထိုင်နေလိုက်တယ်၊ အဖြစ်အပျက်တွေ အမျိုးမျိုး ပြောင်း လဲဖြစ်ပေါ်နေတာကိုကြည့်နေလိုက်တယ်၊ သေသေချာချာလည်းနား စိုက်ထောင်တယ် ဘာ ကြောင့်လဲဆိုတော့ အပြင်လောက နေရာတစ်ခုကို ပိတ်ကား ပေါ်က ပြကွက် တစ်ခုအနေနဲ့ ကိုယ်စားပြုပြရတဲ့ အတွေ့အကြုံကအတော်လေးတော့စိမ်ခေါ်မှုရှိတယ်။ တနေ့တာ အတွင်း အဲဒီအသံတွေ ဘယ်လို ပြောင်းလဲသွားလဲဆိုတာနေရာတနေရာမှာ ရှိတဲ့အသံ တွေ ကို နားထောင်တယ်။အရာဝတ္ထုတွေဘယ်လိုရွေ့လျားလဲကောင်းကင်ရဲ့အရောင်တွေဘယ်လိုပြောင်းလဲသွားလဲကျွန်တော်ကြည့်တယ်၊ အလင်းရောင်အရည်အသွေးပြောင်းလဲသွားတာလည်းကြည့်တယ်။ နောက်ဆုံး အချက်ကအရေးကြီးတယ် ဘာကြောင့်လဲဆိုတော့ နေဝင်ချိန်အစနဲ့အဆုံးကြားအချိန်တိုတို လေးအတွင်းမှာ တနေ့ကိုကျွန်တော်ကားရိုက်တာ မိနစ်၃၀လောက်ပဲ ရှိတော့တဲ့အခြေအနေဖြစ်သွား တယ်။ ကျွန်တော်တွေ့မြင်နေရတဲ့ဘဝတွေ၊ လုပ်ငန်းတွေ အတွက် အဲဒီအလင်းရောင်ကိုလိုချင်နေခဲ့တာ။ ရုပ်ရှင်ကားမပြီးခင်ထဲက ဒါဟာဇတ်ရဲ့ စိတ်ခံစားချက် ကိုကိုယ်စားပြုတယ်ဆိုတာ သိနေတယ်။

    ကျွန်တော်ရုပ်ရှင်ရိုက်ရင်ဇတ်လမ်းကဘာမှတကယ်သိပ်အဓိပ္ဗါယ်မရှိဘူး၊နောက်ခံပြောပေးနေတာလည်းမရှိဘူး။ နေရာ၊ ရှုမျှော်ခင်းတွေကိုနားလည်အောင်ပြရင်းနဲ့ဇတ်လမ်းကနောက်မှလိုက်လာတာ။

    စောင့်ကြည့်နေတာကနေစရတဲ့အကြောင်းကလည်း လူတွေနဲ့ပတ်သက်ဆက်နွယ်နေတယ်။ ဇတ်ကားကို လူတွေရဲ့ဘဝခြေလှမ်းတွေ၊သဘာဝတွေကိုထင်ဟတ်စေချင်တယ်။ ရုပ်ရှင်ကိုချဉ်းကပ်ရာမှာစိတ်အ ပျက်ဆုံး ကတော့ ဒါရိုက်တာတစ်ယောက်က ချဉ်းကပ်မှုတမျိုးတော့ရှိပေမယ့် သူတို့ ပတ်ဝန်း ကျင်က ယဉ်ကျေးမှုကိုထည့်မစဉ်းစားတာ၊ချိတ်ဆက်မပါဝင်စေတာ အဆိုးဆုံးပဲ။ သူတို့မြင်တဲ့အမြင်ပဲရှိပြီး အဲဒါ ကိုလူတွေကိုချပြတာ။

    CTW: ဟုတ်ကဲ့ လူတွေနဲ့ပတ်သက်ဆက်နွယ်တဲ့ဆက်ဆံရေးတည်ဆောက်ပုံအကြောင်းမေးခွန်းပြောင်း မေးကြည့်ရအောင်။ ဇတ်ကားထဲကမိသားစုနဲ့အစထဲကသိတာလား ဒါမှမဟုတ်ဘယ်လိုသူတို့နဲ့တွေ့ဆုံ ခဲ့တာလဲ။

