5 Minutes To Read

ဘုရားသခင်၏ကျေးဇူးတော်ဖြစ်သော သိပ္ဗံနည်းပညာ – ၁၉ ရာစုအမေရိကန်နိုင်ငံကို ကရင်နှစ်ခြင်းခရစ်ယာန်တစ်ဦး၏ အမြင် ဖြင့်အဓိပ္ဗါယ်ဖော်ခြင်း

5 Minutes To Read
  • English
  • Hitomi Fujimura က ၁၉  ရာစုနှစ် အမေရိကန်နိုင်ငံ တွင်ခေတ်မီအသိပညာ ကို ကရင်နှစ်ခြင်းခရစ်ယာန်ဘာသာဝင်များမည်သို့သဘောပေါက်ခဲ့သည်ကိုရှာဖွေတင်ပြထားပါသည်။ ယခုဆောင်းပါးမူရင်းကို ၂၀၂၂ မတ်လ ၁၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ဒီမှာဖတ်ရှုရန်။

    ၁၉  ရာစုအလယ်လောက် က အမေရိကန်ပြည်ထောင်စုသို့ရေလမ်းခရီးဖြင့် သွားခဲ့ကြသည့် မြန်မာ ပြည်ဖွားများ၏ သူတို့ယခင်ကမသိခဲ့ရသည့် “ခေတ်သစ်”အတွေ့အကြုံများအကြောင်းဖြစ်ပါသည်။ ထိုမှတ်တမ်းများသည် မည်သည့်အခါကမျှစာပေ ပညာရှင်များ သို့မဟုတ် အများပြည်သူတို့၏အာရုံစိုက် ခြင်းမခံခဲ့ရသော်လည်း ရွှင်လန်းတက်ကြွဖွယ်ကိုယ်တိုင်တွေ့ကြုံခဲ့သည့်အမြင်များဖြစ်သည်။ အောက်ဖော်ပြပါ အကြောင်းအရာ များသည် မြန်မာပြည်ဖွားများ၏အတွေ့အကြုံကိုကိုလိုနီမူဘောင် အတွင်း ကန့်သတ်ထားခြင်းမရှိသည်ကိုပြသည်။ မြန်မာပြည်ဖွားများကိုယ်တိုင်မြင်ခဲ့သည့်လူမသိ သောအတိတ်ကာလကိုကျွန်ုပ်တို့အားလေ့လာနိုင်စေသည်၊အချို့ကရင်နှစ်ခြင်းခရစ်ယာန်ဘာသာဝင်များ မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ရသည့် ၁၈၄၀ နှင့် ၁၈၅၀ နှစ် များဆီကနောက်ဆုံးပေါ်နည်းပညာများကိုလှစ် ဟပြသသည်။ဘာသာကူးပြောင်းလာသည့်ကရင်လူမျိုးများက နည်းပညာနှင့်ကျွန်ုပ်တို့ လွယ်လွယ် ပုံ ဖော်ပြောဆိုလေ့ရှိသော “ခေတ်မီသည့်” သို့မဟုတ် “တိုးတက်သည့်”ဘဝနေနည်းအသစ်ကို နား မလည်နိုင်၊ သာမန် လူသားထက်သာလွန်သည့်ဘုရားသခင်မှသာ တတ်နိုင်မည် ဟု အဓိပ္ဗါယ် ကောက်ကြသည်။

    ပညာရပ်ဆိုင်ရာလေ့လာသူတို့ဆွေးနွေးချက်များတွင်အာရှတိုက်သို့ခေတ်မီနည်းပညာများရောက်ရှိလာသည်မှာအနောက်နိုင်ငံများ၏ကိုလိုနီနယ်ချဲ့ခြင်းနှင့်အတူပါလာသည်ဟုညီမျှခြင်းချတတ်ကြသည်(ထိုအချိန်ကလူသိများသည့်ဆွေးနွေးငြင်းခုံချက်များ ကို  Headrick 1981 နှင့် Headrick 1988တွင်ကြည့်ပါ)။ မြန်မာနိုင်ငံအရေးတွင် ဗြိတိသျှအင်ပါယာ ကတိုင်းပြည်ကိုသူတို့၏အခြားအာရှကိုလိုနီနိုင်ငံများနှင့်ချိတ်ဆက်၍ ရေနွေးငွေ့သင်္ဘောများ၊မီးရထားများ နှင့် နောက်ပိုင်းတွင် ပင်လယ်အောက် ကြေးနန်းကြိုးများဖြင့် ကိုလိုနီကွန်ယက်တည်ဆောက်ထားခဲ့သည်။  မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး  မြန်မာပြည်မှလူအများထိုခေတ်မီကွန်ယက်တွင်  မည်သို့တွေ့ကြုံဖူးသည်၊လျင်မြန်စွာပြောင်းနေသောလူ့လောကအခြေအနေကို သူတို့မည်သို့နားလည်သဘောပေါက်ပြီး တုန့်ပြန်သည်ကို ကိုလိုနီစံနစ်အောက်မှာအတွေ့အကြုံအနေနှင့်ယူဆသုံးသပ်ထားသည်။ (Thant Myint-U 2001Charney 2006)

    မြန်မာပြည်သူများ ထိုသို့နည်းပညာအသစ်များကိုစတင်ကြုံတွေ့ရသည့်ကနဦးကာလကိုလေ့လာထိုက်သည်၊ အဘယ်ကြောင့်ဆိုသော် မတူညီသည့် လောကအမြင်နှင့် တွေးခေါ်ပုံတို့မည်သည့်အခိုက်အတန့်တွင်ဆုံမှတ်တစ်ခုသို့ရောက်သည်ကိုအမိအရဖမ်းဆုပ်နိုင်သည်။ ခွန်အားပြည့်ဝသောလေ့လာမှု Powerful Learning ရေးသူ Michael Charney က ၁၈၃၅ ခုနှစ်တွင် မြန်မာကိုလိုနီခေတ်အရာရှိတစ်ဦးမှ သူ့ကိုယ့်စကားလုံးဖြင့် နည်းပညာအသစ်ကိုမည်သို့သရုပ်ဖော်ပြသည်ကိုရေးသားထားသည်။ (Charney 2006, pp146-7)

    ရွှေထွန်းဆိုသူမှာ တနင်္သာရီတိုင်း ကော်မရှင်နာမင်းကြီး ၏တပည့် အဖြစ် ကာလကတ္တားသို့ထားဝယ်မှ အသွား ခရီးကိုမှတ်တမ်းတင်ထားခဲ့သည်။ လျှပ်စစ်စက်တစ်ခုနှင့်ပတ်သက်သည့် ဆန်းကျယ်အံ့သြမှု ကိုမှတ်တမ်းတင်ရာတွင်သူက “မိုဃ်းကြိုးစက်”ဟုခေါ်ခဲ့သည်။ လျှပ်စစ်စက်ထားသည့်နေရာတွင် ရေထဲလက်နှိုက်မိသဖြင့်ဓါတ်လိုက်ခံရသည့်အတွေ့အကြုံရပြီးနောက်သူရေးသားခဲ့သည်မှာ ”ဒါထက် ကြီးတဲ့ မိုဃ်းကြိုးစက်သာရှိရင် တမြို့လုံးတောင်မီးလောင်နိုင်တယ်” ဟူ၏။[1]  ယင်းမှတ်တမ်းမှာနောင် တွင်မြန်မာပညာတတ်များအကြား (Charney 2006, p148) ဗဟုသုတကြွယ်ဝမှုပုံစံပြောင်းလာမည့် မျိုးစေ့ဖြစ်သည့်အစောပိုင်းကာလတိုင်းရင်းသားတို့၏အတွေ့အကြုံ တစ်ခုအဖြစ် Charneyကမှတ်တမ်း တင်ထားသော်လည်း ၊ ရွှေထွန်း၏  လျှပ်စစ်ဓါတ်ကို သဘာဝဖြစ်စဉ်တစ်ခုကဲ့သို့ ဥပမာတွင် လူသားတို့ ထိန်းချုပ်ကွပ်ကဲနိုင်သည်ထက်သာလွန်သည့်အရာတခုခုဟုဆိုသဖြင့် အနောက်တိုင်းပုံစံ သိပ္ဗံဆိုင်ရာ အသိဉာဏ်နှင့် ပြည်တွင်းမှလူအများအဓိပ္ဗါယ်ပေါက်မှု့တို့မကိုက်ညီကြောင်း ညွှန်ပြနေသည်။ ထိုနည်း အတိုင်း အလားတူအချက်များကို ကရင်နှစ်ခြင်းခရစ်ယာန်မှတ်တမ်းများတွင်ဆွေးနွေးပါဦးမည်။