    STF: ကျွန်တော်တို့ဒုတိယအခေါက်ကျမှသူတို့နဲ့ဆုံဖြစ်တာပါ။ ၄နှစ်အတွင်း(၈)ကြိမ်လာတာမှာဒုတိယ မြောက်အခေါက်မှာပေါ့။ ကျွန်တော်နဲ့အတူ မြန်မာလူမျိုးလက်ထောက်ဒါရိုက်တာ နှစ်ယောက်လည်း ပါတယ်။ ရေနံတွင်းသစ်တွေဘယ်နားမှာရှိတယ်ဆိုတာကိုအရပ်ပြောစကားအရ ဒါမှမဟုတ် တွင်းသစ် တွေ့လို့အဲဒီနေရာမှာလူတွေပြုံတိုးပီး လာလုပ်နေကြတာမျိုး လိုက်ကြည့်ရင်းရိုက်ကွင်းရှာကြတယ်။ တခါတလေ အဲဒီလိုနေရာတွေရောက်သွားတယ် ဒါပေမယ့်ဘာမှမရှိဘူး၊ ကျွန်တော်တို့ရောက်တာ နောက်ကျသွားတယ်။ တချို့အချိန်တွေမှာတော့ ဒါလုံးဝကောလဟာလသတင်းသက်သက်ဖြစ်နေ တတ်တယ်။ နောက်တော့ရုပ်ရှင်ဇတ်ကားရဲ့နောက်ဆုံးပိုင်းကိုရိုက်ရမယ့်နေရာကိုတွေ့ပါတယ်။ တခြား တယောက်နဲ့စလိုက်ပေမယ့် အဲဒီလူကဇတ်လမ်းအဆုံးမှာသူနဲ့ဆုံးမှာမဟုတ်ဘူး၊ ဘာကြောင့်လဲ ဆို တော့သူနဲ့ကျွန်တော့်ကြားမှာကျွန်တော်ရှာနေတဲ့ဆက်သွယ်မှုသူ့ဆီမှာမတွေ့ရလို့ပဲ။

    ဒါပေမယ့်ကျွန်တော် သိန်းရွှေကို တွေ့လိုက်ရတဲ့အချိန်မှာ တစ်ခုခု ရှိနေတယ်လို့ခံစားရတယ်။ သူ မြေကြီးထဲတူးနေတာတွေ့တယ်၊ရေနံရှာနေတယ်၊ဒီမှာတင်ကျွန်တော်သိလိုက်ပီ။ ဘာရယ်လို့တော့မသိ ဘူးဒါပေမယ့် သူ့မျက်နှာပေါ်ကအကြည့် – ကျွန်တော့်အဖေကိုသတိရစေတယ်။ သူနဲ့ခဏ စကား ပြောပြီးတဲ့အချိန်မှာ သူပြောလိုက်တဲ့အင်မတန်လှပတဲ့စကားတွေက ကျွန်တော့် ရုပ်ရှင်ကား တစ်ခု လုံးကို အလင်းပြလိုက်သလိုပဲ ”ကျွန်တော့်ဆီလာစကားပြောဖို့ခင်ဗျားကိုကမ္ဘာကြီးရဲ့ဟိုဖက်ခြမ်းကနေ ဘယ်လိုအရာကများခေါ်ဆောင်လာပါလိမ့်အရင်ဘဝတွေတုန်းကခင်ဗျားနဲ့ကျွန်တော်ဆွေမျိုးတော်ခဲ့တာ ဖြစ်ချင်ဖြစ်မှာနော်” သူပြောတဲ့အဲဒီစကားတွေဟာကျွန်တော်အတွက်တော့ ဒီရုပ်ရှင်ရဲ့ခံစား ချက် နှလုံးသည်းပွတ် ဖြစ်လာခဲ့ပါတယ်- ဒီကမ္ဘာမြေကြီးပေါ်မှာတွေ့ဆုံအသက်ရှင်နေထိုင်ကြတာ ခဏ တာလေး ပေမယ့် ချစ်ခြင်းမေတ္တာ နဲ့ နာကျင်ခံစားမှု တွေက မဆုံးနိုင် တဲ့ သံသရာ ကြီးပါလားဆိုတဲ့အတွေးပေါ့။ အင်မတန်ကြီးကျယ်တဲ့ မဆုံးနိုင်တဲ့သံသရာ ရယ် ၊ သူ့သြဇာ လွှမ်းမိုးမှုရယ်ကဒီဇတ်ကားကိုဖွဲ့စည်းတည်ဆောက်သွားတာပါပဲ၊နှစ်ထောင်ပေါင်းများစွာကသမိုင်းကြောင်းတွေကြောင့်ဖြစ်စေ အခြားဇတ်လမ်းတွေကိုနောင်နှစ်ထောင်ပေါင်းများစွာတိုင်ပြောပြနေ မှာ ကြောင့်ဖြစ်စေဒီရုပ်ရှင်မှာအရာရာတိုင်းကအရေးကြီးတယ်လို့ခံစားရတယ်။