    စိတ်ဝင်စားဖွယ်ကောင်းသည့်အတွက်ရွှေထွန်း၏မှတ်တမ်းကိုပုံနှိပ်စာအုပ်အဖြစ်ထုတ်ဝေခဲ့ရာ သူ့အဖြစ်အပျက်သည်မြန်မာတို့၏ ခေတ်မီပုံနှိပ်လုပ်ငန်းကိုစတင်ရင်းနှီးကျွမ်းဝင်မှုအကြောင်းသာဓကပြနေသည်။သို့သော်ဗြိတိသျှကိုလိုနီအုပ်ချုပ်သူများကသာထိုအတွေ့အကြုံသစ်များကိုပေးနိုင်သည်ဟုဆိုလျှင်အလွယ်ပြောလွန်းရာကျပေမည်။ တနင်္သာရီတိုင်းမှာမကြာမီကဘာသာပြောင်းလာသူများသည်လည်းရွှေထွန်းကဲ့သို့ အလားတူအတွေ့အကြုံများရခဲ့လေသည်။ ကရင်နှစ်ခြင်းခရစ်ယာန်ဘာသာဝင်များ၏မှတ်တမ်းများကိုမိတ်ဆက်ပေးခြင်းဖြင့် ဤ ဆောင်းပါးသည်ကွန်ယက်ပေါင်းများစွာဖြင့် ကိုလိုနီစံနစ်ဘောင်ကိုကျော် ၍ လျင်မြန်စွာပြောင်းလဲနေသော ကမ္ဘာကြီးအကြောင်းမြန်မာပြည်ဖွားများပြောဆိုရှင်းပြချက် ကိုသာဓကများအဖြစ်ပြနေသည်။

    ကရင်နှစ်ခြင်းခရစ်ယာန်ဘာသာဝင်များ၊ သူတို့စာအရေးအသား နှင့် ပုံနှိပ်သတင်းစာ

    ကရင်နှစ်ခြင်းခရစ်ယာန်ဘာသာဝင်များ၏အမေရိကန်နိုင်ငံသွားကိုယ်တွေ့မှတ်တမ်းများကိုစကောကရင်[2] ဘာသာဖြင့်ရေးသားထားသည့်သတင်းစာ ဆာထူးဂေါ်၊ အင်္ဂလိပ်ဘာသာဖြင့် The Morning Star တွင်တွေ့ရှိနိုင်သည်။ ကရင်စကားပြောဆိုသူများသည် ၁၈၂၀ခုနှစ်နှောင်းပိုင်းကာလများ၏ အမေရိကန်သာသနာပြုခရီးကိုစိတ်ဝင်စားမှုရှိကြောင်းစတင်ပြသခဲ့ပြီးချိန်မှစ၍ကရင်လူမျိုးများခရစ်ယာန်ဘာသာသို့ကူးပြောင်းခြင်းလျင်မြန်စွာတိုးပွားခဲ့သည်။ ဧဝံဂေလိအယူခံဝင်ခြင်းသည်ဗုဒ္ဓဘာသာကိုးကွယ်သည့်ကရင်များထက်စာလျှင်ဘိုးဘွားစဉ်ဆက် ဝိဉာဉ်ကိုးကွယ်ခဲ့သည့် ကရင်များအကြား ပိုအောင်မြင်သည်ဟုထင်ရသည်။ ၁၈၃၀ပြည့်နှစ်အစောပိုင်းကာလများတွင် ကရင်စာလုံးများနှင့်စကောကရင်စာရေးနည်းစံနစ်ကိုအမေရိကန်သာသနာပြုများကခွဲခြားရန်ဆုံးဖြတ်ခဲ့ကြသည်။ကနဦးတွင်သာသနာပြုများတီထွင်ထားသည့်ကရင်စာအရေးအသားကို ဘာသာပြောင်းလာသည့်ကရင်လူမျိုးအနည်းငယ်သာအသုံးပြုနိုင် ကြသည်။မည်သို့ဖြစ်စေကာမူ ဆာထူးဂေါ် သတင်းစာ  စတင်ထုတ်ဝေသည့် ၁၈၄၂ အချိန်တွင် အနည်း ဆုံးကရင်နှစ်ခြင်းခရစ်ယာန်ဘာသာဝင် ဒါဇင်ပေါင်းများစွာ  စကောကရင် ဘာသာ သင်ယူပြီးဖြစ်သလို ပုံမှန်စာရေးသားနေကြပြီဖြစ်သည်။၁၈၄၀ပြည့်နှစ်များမှသူတို့ရေးသားထားသည့်စာများကိုရနိုင်ရန်ခက် ခဲသည်။သို့သော် ကံကောင်းစွာဖြင့်ကြည့်မြင်တိုင် ရန်ကုန် တွင်နေထိုင်သူ စကောကရင်သက်ကြီးပိုင်း တစ်ဦးကိုယ်ပိုင်စုဆောင်းထားသည့်အထဲမှမိတ္တူတစ်စုံရခဲ့သည်။ [3] အချို့အကြောင်းအရာများမပါရှိတော့ ချေ၊ စာမျက်နှာတော်တော်များများလည်း ပိုးကိုက်ထားသည့်အပေါက်များကြောင့်ဖတ်မရပေ၊ သို့သော် စာအစုံသည်၁၈၄၀ပြည့်နှစ်  များကအကြောင်းအပြည့်စုံဆုံးတင်ပြထားသည့်စာစုများဖြစ်သည်။[4]

    ၁၈၄၈ ခုနှစ် မှ ကိုလာ ၏ ဇတ်လမ်း

    ကျွန်ုပ်တို့ကိုပထမဆုံး ဇတ်လမ်းပြောပြမည့်သူကကိုလာ ဖြစ်သည်။ အမေရိကန်သာသနာပြုဗင်တန်နှင့်အတူ ရေလမ်းခရီးသွားခဲ့သည်။ ၁၈၄၈ တွင်နေထိုင်မကောင်းသဖြင့် သက်သာစေရန် ဗင်တန် အမိနိုင်ငံသို့ပြန်ရသည်။ Ocean Queenသင်္ဘောဖြင့်ခရီးနှင်ကြရာသာသနာပြုအဖွဲ့၏ခရီးစဉ်သည် Cape of Hope (ဟုတ်အငူ) မှတဆင့်သွားခြင်းဖြစ်သည်။ (Baptist Missionary[4] Magazine 1848, p93)ဗင်တန်၊ကိုလာနှင့် အခြားမြန်မာလူမျိုး ခရစ်ယာန်ဘာသာကူးပြောင်းလာသူ မြတ်အေးတို့ ၁၈၄၈ ခုနှစ် မတ်လတွင် နယူးယောက် သို့ရောက်ရှိကြသည်။ (Ibid,p151)အမေရိကန်နိုင်ငံတွင်ထိုအဖွဲ့မည်မျှကြာကြာနေခဲ့သည်ကိုအတိအကျမသိရသော်လည်း နယူးယောက်မြို့တွင်အနည်းဆုံး၂လကြာမြင့်ခဲ့သည်။ ထိုနှစ်မေလတွင်ကျင်းပသောအမေရိကန် နှစ်ခြင်းခရစ်ယာန်သာသနာပြုအသင်းညီလာခံသို့ ကိုလယ်နှင့်မြတ်အေးတို့နှစ်ဦးစလုံး တက်ရောက်ခဲ့ကြသည်။(Ibid, p207)ဘာသာကူးပြောင်းလာသူထိုနှစ်ဦး အမေရိကန်နိုင်ငံသို့ဘာကြောင့်လည်ပတ်ခဲ့သည်မှာမရှင်းလင်းသော်လည်းသာသနာပြုများ၏ရည်ရွယ်ချက် အောင်မြင်သည်ကို ယုံမှားဖွယ်မရှိသက်သေထူဆောင်ရွက်နိုင်ခဲ့ကြသည်၊သူတို့၏နိုင်ငံခြားခရီးစဉ်မှအကျိုးဖြစ်ထွန်းမှုကိုမြန်မာပြည်တွင် ကျန်ရစ်ခဲ့သောဘာသာတူ