    CTW: ဒီဇတ်ကားထဲမှာ အများကြီးပါဝင်တာတွေတွေ့ရတယ် အဲဒါကြောင့်လည်းကျွန်မအံ့သြမင်သက်မိနေရတာ။ သူ့အသိုက်အမြုံလေးတွေနဲ့သူသံသရာလည်နေကြတာ-ဒီစကြာဝဠာထဲကသံသရာ စက်ဝန်း တွေအကြောင်းကို ရုပ်ရှင်ထဲကစကားပြောခန်းတွေမှာရစ်ပတ်ထုံးနှောင်ထားသလို မျိုးဆက်သံသရာ၊ ရေနံရှာဖွေတဲ့သံသရာနဲ့သူ့ရဲ့အဆုံးသတ် တွေဟာ ထပ်ခါတလဲလဲရက်စက်စွာ ဖြစ်ပေါပြီး  ပျောက် သွားတတ်တဲ့သံသရာမှာ ဆက်မြောပါနေရတယ်။ နောက်တခါ နေ့တဓူဝအလုပ်လုပ်လိုက် – နားလိုက် ဆိုတဲ့ သံသရာကလည်း ရေနံထုတ်တဲ့အခါမှာလည်ပတ်နေတဲ့ဘီးနဲ့ပေါင်းပြထားပြန်တယ်။ ဒီလိုဆို အဲဒီ အကြောင်းတော့ရှိနေပြီ သို့သော် ဒီအကြောင်းကနေလွတ်မြောက်သွားစေတဲ့ထွက်ရပ်လမ်းက ဒီရုပ်ရှင် ရဲ့ဇတ်အိမ်မှာတော့ သူတို့ရဲ့သားအတွက်ဘဝလမ်းကြောင်းမျှော်လင့်ချက်ပေါ့လေ။ ဒီဇတ်ညွှန်းက အစထဲ ကရှိနေတာလား ဒါမှမဟုတ်ကားရိုက်နေရင်းနဲ့ပေါ်လာတာလား။

    STF: အစောပိုင်းတုန်းက ရုပ်ပိုင်းဆိုင်ရာသံသရာကိုတော့တွေးမိပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့ ရေနံတူးတဲ့အင်ဂျင်စက်က ဟန်ဘီးဖလိုင်းဝှီး  ဆိုတော့အမြဲလည်နေတယ်။ လွန်နဲ့တူးတာဖြစ်တဲ့ အတွက်နေ့တွေရက်တွေများစွာ အဲဒီလွန်ကအပေါ်တက်လိုက်အောက်ပြန်ကျလိုက်နဲ့ပေါ့။ နောက်တော့ ကျွန်တော် တခြားသံသရာတခုထပ်တွေ့ပြန်တယ်၊ အဲဒါကတော့ဒီမိသားစုက ရေနံတူးတယ်၊ ရေနံကို မြေကြီးထဲကနေထုတ်ယူစုဆောင်းတယ်၊ ပြီးတော့ရေနံဆက်တူးဖို့အတွက်အဲဒီရေနံကိုပဲ စက်ထဲ ပြန် လောင်းရတယ်။ ပိုများသထက်များများရဖို့ကိုယ့်ကိုယ်ကိုပြန်ဖြည့် ရတယ်ဆိုတဲ့ ပရောဖက်တွေ ဟောကြားချက်လို ဖြစ်နေတယ်။ ဒါကလည်းနိုင်ငံရေးနဲ့ဆက်စပ်နေတာပေါ့။ သူတို့ဘဝတွေမှာ ကျင့်ဝတ် ညီမညီကို ပြောနေတာမဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့သူတို့ဆင်းဆင်းရဲရဲနေရတာ ကျွန်တော် နားလည်တယ်၊ ကိုယ်တိုင်လည်းသူတို့ခမြာရွေးချယ်စရာမရှိဘူးဒါပေမယ့် ကမ္ဘာ့အနေအထားနဲ့ ပြောရင် ရေနံသည် ကမ္ဘာမြေကို လျင်မြန်စွာ ဖျက်ဆီးနေတယ်ကျွန်တော်တို့ကို လည်းသေအောင် သတ် နေတာပဲဆိုတာ သိနေလျက် ရေနံတူးတာ၊ရေနံတွေမီးရှို့ပစ်တာ တွေလုပ်နေတဲ့ ရေနံလုပ်ငန်း ကြီးတွေကော်ပိုရေးရှင်းတွေအနေနဲ့ဘယ်လိုလုပ်ကိုင်နေကြသလဲဆိုတာ ထင်ရှားပေါ်လွင်စေတယ်။ ဒီမိ သားစုနဲ့ဗုဒ္ဓဘာသာအကြောင်းပြောရင်းကျွန်တော်ကိုယ့်ကိုယ်တိုင်သုတေသနလုပ်ရင်းစက်ဝိုင်းအကြီးထဲကစက်ဝိုင်းအသေးလေးတွေကိုစဉ်းစားရတာမှာပိုအချိန်ပေးဖြစ်လာတယ်၊ ဒီမှာ ပဲ့တင်ထပ်တာတွေ အစုံ တွေ့ရတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီလက်ခံယုံကြည်ချက်ကကျွန်တော့်အတွက်ပိုကြေးကြီးလာ တယ်။ တချို့အတွေးအခေါ်တွေက အာရပ်ကမ္ဘာမှာကျွန်တော်ရင်းနှီးပြီးသားတွေ။ ဒါပေါ့လေကျွန်တော် ကပါလက်စတိုင်းလူမျိုးပေပဲ။