    နှစ်ခြင်းခရစ်ယာန်များကိုချပြရင်းအလှူငွေကောက်ခံနိုင်ခဲ့ကြသည်။ဘာသာမပြောင်းမီက ကိုလာ၏ဘဝအကြောင်းကိုမသိရပေ။ သမိုင်းမှတ်တမ်းအချို့က သူသည် ထားဝယ်ဒေသမှပိုးကရင်ဘာသာစကားပြောသူဋ္ဌာနေတစ်ဦးဖြစ်ကြောင်းခန့်မှန်းထားသည်။ ၁၉၆၃ ခုနှစ်တွင်အမေရိကန်သာသနာပြု မှထုတ်သော History of Baptist Work among the Pwo Karens of Burma, (မြန်မာနိုင်ငံရှိ ပိုးကရင်များအကြားခရစ်ယာန်သာသနာပြုလုပ်ငန်း သမိုင်း) အင်္ဂလိပ် လက်ရေးမူ တွင် ၁၈၄၈ ခုနှစ်က အမေရိကန်နိုင်ငံသို့ခရီးသွားခဲ့သည့် ဘာသာပြောင်းသူတစ်ဦးကို ပိုးကရင်များထဲမှပထမဆုံးဘာသာပြောင်း  သူအဖြစ်ဖော်ပြထားသည်။[5] လက်ရေးမူအရ သူဘရေတန်၏ဘာသာစကားသင်ဆရာဖြစ်ပြီးသမ္မာကျမ်းစာဘာသာပြန်ရာတွင်ကူညီနေသူ၊နောင်တွင်ဒုံယန်ဘုရားကျောင်းမှသင်းအုပ်ဆရာ [6]  ဖြစ်လာသည်။ အသက် ၇၅ နှစ်အရွယ် ၁၈၉၃ ဇူလိုင်လတွင်ကွယ်လွန်ခဲ့သည်။[7]ကိုလာ၏ စာများကိုအခန်းဆက်ဆောင်းပါး၅ခုအဖြစ် ဆာထူးဂေါ် တွင်၁၈၄၉  ခုနှစ် ၌ဖော်ပြခဲ့သည်။[8]  ထို ဆောင်းပါး ၅ စောင်သည် မူလတွင် စာရှည်ကြီးတစ်စောင်ဖြစ်ပေလိမ့်မည်၊သို့သော် ထိုအချိန်က စာစောင်အယ်ဒီတာသည် အမေရိကန်သာသနာပြု ဖြစ်နိုင်ပြီး စာကိုဆောင်းပါး ၅စောင်အဖြစ် ခွဲ ၍ ထုတ်ဝေခဲ့သည်။၁၈၄၈ ခု သြဂုတ် ၂၅ ရက် နေ့စွဲတပ်ထားသည့် စာကိုကိုလာကစာရေးဖြစ်ရခြင်းတွန်းအားအကြောင်းရှင်းပြရင်းအစပျိုးထားပြီး သူ့အတွေ့အကြုံကိုမြန်မာပြည်ရှိအခြားကရင်တိုင်းရင်းသားများအားမျှဝေပေးချင်ကြောင်းရေးထားသည်။[9] သူ့စာပထမပိုင်းသည်နိုင်ငံရပ်ခြားမှလူများအပေါ်သူ့အမြင်ကိုအကျဉ်းချုပ်ရေးထားခြင်းဖြစ်သည်။

    အမေရိကသည်ကောင်းသည်။အမေရိကန်လူမျိုးများဘုရားသခင်ကိုယုံကြည်ကြသည်၊ဘုရားစကားကိုဖတ်သည်၊နားလည်သည် ထို့ကြောင့် ဘုရားကဉာဏ်ပညာမှန်သမျှသူတို့ကိုပေးခဲ့သည်။ သူတို့လိုချင်တာတစ်ခုခုရှိရင်သူတို့ဘာမဆိုလုပ်နိုင်သည်။ သူတို့မြို့တွေမှာနေကြသည်၊သူတို့အိမ်များသည်အရှေ့နိုင်ငံများမြန်မာပြည်မှအိမ်များနှင့်မတူပါ။ ဘုရားသခင်ကသူတို့ကိုကောင်းချီးပေးပြီး အများကြီးလုပ်ကိုင်နိုင်ရန်အခွင့်ပေးထားသည်။ အကယ်၍ ကျွန်ုပ်တို့နိုင်ငံကလူတွေအားလုံးဘုရားအတွက်ဆုတောင်းမည်ဆိုလျှင်၊ ကိုယ့်ဝိဉာဉ်ကိုဘုရားထံဆည်းကပ်မည်ဆိုလျှင်၊ကျွန်ုပ်တို့ငြိမ်းချမ်းစွာနေနိုင်မည်ဖြစ်သည်၊ဘုရားသခင်ကလည်းအမေရိကန်လူမျိုးများရရှိထားသည့်တတ်ကျွမ်းမှုကို ကျွန်ုပ်တို့အား ထပ်တူ ပျော်ရွှင်စွာပေးလိမ့်မည်။[10]

    Hsa Too Gaw 1849, p.318

    [10]

    နိုင်ငံအရွယ်အစား နှင့်လူနေမှုဘဝ နှစ်ခုလုံးဘာမှသူ့နေရပ်တိုင်းပြည်နှင့်မတူခြားနားသော အမေရိကန်တို့၏ဘုရားသခင်အပေါ်ကြည်ညိုခြင်းကဘုရားထံမှဉာဏ်ပညာရခြင်းတွင်အရေးပါသောအချက်အဖြစ် ကိုလာ ကထည့်သွင်းစဉ်းစားထားသည်။ သူ့စာကိုဆက်ရေးရာတွင် သူအထက်တွင် ပြောခဲ့သည့် “ဉာဏ်ပညာ”ဆိုသည်မှာဘာကိုဆိုလိုကြောင်းဆက်ရှင်းပြထားသည်။

    ထိုအရာမှာ“မီးရထားစက်ခေါင်း” ဖြစ်သည်။

    အမေရိက သည်နိုင်ငံငယ်လေးမဟုတ်ပါ၊ သို့သော်မြို့များအကြားအပြန်အလှန်သွားလာရလွယ်ကူပြီးမြန်ဆန်သည်။ဘုရားသခင်ကသူတို့ကို ရေလမ်းဖြစ်စေ ကုန်းလမ်းဖြစ်စေ သွားချင်လျှင် ဉာဏ်ပညာပေး ထားသည်။ကုန်းလမ်းကသွားလျှင် ခြေလျင်လျှောက်စရာမလိုပါ။ရေလမ်းကသွားလျှင်ရေနွေးငွေ့သင်္ဘောများရှိပြီး ကုန်းလမ်းအတွက်မီးရထားများရှိသည်။မီးရထားများသွားပုံမှာအောက်ပါအတိုင်းဖြစ်သည်။ မီးရထားကသူ့ဖာသာသူရွေ့သည်မဟုတ်၊ အပူပေးထားသည့်တွဲတတွဲကလုပ်ဆောင်ပေးနေခြင်းဖြစ်သည်။လူစီးရန်တွဲပေါင်းများစွာကထိုအပူပေးထားသည့်တွဲနောက်မှာချိတ်ထားသည်။ တွဲတခုချင်းကသိပ်မကြီးလှပေ။ အရှည်မှာ ၇လံခန့်ရှိသည် အကျယ်က၆တောင်ခန့်ရှိသည်။ ခေါင်းတွဲကနောက်တွဲမည်မျှကိုဆွဲနိုင်ကြောင်းကျွန်ုပ်သေချာမသိပါ။ ရေနွေးငွေ့မီးရထားများအလေးချိန်အလွန်စီးပြီး ဆက်တိုက်လှုပ်ရှားနေသည်။ မီးရထားလမ်းကောင်းလျှင် တနာရီ မိုင် ၅၀-၆၀ ခန့်အလျင်နှင့် သွားသည်။ မီးရထားလမ်းကကြမ်းလျှင် တနာရီ မိုင်၃၀-၄၀ ခန့်အလျင်နှင့် သွားသည်။ သူတို့(မီးရထားများ)မြို့တမြို့နှင့်တမြို့အကြားအလွန်လျင်မြန်စွာပြေးသည်။သူပြေးသည်မှာငှက်ပျံသလိုဖြစ်သည်။သို့သော်မည်သည့်ငှက်မျှမီးရထားများလောက်မြန်အောင်မပျံနိုင်ပါ။[11]

    Hsa Too Gaw 1849, pp.318-9

    [11]

    မီးရထား၏အလျင်ကိုအံ့သြဘနန်းဖြစ်ပြီး ထိုအရာဝတ္တု မည်သို့လှုပ်ရှားသွားလာသည်ကိုရှင်းပြရန် ကိုလလာ ကြိုးစားထားသည်ဟာထင်ရှားသည်။ မီးရထားခေါင်းတွဲကို ”မီးအပူပေးထားသည့် တွဲတတွဲ” ဟုသူ့ပုံဖော်ချက်သည်သူ၏စစ်မှန်သောစူးစမ်းလေ့လာမှုကိုပြောနေခြင်းဖြစ်သည်။သူ့အတွက်တော့မီးရထားဆိုသည်မှာ အမှန်တကယ်မီးလောင်နေပုံရသည် အဘယ်ကြောင့်ဆိုသော်ခရီးလမ်း တလျှောက် ရေနွေးငွေ့ပူများမှုတ်ထုတ်နေသည်ပင်။စိတ်ဝင်စားဖွယ်ကောင်းသည်မှာ အလျင်ကိုရှင်းပြရာတွင် ကိုလာက အနောက်တိုင်းယူနစ်အတိုင်းအတာများသုံးသွားသည်၊ အကွာအဝေးကိုတွက်ချက်ရာ တွင်လည်းသုံးနေကျမဟုတ်သည့်စံနစ်ကိုထည့်ပြောသွားသည်။ မည်သို့ပင်ဖြစ်စေသူ့အနေနှင့်ယခု တွေ့မြင်သိရှိရသည်တို့မှာအိပ်မက် ဆန် ပြီးသူ၏စာဖတ်သူများနားလည်အောင်ရှင်းပြရာတွင် စိတ်ဝင်တစားယုံကြည်လက်ခံနိုင်လောက်အောင် မစွမ်းခဲ့ချေ။ ထို့ကြောင့် သူကဥပမာဖြင့် ပုံပေါ်အောင်ထပ်ရှင်းပြသည်၊ မီးရထားတစီးနှင့်ငှက်တကောင်တို့၏ရွေ့လျားသည့် အမြန်နှုန်း ကိုနှိုင်းယှဉ်ထားသည်။ကိုလာ ရေးသားခဲ့သည်များအပြင် သူ၏သိပ္ဗံနည်းပညာကိုပုံပေါ်အောင်ရှင်းလင်းပြသရာတွင်သုံးသည့်စကားလုံးအသစ်များအရသူ့အမြင်တွင်ဆန်းနေကြောင်းပြသည်။မီးရထား ကို သူ့အခေါ်အဝေါ်က “လေးမယ်ဦး” ဖြစ်သည်။ယနေ့ခေတ်တွင်ထိုအခေါ်အဝေါ်မှာအားလုံးအသိဖြစ်နေသော်လည်း၁၈၄၀ပြည့်နှစ်များတွင်အထူးအဆန်းဖြစ်နေပေမည်။ ဝေါဟာရ ရင်းမြစ်ဗေဒ အရ “လေး” ဆိုသည်မှာဗမာစကား “လှည်း”  မှအငှားယူထားသော လှည်းဖြစ်သည်၊”မယ်ဦး” သည်လည်း နောက်ထပ်ဗမာစကားလုံးဖြစ်သည့် “မီး” မှငှားယူထားပြီး အဓိပ္ဗါယ်မှာ ”မီး” [12] ပင်ဖြစ်သည်။ယခင်ကမိမိအမြင် စိမ်းနေသည့်၊ လူတို့ဖန်တီးထားသောပစ္စည်းတစ်ခု အလွန်လျင်မြန်စွာပြေးနေသည်မှာ ထူးဆန်းဖွယ်ကောင်းကြောင်း ထိုစကားအဓိပ္ဗါယ်ရှင်းလင်းချက်တွင် ထင်ဟပ်ပေါ်လွင်စေသည်။ပစ္စည်းအသစ်အဆန်းများကို ကိုလာတစ်ယောက် ပဟေဠိအဖြေညှိမရခြင်းမှာ မီးရထား နှင့်ပင်ပြီးမသွားပေ။ သူ့အတွက်ပို ၍ပင်ရှုပ်ထွေးစေသောကြေးနန်းပို့ခြင်းအကြောင်းလည်းသူရေးသားခဲ့လေသည်။

    သံချောင်းတွေနှင့်စကားပြောတာမျိုးသူတို့လုပ်ကြသည်။ကျွန်ုပ်တို့ဒါမျိုးတခါမျှမမြင်ဖူးပါ။ သူတို့အချင်းချင်းတကယ်စကားမပြောသည်ကတော့အသေအချာပြောနိုင်သည်။ စာအပြန်အလှန်ပေးခြင်းနှင့်ဆင်တူသည်။ကျွန်ုပ်တို့လက်ထဲစာရောက်လာလျှင်စာကိုပြန်ပို့ပါကတစ်စုံတစ်ယောက်ကပို့ပေးရသည်၊ထို့ကြောင့်မြန်မြန်မရောက်ပါ။သူတို့၏စာနှင့်တူသောသတင်းစကားက သံချောင်းများမှတဆင့် ၅ ရက် ၆ရက်၊၁၀ရက်မှရက်၂၀၊သို့မဟုတ်တစ်လအတွင်းနောက်တစ်နေရာကိုရောက်သည်။သံချောင်းများမှတဆင့်စာတွေပို့ခြင်းကိုလက်နှင့်ရေးသည်မဟုတ်ပါ။ စာပို့လိုသူတစ်ဦးကအခြားနေရာတွင်နေထိုင်သူနောက်တစ်ဦးထံစာပို့ရန်သံချောင်းများဖြင့်စာပို့ပေးသူအော်ပရေတာထံသွားရသည်။တောင်းဆိုသည့်အဖိုးအခပေးရသည်။ထိုအခါအော်ပရေတာကချက်ခြင်းစာရိုက်ပေးသည်။ ထိုစာကနောက်တနေရာသို့ရောက်သွားမည်။ သို့သော် သူရိုက်ပို့လိုက်သောစာသည်အခြားမည်သူမဆိုဖတ်နိုင်သည့်စာမဟုတ်ပေ။အော်ပရေတာသာလျှင်ဘာသာပြန်အဓိပ္ဗါယ်ဖော်နိုင်သူဖြစ်သည်။ရိုးရိုးစာများလိုမဟုတ်ပါ။ စာကြောင်းတွင်လွန်ပူအသေးစားလေးနှင့်ဖောက်ထားသကဲ့သို့အပေါက်များပါရှိသည်၊အပေါက်ကိုတလုံးချင်းဖတ်ရသည်။သံချောင်းဖြင့်ပို့လိုက်သည့်သတင်းစကား(စာ) ပို့စေချင်သည့် ဖက်သို့ရောက်ပြီဆိုလျှင် နောက်အော်ပရေတာက အဓိပ္ဗါယ်ပြန်ဖော်ပြီး စာရွက်ပေါ်တွင်စာကိုပြန်ရေးချရသည်။ ဒီကိစ္စတစ်ခုလုံးကို ကျွနု်ပ်လုံးဝနားမလည်တော့ပါ။ ယခုကျွန်ုပ်ရေးပြထားသလောက်သာနားလည်ပါသည်။ [13]

    Hsa Too Gaw 1849, p.322

    [13]

    အထက်ဖော်ပြပါစာမှာ အင်္ဂလိပ်ဘာသာဖြင့် “magnetic telegraph”သံလိုက်ကြေးနန်းဟု ခေါင်းစဉ်တပ်ထားသဖြင့် ကိုလာရေးခဲ့သည်မှာကြေးနန်းဖြင့်စာပို့စံနစ်အကြောင်းဖြစ်သည်ဟုယုံကြည်ရသည်။[14] ၁၈၄၈ ခုနှစ်သည်မော့စ်စံနစ်ဟုခေါ်သည့်သံလိုက်ကြေးနန်းစံနစ်အသစ် ခေတ်စားပြီး အများသူငါ စတင်သုံးနိုင်သည့် အချိန်ကာလဖြစ်သည်။[15]

    An original copy of the front page of the Hsa Too Gaw issue in which Ko Ler's article was published. Image courtesy of Hitomi Fujimura.

    ကိုလာ ဖွင့်ဟဝန်ခံသည့်သူမြင်တွေ့နေရသည်များမှာသူနားလည်နိုင်စွမ်းထက်ကျော်လွန်နေပါသည်ဆိုသော်လည်း ကြေးနန်းစံနစ်လုပ်ဆောင်ပုံရေးထားသည့်သူ့မှတ်တမ်းကအံ့သြဖွယ်ကောင်းအောင်တိကျလွန်းသည်။ မည်သို့ဆိုစေကာမူ စာကြောင်းများနှင့် အစက်များသာသုံးသည့် ထို ဆက်သွယ်ရေးစံနစ်မှာ လျို့ဝှက်နက်နဲသည်။ကိုလယ်ပြောခဲ့သလိုကြေးနန်းစာဆိုသည်မှာအဓိပ္ဗါယ်ဖော်တတ်သည့်သူမှလွဲပြီး  နားမလည်နိုင် ပေ။ထို့အပြင် သံကြိုးများမှတဆင့် မိုင်ပေါင်းများစွာကွာဝေးသည့်နေရာသို့ စာများပို့သည်ကိုတွေ့ရခြင်းမှာလည်းပြောမပြတတ်အောင်ဆွံ့အသွားစေသည်။ထိုဖြစ်စဉ်တစ်ခုလုံးသည် သာမန်လူသားတို့စွမ်းဆောင်နိုင်ရည်ကိုကျော်လွန်နေပြီဟုထင်ရသည်။

    စက်မှုနည်းပညာကို ဘုရားသခင်ကပေးသည့် အသိဉာဏ်ဟု ထူးခြားသည့်လက္ခဏာအဖြစ် ကိုလာ ဖော်ပြခဲ့သည်ကိုပြန်စဉ်းစားလျှင် သဘာဝဖြစ်စဉ်တခုလုံးကို သူနှိုင်းယှဉ်ပြခြင်းက သူ၏နားလည်မှုပုံစံနောက်ကွယ်တွင်ဘာရှိနေသည်ကို အရိပ်အမြွက်ပြနေသည်။ ခရစ်ယာန်ဘာသာကိုသက်ဝင်ယုံကြည်ခြင်းမတိုင်မီနတ်ဝိဉာဉ်ကိုးကွယ်ခဲ့ကြသည့်အစောပိုင်းကာလကရင်ခရစ်ယာန်ဘာသာပြောင်းလာသူများအတွက်သဘာဝတရားကိုခြယ်လှယ်ထိန်းချုပ်ခြင်းသည်လူ့လောကတွင်မည်သို့မျှမဖြစ်နိုင်ဟုတွက်ထားကြသည်။