    အရှေ့အလယ်ပိုင်းဒေသဆိုတာမယုံနိုင်လောက်အောင်ဆန်းပြားပီးစိတ်လှုပ်ရှားစရာ ကောင်းတဲ့ ပုံပြင် ဇတ်လမ်းတွေရှိတဲ့ သမိုင်းအပြည့်အဝ ရှိတဲ့နေရာ ပေကိုး။ ပုံပြောတယ်ဆိုတဲ့ တရားဝင်သမိုင်း ကိုများသောအားဖြင့်မှတ်ကျောက်ပြုတာက ဥရောပနဲ့ဂရိဒဏ္ဍာရီတွေအကြောင်းကိုပဲအခြေခံတယ်။ ကျွန်တော်အမွေခံတာကအဲဒါမဟုတ်ဘူး။ ကျွန်တော်လိုချင်တာက တမူထူးခြားထင်ရှားတာတစ်ခုခု။ ၁၅ – ၁၆ ရာစုအာရပ်အနုရသစာပေတွေထဲမှာတွေ့နိုင်တဲ့ ရှုပ်ထွေးဆန်းပြားတဲ့ ဇတ်လမ်း အသိုက် အမြုံတွေကိုရှာဖွေချိတ်ဆက်ကြည့်တော့ကိုယ့်ကိုယ်ကိုပြည့်ဝအောင်ဖြည့်ရမယ့်ဟောကြားချက်အဓိပ္ဗါယ်တွေပါတယ်။ ကျွန်တော်ကိုယ်တိုင် ဒဏ္ဍာရီလို့မြင်တာတွေရယ်မြန်မာ့ရိုးရာပုံပြင်တွေ၊ မြန်မာတွေ ရဲ့ပုံပြောခြင်းတွေရယ်ကိုပေါင်းစပ်လိုက်တယ်။ ဒီလိုလေ့လာတာက ကျွန်တော်တို့ဘဝနဲ့ ဘာမှမဆိုင်တဲ့ ဂရိပြဇတ်စာပေကျမ်းဂန်ကြီးတွေလေ့လာရတာထက်တောင် ရှာဖွေတွေ့ရှိစရာပိုများသေးတယ်။

    CTW: ဒီရုပ်ရှင်နဲ့ပတ်သက်လို့နောက်ထပ်လုပ်ဆောင်စရာတွေအများကြီးရှိသေးတယ်လို့သိရပါတယ်။ ဒါပေမယ့်ကိုဗစ်-၁၉  ရယ် စစ်တပ်ကဖေဖေါ်ဝါရီလ ၁ရက်နေ့မှာ အာဏာသိမ်းတာရယ်ကြောင့် ကိုယ့် ရိုက်ပြီးသားအပိုင်းတွေနဲ့ပဲဇတ်ကိုသိမ်းလိုက်ရတယ်နော်။အခုနဲမတူတဲ့အရင်အချိန်တွေတုန်းကမြန်မာပြည်မှာရုပ်ရှင်ရိုက်ရတာနဲ့ အခုအာဏာသိမ်းလိုက်ခြင်းဟာ ရုပ်ရှင်အပေါ်ခံစားချက်ဘယ်လိုပြောင်း လဲစေပါသလဲ။ မြန်မာပြည်မှာလက်ရှိဖြစ်နေတာတွေကိုသိနေတော့ ဒီကားကိုပြသရာမှာဘယ်လိုခံစား ရပါသလဲ၊

    STF: အစကနဦးထဲက ရေနံအကြောင်းရုပ်ရှင်ရိုက်ဖို့ကျွန်တော့်ကိုစွဲဆောင်တာက ရေနံဆိုတာဖိနှိပ်ဖို့ အတွက်သုံးတဲ့နည်းကရိယာတခုဆိုတာပဲ။ ဒုတိယကမ္ဘာစစ်အတွင်းရေနံကိုလက်ဝါးကြီးအုပ်ချင်တဲ့ဂျပန် ခေတ်မှာဖြစ်စေ၊ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေထဲကအကြီးဆုံးဖြစ်တဲ့ ရေနံကနေ အဓိကနိုင်ငံခြား ငွေရှာတဲ့စစ်အာဏာရှင်ခေတ်မှာဖြစ်စေ ဒါကမြန်မာပြည်မှာတွင်မဟုတ် ကမ္ဘာအတွက်မှာပါ မှန်နေ ပါတယ်။ မကြာသေးမီအချိန်တွေမှာ ရေနံဆိုတာ မြန်မာပြည်အတွက်ကယ်တင်ရှင်လို့ပြောကြပြီး ရေနံ ရှာဖွေဖို့နေရာတွေအားတက်သရောရောင်းချနေတာတွေ့ရတယ်။ ဒီနေရာမှာရေနံဟာ ပဋိပက္ခတိုင်း အတွက် လက်ကိုင် သဖွယ်ဖြစ်နေပြီး အမြတ်အစွန်းဆိုတာရေနံလုပ်သားတွေအတွက် မဟုတ်ဘူး ဆိုတဲ့အချက်ဟာရေနံရှိတဲ့ နိုင်ငံတွေအားလုံးအတွက်မှန်ကန်ကြောင်း ဒီရုပ်ရှင်က အသိအမှတ်ပြု ပြသလိုက်တာဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ မျှော်လင့်စရာလည်းရှိပါတယ် ဘာကြောင့်လဲဆိုတော့ သိန်းရွှေလိုတနိုင်တပိုင်ထုတ်လုပ်သူက အနည်းငယ်ပဲဖြစ်ပါစေ သူ့ကံကြမ္မာကိုသူပဲ ထိန်းကျောင်းတယ်။ အဲဒါကကျွန်တော့်အတွက်တကယ်စိတ်ဝင်စားစရာပါပဲ။ ကျွန်တော်ရုပ်ရှင်ရိုက်တဲ့မိသားစုဆိုတာ ရေနံ တပီပါရဖို့ ၃-၄ရက်နေမှပြည့်နိုင်တာတကယ့်ကိုနဲနဲလေးပါ ၊ သူတို့ရှာဖွေရရှိတယ်ဆိုတာကလည်း တပါတ်ကိုပီပါ၃သန်းလောက်ထုတ်နိုင်တဲ့လုပ်ငန်းကြီးရဲ့လောင်းရိပ်အောက်မှာပါ။

    ဒါပေမယ့်အဲဒါရဲ့နောက်ပိုင်းမှာစစ်တပ်နဲ့ပတ်သက်တဲ့မသိမသာ၂နေရာရုပ်ရှင်ထဲမှာထည့်လိုက်တာတော့ရှိတယ်။ အာဏာသိမ်းလိုက်တော့အဲဒါကတကယ့်အခိုင်အမာခြေကုပ်ဖြစ်သွားတယ်၊ အာဏာမသိမ်းခင် ကအလွတ်ပြောခဲ့တာတွေကတကယ်ဖြစ်လာခဲ့တယ်လေ။ အာဏာသိမ်းပီးနောက်မှာဖြစ်စဉ်တွေအား လုံးက ကျွန်တော့်အတွက်တကယ်စိတ်ထိခိုက်ခံစားရတယ်၊ သူတို့ရဲ့မယုံနိုင်စရာသံဓိဌာန် နဲ့ဖိနှိပ်မှု ကိုသတ္တိရှိရှိဆက်လက်ရင်ဆိုင်နေတာတွေကြောင့် အခုတော့ဒီရုပ်ရှင်ကို မြန်မာပြည်သူပြည်သားတွေ အားလုံးအတွက် ရည်ရွယ်ဂုဏ်ပြုသင့် တယ်လို့ယုံကြည်ပါတယ်။