    ဥပမာ- သဘာဝနှင့်ပတ်သက်သည့်ဝိဉာဉ်အမျိုးမျိုးရှိခဲ့သည်၊ ရေ နှင့် မြေ တို့၏အရှင်သခင်၊ ဧရာမကျောက်တုံးကြီးအရှင်သခင်၊ နှင့် ကောက်ပဲသီးနှံအရှင်သခင် [16] တို့ဖြစ်သည်။ လူအများကထိုဝိဉာဉ် အရှင်သခင် တို့ကြိုက်နှစ်သက်ရန်ချော့ပြီးမည်သို့မျှ ဘေး ဒုက္ခမကျရန်ဆုတောင်းကြရသည်။ ခရစ်ယာန် ဘုရားကိုလည်း ကရင်ဘာသာတွင် အရှင်သခင်အဖြစ်ပြောဆိုသည်[17] ထို့ကြောင့် ကိုလာ အတွက် အမေရိကန်တို့၏ သဘာဝလွန်အသိပညာဉာဏ် သည် ဘုရားသခင်တန်ခိုးဖြင့်လူသားနယ်လွန်လောကတွင်သာဖြစ်ရမည်ဟု ဆက်စပ်တွေးထားသည်မှာ သဘာဝကျပါသည်။

    ၁၈၅၃ ခုနှစ် မှ ထောမူ၏ဇတ်လမ်း

    နောက်ဇတ်လမ်းတစ်ပုဒ်မှာ အမေရိကန်မြေပေါ်သို့ ၁၈၅၃ တွင်ခြေချခဲ့သူ ထောမူကပြောပြခြင်းဖြစ်သည်။ ထောမူ သည် ထားဝယ်မှ စကောကရင် စကားပြောသူတစ်ဦးဖြစ်သည်။သူမည်သည့်အချိန်ကခရစ်ယာန်ဖြစ်သည်မှာမသေချာသော်လည်း ခရစ်ယာန်ဘာသာကိုစတင် သိရှိသည်မှာ ကလေးဘဝကပင်ဖြစ်ပေလိမ့်မည်။အဘယ်ကြောင့်ဆိုသော် သူ့မိခင် က ၁၈၃၄ ခုနှစ်ကတည်းကပင်နှစ်ခြင်းခရစ်ယာန် ဖြစ်ပြီးနေသည်။ ယခင် က စုန်းနတ်ကဝေများကို ကိုးကွယ်သည့်အလေ့အထ မှ သူ့မိခင် က ၁၈၃၇ တွင် နှစ်ခြင်းခံယူခဲ့ပြီး သားသမီးများကိုလည်း နှစ်ခြင်းခရစ်ယာန်များတီထွင်ထားသည့် ကရင်စာနှင့် သမ္မာကျမ်းစာ ကိုလေ့လာစေသည်။ [18] ထောမူသည် ၁၈၄၀ [19] တွင် ခရစ်ယာန် တရားဟောဆရာအဖြစ် မြိတ် အရှေ့တောင်ဖက် ရှိ ဂျူးဆိုသည့်ရွာငယ်လေးတွင် အမှုထမ်းသည်။ နောက်ပိုင်းတွင် ထိုဒေသ တလျှောက် နာမည်ရသည့် သင်းအုပ်ဆရာ ထဲမှတစ်ဦး ဖြစ်လာပြီး သာသနာပြု အစည်းအဝေးတစ်ခုတွင် ထားဝယ် ဘာသာရေးဆိုင်ရာလူထု ကို ကိုယ်စားပြုတက်ရောက်ရသည်။ [20] အမေရိကန်သာသနာပြုကားတိုင် အဖွဲ့နှင့်အတူထောမူသွားခဲ့ခြင်းဖြစ်သည်။ ဘော့စတွန်တွင် ၁၅ ရက်ခန့်အချိန်အနည်းငယ်သာနေပြီး ၁၈၅၃ ဇန္နဝါရီတွင်ပြန်လည်ထွက်ခွာလာခဲ့သည်။[21]  အမေရိကန်တွင်နေချိန် နည်းပါးသော်လည်း ထောမူ နေထိုင်သည့်ကာလအတွင်း  ထူးခြားဖြစ်စဉ် များနှင့်သာ ပြည့်နှက်နေခဲ့သည်။ သူ့ဂျာနယ်ကိုနှစ်ပိုင်းခွဲထားပြီး ဆာထူးဂေါ် တွင် သီးခြားဖော်ပြသည်။ ပထမပိုင်း သည် ၁၈၅၃ သြဂုတ်လထုတ်တွင် ပါဝင်ပြီး “ထောမူ၏စာ” ဟု ခေါင်းစဉ်တပ်ထားသည်၊ ဒုတိယပိုင်း က ၁၈၅၄ ဧပြီလထုတ်တွင်ပါဝင်သည်။ ကိုလာ နှင့်ခပ်ဆင်ဆင် အမေရိကန်နိုင်ငံတွင် မြင်တွေ့ခဲ့ရသည် တို့ကို ထောမူကပြောပြချင်ကြောင်းရှင်းပြထားသည်။ “အဘယ်ကြောင့်ဆိုသော် သူတို့(အမေရိကန်များ) အသိဉာဏ်အများကြီးအသုံးချသည်”။[22] ဦးဆုံးပထမ သူသတိထားမိသည်ကလည်း ရထားလမ်းများဖြစ်သည်။

    သူတို့(အမေရိကန်များ) သွားလာသည့်အခါ မြေပေါ်တွင်အမြန်သွားသော မီးရထားများကိုလည်းပြုလုပ်ကြသည်။ ရထားသံလမ်း ကိုသံနှင့်ပြုလုပ်ထားသောကြောင့် ရထားသွားနေချိန်တွင်ဘာမှအတားအဆီးမဖြစ်နိုင်ပေ။ ရထားသံလမ်းများ၏ ဘေးအစွန်းနှစ်ဖက် ကို ထိန်းထားသည့်အတွက်တွဲများသံလမ်းမှချော်မကျနိုင်ပါ။ ထိုသို့စီမံထားခြင်းဖြင့် ရထားလမ်းများ တနေရာမှနောက်တနေရာအကြား အသွားအပြန် လုပ်နိုင်လေသည်။ မြို့တမြို့ ဆိုလျှင်အလွန်ဝေးလံနိုင်သည်၊ရထားလမ်းများကမိုင် ၁၀၀၀၊ သို့မဟုတ် ၁၅၀၀ အထိ အရှည်ဆန့်နိုင်သည်။ ရထားလမ်းရှည်လျားသည်သာမကမီးရထားစက်ခေါင်းကလည်းအလွန်လျင်မြန်သည်။ ရထားလမ်းကိုသာခင်းမည်ဆိုပါက အင်းဝ နှင့် မြိတ် လိုခရီးရှည်ကို ဥပမာအားဖြင့် တနေ့နှင့်တဝက် အတွင်းသွားနိုင်ပေလိမ့်မည်။ယင်းသို့ဖြင့် လူအချင်းချင်းဝေးကွာနေသော်လည်း နီးနေသည့်ပမာဖြစ်သည်။[23]

    Hsa Too Gaw 1853, pp.183-4

    [23]

    မီးရထားစက်ခေါင်းများ၏အလျင်ကလည်းထောမူ၏အာရုံကိုအတော်ဖမ်းစားသည်။ အချိန်တိုအတွင်း

    မီးရထားများမည်သို့ပြေးနိုင်သည်ကိုထင်ရှားအောင်ပုံဖော်ရာတွင်ထောမူက သူနှင့်အနီးဆုံးမြို့ဖြစ်သည့်

    မြိတ်နှင့် ကုန်းဘောင်မင်းဆက်မြို့ဟောင်း အင်းဝ တို့ကိုရည်ညွှန်းခဲ့သည်။ ထိုခေတ်တွင်  ကရင်စကား

    ပြောဆိုသူလူအများစုမှာခြေလျင် သို့မဟုတ် လှေငယ်လေးများဖြင့်ခရီးသွားသည်ကိုမှတ်သား မိသဖြင့်တနေ့နှင့်တဝက်အချိန်အတွင်းမိုင် ၇၀၀ ကျော်သွားနိုင်သည်ဆိုခြင်းမှာမယုံနိုင်လောက်အောင်ဖြစ်ပေလိမ့်မည်။ စာစောင်ကိုဖတ်ရှုသူများကမီးရထားလမ်းများအကြောင်း သဘောပေါက်နားလည်ခဲ့ကြမည်မဟုတ်သော်လည်းထိုသာသနာပြုဆရာတို့၏အမိနိုင်ငံတွင်စိတ်ကူး၍ပင်မရသည်များဖြစ်ခဲ့မည်ဟုခန့်မှန်းနိုင်ပါသည်။

    ယခင်က မရှိခဲ့သောတီထွင်မှုဖြစ်သည့် ဓါတ်ငွေ့သုံးမီးအိမ်များအကြောင်း၊ ကြေးနန်းစံနစ်၊ နှင့် သတ္တဝါတို့ ပုံစံနမူနာများအကြောင်း လည်း ထောမူ ရေးခဲ့သည်။   အထူးသဖြင့် ရုပ်လုံးသွင်းနမူနာများအကြောင်းသူရှင်းပြထားသည်မှာစူးစမ်းလေ့လာထိုက်သည်ဟု ထင်ပါသည်။