    ကျွန်တော့်အတွက် ဒီရုပ်ရှင်ဟာဆက်လက်လုုပ်ရှားရမယ့်နိုင်ငံရေးလှုပ်ရှားမှုတခုပါပဲ- ရုပ်ရှင်က တဆင့် လှုပ်ရှားမှု – နောက်ပြီး ကျွန်တော် အာရပ်ကမ္ဘာအတွက် ရုပ်ရှင်ရိုက်နေတုန်းကကျွန်တော့်ကိုတွန်း အားဖြစ်ပေါ်စေခဲ့တာ ကလည်းဒါပါပဲ။ ဖိနှိပ်မှု၊ကိုလိုနီစံနစ်ကိုဖြစ်စေတာကဘာလဲ၊ နယ်ချဲ့ စံနစ် ကိုထွန်းကားစေတဲ့ ဒီဖြစ်စဉ်တွေ နည်းလမ်းတွေ ဟာလူတွေကိုလူသားမဆန်စေဘူး။  ဒီရုပ်ရှင် နဲ့ ပတ်သက်လို့ကျွန်တော်သာတစ်ခုခုဆောင်ရွက်ပေးလို့ရမယ်ဆိုရင်ချစ်တတ်တဲ့၊ ဒုက္ခတွေခံစားနေရတဲ့၊ အိပ်မက်တွေရှိတဲ့မိသားစုတစ်စုရှိကြောင်းပြဖို့ပါပဲ။ ဒီရုပ်ရှင်ကအဲသည်လိုပါ။ နှေးတယ် နူးညံ့ သိမ်မွေ့ တယ်ဒါပေမယ့် နယ်ချဲ့စံနစ်ကိုဆန့်ကျင်ကြောင်းအသွင်နဲဇတ်လမ်းပြောခြင်းကိုတွန်းပြလိုက်တာပါပဲ။

    “လောင်မီးတထောင်” “A Thousand Fires” သည် Les films du Balibari(ပြင်သစ်) မှထုတ်လုပ်ပြီး AKKA Films (ဆွစ္စလန်)၊BIND (နယ်သာလန်)၊ Odeh Films (ပါလက်စတိုင်း) တို့နှင့်ပူးတွဲထုတ်လုပ်သည်။ ဇတ်ကားကိုရုံတင်ပြသခြင်းမပြုမီ နမူနာကားကို အွန်လိုင်းတွင်ကြည့်ရှုနိုင်ပါသည်။ ၂၀၂၂  တွင်ရုပ်ရှင်ပွဲတော်နှင့် ရုံတွင်ပြသရန် ရည်မှန်းထားပါသည်။

    Saeed Taji Farouky သည် ပါလက်စတိုင်း-ဗြိတိသျှ လူမျိုးရုပ်ရှင် ရိုက်ကူးသူ၊ ဒါရိုက်တာ၊ ရုပ်ရှင်ဓါတ်ပုံဆရာဖြစ်ပြီး လောင်မီးတထောင် A Thousand Fires (2021)၊ နွေဦးကိုဒီနှစ်မှာမလာခဲ့ဖို့ပြောလိုက်ပါ Tell Spring Not to Come This Year (2015)၊ သူတို့တောမှာနေကြသည်၊ အရမ်းရှက်တတ်သည် They Live in Forests, They Are Extremely Shy (2016) ဇတ်ကားတို့အတွက်လူသိများသည်။

    Courtney T. Wittekind သည် မနုဿဗေဒပညာရှင်၊ အနုပညာရှင်၊ ရုပ်ရှင်ရိုက်ကူးသူဖြစ်ပြီးလော လောဆယ်သူမ၏ ဟားဗတ်တက္ကသိုလ် လူမှုမနုဿဗေဒဘာသာဆိုင်ရာပါရဂူဘွဲ့အတွက် ပြုစုနေသူ ဖြစ်သည်။

    ယခုပို့စ်ကို Tea Circle လဘက်ရည်ဝိုင်းဘာသာပြန်အဖွဲ့မှမြန်မာဘာသာပြန်ဆိုပါသည်။

    Related Articles
    No related posts