    သူတို့ (အမေရိကန်) က ကမ္ဘာပေါ်မှာသူတို့ ဘာကိုအမဲလိုက်လို့ရတယ်ဆိုတာကောင်းကောင်းသိ ကြသည်။ဥပမာ-ခြေလေးချောင်းသတ္တဝါများ၊ ငှက်များ၊ မြွေများ၊ကင်းခြေများ၊နှင့်ရေသတ္တဝါများ ဖြစ်သည်။သူတို့က ထိုသတ္တဝါများကို အဆောက်အဦအကြီးကြီးတွင်ထားပြီးဆေးတမျိုးတွင် နှစ်စိမ်ထားလိုက်ခါ သတ္တဝါ၏ပုံစံမပျက်အောင်ထိန်းသိမ်းထားသည်။ မည်သူမဆိုကြည့်ချင်လျှင် လာကြည့်လို့ရသည်။ မျက်နှာအပါအဝင် ရုပ်ရည်ပုံပန်းသဏ္ဍန် များလုံးဝမပျက်စီးပါ။ အသက်ရှင်နေသည့်အတိုင်းဖြစ်ပါသည်။ ညီအစ်ကိုများခင်ဗျားအမေရိကန်နိုင်ငံမှာ အခြားအရာတွေ အများကြီးကျွန်ုပ်တွေ့ခဲ့ရပါသည်။ ကျွနုပ် စကားလုံးနှင့် မရှင်းပြနိုင်သည်များလည်းအများကြီး ရှိပါသည်။ အရင်ကထိုအရာတွေကိုလုံးဝမမြင်ဖူးလို့ဖြစ်ပါသည်။

    John Hsa Too Gaw 1853, p.185

    [24]

    သေပြီးသားသတ္တဝါများ၏ရုပ်ပိုင်းသွင်ပြင်ကို အသက်ရှိနေသည့်အလားတာရှည်ခံအောင်ထိန်းသိမ်းထားနိုင်သည့်ထူးဆန်းသောနည်းကိုစူးစမ်းပြီးသော် ကိုလာ ကဲ့သို့ပင် ထောမူသည်လည်း အမေရိကန်လူမျိုးများသည် သဘာဝတရားကိုလွန်ဆန်နိုင်သည့်နည်းကိုသိနေသည်ဟုတထစ်ချယုံကြည်ခဲ့သည်။ ထောမူ၏မှတ်ချက်ဖြစ်သော “သူတို့ (အမေရိကန်)  က ကမ္ဘာပေါ်မှာသူတို့ ဘာကိုအမဲလိုက်လို့ရတယ်ဆိုတာကောင်းကောင်းသိကြသည်” ကထိုယုံကြည်ချက်ကိုသက်သေခံနေသည်။

    သူ့စာနောက်ပိုင်းတွင် ထောမူ က ဘုရားကျောင်းလုပ်ငန်းများနှင့် နှစ်ခြင်းခရစ်ယာန်ဝင်တို့၏ဘဝအကြောင်းအာရုံ ပြောင်းရေးသားခဲ့သည်။ ဝတ်ပြုဆုတောင်းသည့် အစည်းအဝေးတက်အပြီး ဘုရားရှိခိုးကျောင်းအရွယ်အစားကြီးသည်ဖြစ်စေ၊ ရွာတရွာလိုငယ်သည်ဖြစ်စေ  မြို့တိုင်းမှာဘုရားရှိခိုးကျောင်းရှိခြင်း၊ တနင်္ဂနွေနေ့တိုင်းဘုရားကျောင်းတက်[25] သူဦးရေ တို့ကို သဘောကျအထင်ကြီးခဲ့သည်။ဘုရားရှိခိုးကျောင်းတွင်ဝတ်ပြုဆုတောင်းသည့်အကြောင်းအသေးစိတ်ပြောပြပြီးသည့်နောက်ဘော့စတွန်မြို့၏လူနေမှုဘဝအကြောင်းထောမူဆက်ပြောသည်။

    ဉာဏ်ပညာကြီးသူတွေဒီမြို့မှာနေကြတာကျွန်ုပ်သိလာရသည်။ ဒီလိုသိရတာလည်းဝမ်းသာ မိသည်။သူတို့အိမ်တွေလမ်းတွေကိုလည်း အသေးစိတ် ဂရုတစိုက်ဆောက်လုပ်ထားကြသည်။ ကျွနု်ပ်တို့တွေ့သမျှ သူတို့အဝတ်အစားများနှင့်အရာအားလုံးသည် ကြော့ရှင်းပြီး တန်ဖိုးကြီး သည်။ဒါတွေကိုကျွန်ုက်တို့တွေ့ပြီး အလွန်ကောင်းသည်ဟုထင်သည်။ ညီအစ်ကိုများခင်ဗျား- ခင်ဗျားတို့မိသားစုတွေကိုအကုန်ခေါ်လာပြီး ထမင်းဝိုင်းကူချက်သလို အချင်းချင်းကူညီ ကြပါစို့။ကြီးကြီးကျယ်ကျယ်လုပ်ငန်းတွေကိုအခုချိန်မှာချက်ခြင်းလုပ်နိုင်မှာမဟုတ်သော်လည်းအလုပ်အသေးလေးတစ်ခုကိုစီစဉ်နိုင်ပါသည်၊ကျွန်ုပ်တို့ကိုယ်တိုင်လုပ်ဆောင်နိုင်ကြပါသည်။

    Hsa Too Gaw 1854, p.58-9

    [26]

    ဘော့စတွန်မှကျယ်ပြန့်သည့်ခရစ်ယာန်အသိုင်းအဝိုင်းကို ထောမူရှင်းပြထားသည်ကိုသိရှိပြီး နောက် ကောင်းမွန် အနုစိပ်သည့် အိမ်ယာများ၊မြို့အနေအထား နှင့် လူတို့အဝတ်အစားများကို သူချီးမွမ်းထားခြင်းကို ခရစ်ယာန်တို့၏ဘဝနှင့် ဆက်နွယ်နေသည်ဟုမှတ်ယူနိုင်သည်။ အမေရိကန်လူနေမှု့ဘဝတွင်ဘုရားသခင်၏ကောင်းချီးပေးမှု့ကပါဝင်နေသည်ကိုအသိအမှတ်ပြုရင်းသူ၏ဘာသာတူနှစ်ခြင်းခရစ်ယာန်များကို စည်းလုံးကြရန် နှင့် အချင်းချင်း ကူညီပြီး အမေရိကန်တို့လိုဘဝမျိုးရရှိရန် ထောမူ ဆော်သြထားသည်။ ထမင်းဝိုင်းကူချက်ခြင်းဆိုသည်မှာ အလုပ်အသေးလေးတစ်ခုအတွက်ဥပမာဖြစ်ပြီး ပိုကြီးကျယ်သည့် ရည်မှန်းချက်အောင်မြင်ရန် မိမိလုပ်နိုင်သည့်အလုပ်ကိုလုပ်ကြဖို့အရေးကြီးကြောင်းသွယ်ဝိုက်ညွှန်းဆိုသည်။ကိုလာ ကဲ့သို့ပင် ထောမူလည်းမိမိနှင့်မရင်းနှီးမကျွမ်းဝင်သော အမေရိကန်လူနေမှု ဘဝပုံစံကိုအပြုသဘောဖက်မှ နားလည်ခဲ့ပြီးသူ၏စာဖတ်ပရိသတ်အားဘုရားသခင်ကိုယုံကြည်ရန်နှင့်၊ သို့မှသာ ဘုရားထံမှစောင်မသည့် ကျေးဇူးတော်ကိုလက်ခံရရှိမည်ဖြစ်ပြီး အမေရိကန်တို့အတိုင်း အသိဉာဏ်ရရှိမည်ဖြစ်ကြောင်းတိုက်တွန်းခဲ့သည်။

    “ခေတ်မီ ဗဟုသုတ” ကိုလိုနီခေတ်နှင့် လောကီရေးရာများ မှ လမ်းလွှဲသွားခြင်း

    ကိုလာနှင့် ထောမူ နှစ်ဦးလုံး၏အဖြစ်တွင်တင်ပြသကဲ့သို့၊နားလည်နိုင်စွမ်းမရှိပဲသူတို့အမြင်တွင်လူသားတို့အသိဉာဏ်ထက်ကျော်လွန်သည့်သိပ္ဗံနည်းပညာများနှင့် ယင်း၏စက်မှုဆိုင်ရာအကောင်အထည်ဖော်ခြင်းကို ကရင်နှစ်ခြင်းခရစ်ယာန်များက တန်ခိုးရှင်မှပေးသော အသိဉာဏ်ဟု အဓိပ္ဗါယ်ကောက်ကြသည်။ သူတို့၏အဖြစ်အပျက်များကိုအသေးစိတ်ရှင်းပြချက်များနှင့် ကွက်ကွက်ကွင်းကွင်း ပေါ်စေ သည့်စကားလုံးများက  “ခေတ်မီဗဟုသုတ” ကို နည်းမျိုးစုံဖြင့် အဓိပ္ဗါယ်ဖော်ပေးသည်။  အထက်တွင်ဖော်ပြခဲ့သည့် ဇတ်လမ်း များကိုခေတ်မီ ကိုလိုနီစံနစ် တစ်ခုတည်းကြောင့်ဟုဆိုလျှင် သင့်တော်မည်မဟုတ်ပေ အဘယ်ကြောင့်ဆိုသော် ကရင်နှစ်ခြင်းခရစ်ယာန်ဘာသာဝင်များ၏အတွေ့အကြုံများမှာဗြိတိသျှကိုလိုနီကွန်ယက်ပြင်ပတွင်လှုပ်ရှားသက်ဝင်တွေ့ကြုံခဲ့သောကြောင့်ဖြစ်သည်။ သူတို့အားကိုးအားထားပြုရာ ကွန်ယက်မှာ အမေရိကန်နှစ်ခြင်းသာသနာပြုများကပြင်ဆင်ပေးခဲ့သောကွန်ယက်ဖြစ်သည်။ ဗြိတိသျှ ကိုလိုနီတို့၏လုပ်ငန်းများ နှင့် အမေရိကန် သာသနာပြုများ၏ကွန်ယက်များ၊ သူတို့ရည်မှန်းချက်များ မှာကဏ္ဍအတော်များများတွင်ထပ်တူဖြစ်နေသော်လည်းမြန်မာပြည်သားတို့၏အတွေ့အကြုံများကို ကိုလိုနီမူဘောင်အတွင်း၌သာရှိသည်ဟုအမြဲတစေမယူဆနိုင်ကြောင်းအထက်ဖော်ပြပါအကြောင်းအရာများကသက်သေထူနေသည်။[27]

    ကရင်နှစ်ခြင်းခရစ်ယာန်ဘာသာဝင်များ၏ အမေရိကန်ခရီးစဉ် ကသူတို့၏ရွေ့လျားသွားလာနိုင်မှုကိုသက်သေထူပြီးနောက်ကိုလိုနီနယ်မြေအတွင်းဥရောပသားမဟုတ်သူများသည်ခေတ်မီဗဟုသုတများဆောင်ကြဉ်းလာမည့်အနောက်နိုင်ငံသားတို့ရောက်ရှိလာသည်ကို မတုန်မလှုပ်စောင့်မျှော်နေသည့်၊ငြိမ်နေသည့်ပြည်သူများဖြစ်ကြောင်းအဆိုပြုချက်ကိုမေးခွန်းထုတ်ရမည်ဖြစ်သည်။နည်းလမ်းအသွယ်သွယ်မှဖွင့်ပေးထားသည့်စိတ်ကူးများ၊အတွေးများနှင့်အတွေ့အကြုံများအမျိုးမျိုးရှိသည်။ဖြစ်နိုင်ခြေရှိသည့်လှုပ်ရှားတက်ကြွသောအပြန်အလှန်ဆက်ဆံရေး၊ ဥပမာ လူတို့ရွေ့လျားသွားလာခြင်းကိုပြန်ကြည့်လျှင် “ခေတ်မီအသိပညာ”ဆိုသည်ဟာဖြစ်ပေါ်လာသည့် ရပ်ဝန်းအတိုင်းအတာကိုပြန်လည်စဉ်းစားဖို့လိုအပ်ပါသည်။၁၉ရာစုတွင်သိပ္ဗွံဆိုင်ရာအသိပညာဖန်တီးခြင်းမှာတဖက်သတ် သို့မဟုတ် အနောက်နိုင်ငံကချည်းသာဖြစ်ပေါ်လာသည်မဟုတ်၊ သို့သော်အပြန်အလှန် မျှဝေသည့်ဖြစ်စဉ်တစ်ခုသာဖြစ်သည်။(Raina 2013[28] ပညာရှင်များ‌အရင်ယူဆခဲ့သလို မြန်မာပြည်ဖွားများသည်အများက ကိုလိုနီပိုင်နက်အတွင်းတွင်သာ ကန့်သတ်ခံနေရသည်မဟုတ်ပဲ ပို ၍ ပင်လွယ်ကူစွာရွေ့လျားသွားလာကြသူများဖြစ်ပေသည်။

    နောက်ဆုံးအနေနှင့် ၊ကရင်နှစ်ခြင်းခရစ်ယာန်များအဓိပ္ဗါယ်ဖွင့်ပုံအရ ခေတ်မီ လောကီပညာ များကိုနားလည်ခြင်းတစ်ခုတည်းက သိပ္ဗံနည်းပညာဆိုင်ရာအမြင်မဟုတ်ကြောင်း  ကျွန်ုပ်တို့အားပြောပြနေသည်။ ထိုအချိန်ကဥရောပ-အမေရိကန် လူမျိုးတို့အတွက် သိပ္ဗံဆိုင်ရာတိုးတက်မှုသည် လူ့ယဉ်ကျေးမှုတိုးတက်လာခြင်းနှင့် ကြီးကျယ်မြင့်မြတ် မှုတို့၏အမှတ်အသားဖြစ်သည်။သို့သော်ကရင်နှစ်ခြင်းခရစ်ယာန်တို့အမြင်တွင် ဘုရား သခင်၏ဂုဏ်ကျေးဇူး ကိုလူ့လောကတွင်ပြသသည့်သက်သေခံချက်ပင်ဖြစ်သည်။ပညာရှင် များ၏ဆွေးနွေး ချက်မျာကိုပဲ့တင်ထပ်ပြီး အသိပညာညဏ်ဆိုသည်ဟာ  ကိုယ်တိုင်မျက်မြင်တွေ့ရှိသူများ သို့မဟုတ် လေ့လာသိရှိသူများ၏နားလည်ခြင်းကိုအခြေခံပြီး သူတို့၏စဉ်းစားတွေးခေါ်ရာမှဖြစ်ပေါ်လာရသည်ဟုအမြင်ကိုလိုက်လျှင်(Burke 2000Livingston 2005) ကရင်နှစ်ခြင်းခရစ်ယာန်များသည် အသစ်ဖြစ်သော၊ပုံစံပြောင်းလဲလာသောအရှိအကြောင်းကိုသူတို့မြင်ကွင်းမှတဆင့်မိမိဗဟုသုတများဖန်တီးနေခြင်းသာဖြစ်သည်ဟုယူဆလို့ရသည်။ဤဖြစ်စဉ်တွင်သူတို့မကြာမီကဆည်းပူးရယူခဲ့သည့်ခရစ်ယာန်ကမ္ဘ့ာအမြင်ကသဘာဝတရားနှင့်လူသားစွမ်းရည်ကိုကျော်လွန်သည့် ဉာဏ်ပညာအသစ်အကြောင်နားလည်စေရန်အထောက်အကူပေးဖို့ဖြစ်တန်ရာသည်။

    Hitomi Fujimura သည် အိုဆာကာတက္ကသိုလ်မှ ပါရဂူဘွဲ့လွန် ပညာရှင်ဖြစ်သည်။ လက်ရှိတွင် သူမသည်ကနေဒါ နိုင်ငံ ယော့ခ် တက္ကသိုလ် တွင် ပါရဂူဘွဲ့လွန်ပညာရှင်အဖြစ်လေ့လာနေသည်။ ၂၀၁၄ မှ ၂၀၁၆ အထိ မြန်မာနိုင်ငံတွင် ၂နှစ်ခန့် ကွင်းဆင်းလေ့လာ ပြီးနောက် ၂၀၁၉  ခုနှစ်တွင် ပါရဂူ ဘွဲ့ရရှိခဲ့သည်။ သူမ၏ ပြုစုရေးသားချက်တွင် ကရင် လူမျိုးဘာသာပြောင်းလာသူများ၏အတွေ့အကြုံများနှင့်သူတို့အခန်းကဏ္ဍများ ၊အထူးသဖြင့်နှစ်ခြင်းခရစ်ယာန်ပညာတတ်များ သူတို့၏သာသနာပြုလုပ်ငန်း နှင့် နိုင်ငံရေးဆောင်ရွက်ချက်များ ကို ပြန်လည်ဆင်ခြင်သုံးသပ်ထားသည်။ သူမ၏သုတေသန ပြုချက်များတွင် ပြည်တွင်း နှစ်ခြင်းခရစ်ယာန် များ၏ ကိုလိုနီခေတ်မြန်မာပြည် တွင်လှုပ်ရှားဆောင်ရွက်မှုများ နှင့် မြန်မာနိုင်ငံ ခရစ်ယာန် သမိုင်းအထွေထွေ ပါဝင်ခဲ့သည်။ ယခုဆောင်းပါးကိုလဘက်ရည်ဝိုင်း ဘာသာပြန် အဖွဲ့မှ မြန်မာဘာသာသို့ပြန်ဆိုပါသည်။

    [1] Shoay Doon, Maung 1836 Journal of a Visit to Calcutta in the Year 1835. Maulmein: Free School Press, p.21
    [2] စကော ကရင်သည် မြန်မာပြည်တွင် ပြောဆိုသည့်ကရင်နီ ဘာသာစကားများထဲမှတခုဖြစ်သည်။ ကရင်နီဘာသာ ဒါဇင်ပေါင်းများစွာရှိသည့်အနက် စကောကရင် သည်ပြောဆိုသူအများဆုံးဖြစ်သည်။
    [3] မယုံနိုင်လောက်အောင်ဗဟုသုတကြွယ်ဝသောကရင်နှစ်ခြင်းခရစ်ယာန်ဆရာ‌‌ဂွေါထူးကိုသူ၏တန်ဖိုးကြီးပြီး ရှေးအကျဆုံးဆာထူးဂေါ် မိတ္တူကို ပြသသည့်အတွက် ကျေးဇူးတင်ကြောင်းပြောလိုပါသည်။
    [4] ၁၈၄၀ ပြည့်နှစ်များအတွင်းထုတ်ဝေသည့်စာစောင်များကို Cornell and Berkeley တွင်ထားရှိပါသည်၊ သို့သော်သိပ်မစုံလင်ပါ။ Mercer Universityက ၁၈၅၀ပြည့်နှစ်များမှ ၁၉ ၄၀ပြည့်နှစ်များအတွင်းအမေရိကန် နှစ်ခြင်းခရစ်ယာန် သမိုင်းအသင်း၏ထောက်ပံ့ချက်ဖြင့်အခြားထုတ်ဝေသည့်စာစောင်များကိုအခမဲ့အွန်လိုင်းကြည့်ရှုနိုင်ရန်ပေးထားပါသည်။
    [5] သူ၏အမည်ကိုလက်ရေးမူတွင် “ခွန်လတ်”အဖြစ်စာလုံးပေါင်းထားသော်လည်း တသမတ်တည်းမကျခြင်းမှာဘာသာစကားကွာခြားမှုတွင်“ခွန်လတ်” စာလုံးပေါင်းသည် ပိုးကရင်အသံထွက်ကိုအခြေခံထားသောကြောင့်ဖြစ်သည်။
    [6] Beever, Raymond 1963 “History of Baptist Work among the Pwo Karens of Burma” Manuscript in type, stored by American Baptist Historical Society (2666 qB38)
    [7] Hsa Too Gaw 1893, Vol52, No9, p137
    [8] ပထမ ဇတ်လမ်းက ၁၈၄၉  ဖေဖေါ်ဝါရီလတွင် ဖော်ပြခံရပြီး ဒုတိယ၊တတိယ တို့ကို မတ်လတွင်ဖော်ပြခဲ့သည်။ စတုတ္တနှင့်ပဉ္စမ တို့မှာဧပြီလ ထုတ်စာစောင်တွင်ပါဝင်ခဲ့။
    [9] Hsa Too Gaw 1849, p318
    [10] Ibid
    [11] Hsa Too Gaw 1849, pp318-9
    [12] “မယ်ဦး”သည် နောက်ထပ် ကရင်စကားလုံး “မယ်” (မီး)နှင့်အဓိပ္ဗါယ်တူသည်။ ဗမာစကားလုံး “မီး”မှဆင်းသက်လာသည်။ (Wade 1849 A Vocabulary of the Sgau Karen Language Tavoy: Karen Mission Press, pp 847-8) ၁၈၃၀ပြည့်နှစ် ၁၈၄၀ ပြည့်နှစ်များတွင် ဗမာအသုံးအနှုန်း “မီး” ကို ရေနွေးငွေ့စက်၊မီးသင်္ဘောတို့ကိုပြောဆိုရာတွင် စတင်သုံးစွဲလာသည်။ ကိုလယ်၏စကောကရင်အခေါ်အဝေါ်တွင်လည်း အလားတူဖြစ်ပေလိမ့်မည်ဟုယူဆသည်။ (Baptist Missionary Magazine 1836, p285; Moulamyaine Damma Dhadinza 1843, p13)
    [13] Hsa Too Gaw 1849, p322
    [14] အင်္ဂလိပ် ခေါင်းစဉ် က ကိုလယ် ပေးသည် မဟုတ်နိုင်ချေ၊ထိုအချိန်က ဆာထူးဂေါ် အယ်ဒီတာ  အဖြစ်ဆောင်ရွက်သူ အမေရိကန် သာသနာပြုကပေးသည်ဖြစ်နိုင်သည်။ သတင်းစာတိုက်ထူထောင်သူ ဖရန်စစ်မေဆင် ဟုယူဆပါသည်။
    [15] ဆယ်မြူရယ်လ် မော့စ် နှင့် သူ့လုပ်ဖော်ကိုင်ဖက်များက သံလိုက် ကြေးနန်း စံနစ်ကို ၁၈၃၇ တွင်တီထွင်ခဲ့သည်။ ထိုစံနစ်သည် ၁၈၄၃ တွင် မြောက်အမေရိက တွင်အတော် ကျယ်ပြန့်စွာအသိအမှတ်ပြု ခဲ့ပြီး၁၈၄၄ တွင်အစောဆုံးစတင်အသုံးပြုခဲ့သည်။ (Bektas, 2001, p212)
    [16] ယင်းနာမည်များကို ဘာသာကူးပြောင်းလာသူကရင်တစ်ဦးမှဂျာနယ်တစ်ခုတွင်ရေးသားခဲ့ပြီး နှုတ်မှပြောသည့် ဓလေ့ကို ကရင် နှစ်ခြင်းခရစ်ယာန်တစ်ဦးက  စုဆောင်းမှတ်တမ်းတင်ပါသည်။ Hsa Too Gaw 1844, p.102; Sau Kau Too and Wade 1849 [2000], Thesaurus of Karen Knowledge Vol.3. Tavoy: Karen Mission Press., p.353).
    [17] ခရစ်ယာန်ဘာသာဘုရားသခင်ကို ကဆာယွာ သို့မဟုတ် ယွာ ဟုခေါ်သည်။ ကဆာ ဆိုသည်မှာ “အရှင်သခင်”
    သို့မဟုတ် “သခင်” ဖြစ်ပြီး ယွာ မှာ တန်ခိုးရှင်၊ထာဝရရှင်သန်သူ၊ စကြာဝဠာကိုဖန်တီးသူ၊လူသားများကိုစောင့်
    ရှောက်သူ (Kau Too and Wade 1850[2000], Thesaurus of Karen Knowledge Vol4 Tavoy: Karen Mission Press, 75)
    [18] Hsa Too Gaw 1849, p320
    [19] အမေရိကန် နိုင်ငံမှပြန်လာပြီး ၁၈၅၅ ခုဇန္နဝါရီ ၁၄ရက်တွင် ထောမူ သင်းအုပ်ဆရာအဖြစ် ခံယူပြီးသူ့လုပ်ငန်းများဆက်လက်
    ဆောင်ရွက်သည်။ (Hsa Too Gaw 1855, p187)
    [20] Hsa Too Gaw 1866, p58
    [21] တနေ့က သာသနာပြု Bixby, Whitaker, Rose နှင့် သူတို့၏ဇနီးများ၊ Mr Cross တို့ နှင့်လာခဲ့သုူ မြန်မာပြည်မှလက်ထောက်တစ်ဦး မော်လမြိုင် ကို Cape of Hope လမ်းကြောင်းမှတဆင့် ဇန္နဝါရီ ၁၇ ရက်တွင်ထွက်ခွာသွားသည်ဟု နှစ်ခြင်းသာသနာပြုမဂ္ဂဇင်းတွင်မှတ်ချက်ရေးသားထားသည်။ (The Missionary Magazine 1853, p94)
    [22] Hsa Too Gaw 1853, pp183-4
    [23] Ibid.
    [24] Hsa Too Gaw 1853, p, 185
    [25] Hsa Too Gaw 1854, p.57-8
    [26] Ibid, p. 58-9
    [27]ကိုလိုနီနယ်နိမိတ်အတွင်းမှာပင် ကိုလိုနီပြုခံထားရသည့် တိုင်းပြည်မှာတစုတစည်းတည်း ကြံ့ခိုင်စွာ ရှိသည်မဟုတ်ပေ။ အစိပ်စိပ်အပိုင်းပိုင်းဖြစ်နေပြီး အထူးသဖြင့် နယ်စပ်များတွင်ရှုပ်ထွေးသည့် ရပ်တည်ချက် မျိုးရှိသည်။ (Simpson 2021)
    [28] ၁၉  ရာစုနှစ်တောက်လျှောက် သိပ္ဗံပညာကို အဓိပ္ဗါယ်သတ်မှတ်ချက်မရှိခဲ့ပေ။  သိပ္ဗံပညာနှင့် ဘာသာရေးတို့မှာကြိမ်ဖန်များ စွာတသားတည်းဖြစ်သည်ဟု “ဘာသာရေးဆိုင်ရာဗေဒ”တွင် Sujit Sivasundaram   ကဖော်ပြခဲ့သည် (Sivasundaram 2011)